ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)
နမ့်စန်မြို့နယ်အတွင်းရှိ နမ့်စန်-မိုးနဲသွားလမ်းမကြီး ကတ္တရာလမ်း ၁၉.၅ မိုင်အနက် ဆောင်ရွက်ရန် ကျန်ရှိသော ကတ္တရာလမ်း ၁၆ မိုင်အား ဆောင်ရွက်ပေးနိုင်ပါရန် သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ နမ့်စန်မြို့နယ် အတွင်းရှိ နမ့်စန်-မိုးနဲ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လွိုင်စန့်ကျေးရွာ လမ်းခွဲမှ နေပြီး နားရိုင်းရွာမကြီးအထိ ကတ္တရာလမ်း ၁၉.၅ မိုင်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှနေပြီး ကျောက်ချောကတ္တရာ အဆင့်ဆင့်ဆောင်ရွက်ပေးခဲ့သည့် လမ်းမကြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ပေးသည့်အချိန်မှစပြီး နှစ်ပေါင်း ၁၀ နှစ် ကျော်ကြာသည့် အချိန် အထိ ၎င်းလမ်းပိုင်းကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း မဆောင်ရွက်ပေးနိုင်သည့်အချိန် ကြာသွားသည့်အတွက် လမ်းပိုင်းများသည် ကတ္တရာလမ်းတွေ နိမ့်ကျသွားပြီး တချို့လမ်းပိုင်းများဆို ချိုင့်ခွက်ကြီးများဖြစ်ပြီး ပျက်စီးနေသည်ကို တွေ့ရပါကြောင်း၊ ယခုလိုပျက်စီးနေသည်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၄-၂၅ ဘဏ္ဍာရေး နှစ် တွင် ကတ္တရာလမ်းတစ်မိုင်၊ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းကို ၀.၅ မိုင် ပြင်ဆင် ထိန်းသိမ်းခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းဒေသတွင်ရှိသည့် နားရိုင်းဌာနေ ပြည်သူ့စစ် အဖွဲ့မှလည်း တတ်နိုင်သည့်ဘက်မှ ကတ္တရာလမ်းနှစ်မိုင်ကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ပေးခဲ့သည့် အတွက် ကတ္တရာလမ်း ၃.၅ မိုင် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် ကတ္တရာလမ်း ၁၆ မိုင်မှ ပြင်ဆင်ထိန်းသိမ်းခြင်းဆောင်ရွက်ပေးရန် လိုအပ်နေပါသေးကြောင်း။
အထက်ဖော်ပြပါ လမ်းပိုင်းကို အသုံးပြုနေသည့် နတ်မြစ်ကျေးရွာအုပ်စု၊ ဟန်ဒါးကြီးကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာအုပ်စု ကျေးရွာအုပ်စု ၃ အုပ်စု၏ ကျေးရွာပေါင်း ၃၀ ကျော်နှင့် မောက်မယ်အစပ်မှာ ရှိသည့် ကျေးရွာများမှ ထွက်ရှိသည့် သီးနှံများကို ၎င်းလမ်းကို အားကိုးပြီး ကုန်သွယ်ရပါကြောင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ရသည့် အဓိကလမ်းပိုင်းလေးဖြစ်သည် ဆိုတာကို လည်း မိမိတို့ တွေ့ရှိရပါကြောင်း၊ ၎င်းဒေသမှာရှိသည့် ပြည်သူများသည် ထွက်ရှိသည့်ကုန်များ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အခြားလုပ်ငန်းကိစ္စအဝဝတွေဆောင်ရွက်သည့်အခါ ၎င်းလမ်းတစ်ခုတည်းကို ဦးစားပေးဆောင်ရွက်ရသည့်အတွက် ရာသီမရွေးသွားလာ နိုင်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးပါရန် ဆိုပြီး ဦးစားပေးတောင်းဆိုသည့်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကျန်ရှိနေသည့် ကတ္တရာလမ်းပိုင်း ၁၆ မိုင်အား နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးတိုးမြှင့်ဆောင်ရွက်ပေး နိုင်ပါရန် အစီအစဉ်အား သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး
နမ့်စန် - မိုးနဲသွားလမ်းမကြီး လွိုင်စန့်ရွာလမ်းခွဲမှ နားရိုင်းရွာဟောင်းလမ်းသည် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပြီး စုစုပေါင်းလမ်းအရှည်မှာ ၁၉ မိုင်၊ ၄ ဖာလုံ ရှိပြီး အဆိုပါလမ်းကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရရန်ပုံငွေမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၁၉ မိုင်၊ ၄ ဖာလုံနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၁၀ မိုင်၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၃ မိုင်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၃ မိုင်၊၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၁ မိုင်၊ ၄ ဖာလုံ၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၂ မိုင် စုစုပေါင်းကတ္တရာလမ်း ၁၉ မိုင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၀၄၃ အိမ်နှင့် လူဦးရေ ၄၈၈၂ ဦးတို့အား အကျိုးပြုပါကြောင်း။
အဆိုပါ ကျေးရွာချင်းဆက် ကတ္တရာလမ်း ၁၉ မိုင်၊ ၄ ဖာလုံပေါ်တွင် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းဖြစ်သည့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင်နှင့် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ၂ မိုင်၊ ၄ ဖာလုံ စုစုပေါင်း ကတ္တရာထပ်ပိုးလွှာ ၃ မိုင်၊ ၄ ဖာလုံ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ပြီး ကတ္တရာလမ်းပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန် ၁၆ မိုင်ကျန်ရှိရာ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာ ၃ ဖာလုံ ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေပါရှိပြီးဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ နမ့်စန်-မိုးနဲသွားလမ်းမကြီး လွိုင်စန့်ရွာလမ်းခွဲမှ နားရိုင်းရွာဟောင်းလမ်းပေါ်ရှိ ကတ္တရာလမ်း ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ပေးရန် ကျန်ရှိသည့်လမ်းပိုင်းများကိုလည်း လာမည့်ဘဏ္ဍာရေးနှစ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒုတိယဝန်ကြီးဖြေသွားသည့်အထဲတွင် ယခုလမ်းပိုင်းသည် နယ်စပ်ရေးရာဝန်ကြီး ဌာနမှဆောင်ရွက်ပေးသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ၃ မိုင် ဆောင်ရွက်ပေးသည်ဆိုသည်မှာ ၁ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန် ၂ မိုင်ကို နားရိုင်းပြည်သူ့စစ်ဌာနမှနေပြီး ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့သည့်လမ်းဖြစ်ပါ ကြောင်း၊ မိမိ ပထမကြားသည်မှာ ပြည်ထောင်စုက ၂ မိုင်ကျသည်ဟု ကြားသိသော်လည်း တကယ် လုပ်သည့် အချိန်တွင် ၁ မိုင်သာလုပ်သည်ကိုတွေ့ရပါကြောင်း၊ တစ်ဆက်တစ်စပ်တည်း သိလိုသည် မှာ ၎င်းလမ်းပိုင်းတွင် ၁၆ မိုင်ကျန်သည့်အခါ ရှမ်းပြည်နယ်အစိုးရ၏ ဘတ်ဂျက်တစ်ခုတည်းဖြင့်သာ ဆောင်ရွက်မည်ဆိုပါက ၄ ဖာလုံလောက်ဆောင်ရွက်သည့်အခါ ၎င်းလမ်းပိုင်းပြီးဖို့ဆိုပါက နှစ်ပေါင်း ၁၅ နှစ်၊ ၂၀ နှစ် ကြာတာတောင် မပြီးနိုင်ပါကြောင်း၊ ရှေ့ကပေါက်လိုက်ပြင်လိုက်၊ ရှေ့ကပြင်လိုက် နောက်ကပေါက်လိုက်၊ နောက်ကပြင်လိုက်ဖာလိုက်၊ ပြင်လိုက်ပေါက်လိုက်၊ ပျက်လိုက်နှင့် သံသရာ လည် နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနကို ထပ်ဆင့်မေးခွန်းအနေဖြင့် မေးချင်သည်မှာ နှစ်စဉ်ဘဏ္ဍာရေးနှစ်ထဲတွင် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်အပြင် ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်ကို ထည့်သွင်းဆောင်ရွက်ပေး နိုင်ရန် အစီအစဉ်ရှိ/ မရှိကို သိလိုပါကြောင်း၊ ဘာကြောင့်မေးရသည်ဆိုတော့ ဒီမိုကရေစီ အစိုးရ ၂၀၁၀-၁၅၊ ၂၀၁၅-၂၀၂၀ နှစ်တုန်းကလည်း လမ်းပိုင်းများကို ပြည်နယ်အစိုးရက မိုင်ဘယ်လောက် ပြည်ထောင်စုဘတ်ဂျက်ကနေ မိုင်ဘယ် လောက် ဆိုတာ ငွေလုံးငွေရင်းတွင် ထည့်သွင်းပြီး ဆောင်ရွက်ပေးသည့်အတွက် လမ်းများ အမြန်ဆုံးပြီးပါကြောင်း၊ ထို့အတွက်ကြောင့် ၎င်းမေးခွန်းကို မေးရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဒုတိယဝန်ကြီးအား မိမိထပ်ဆင့်သိလိုသည်မှ ရှမ်းပြည်နယ်အစိုးရ၏ ဘတ်ဂျက်အပြင် ပြည်ထောင်စု၏ ငွေလုံးငွေရင်းဘတ်ဂျက်ထဲကပါ နှစ်စဉ်ထည့်သွင်းဆောင်ရွက်ပေးနိုင်သည့် အစီအစဉ်ရှိ/ မရှိကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းပါသည် ။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး က
တင်ပြပါလမ်းကြောင်းသည် ပြည်နယ်ရန်ပုံငွေသာမက လာမည့်ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်ရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေ နှစ်ပိုင်းဖြင့် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပြုလျာထားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။