ဦးဆင်ဆုန်း(ခေါင်လန်ဖူးမဲဆန္ဒနယ်)
ခေါင်လန်ဖူးမြို့နယ်၊ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါနှင့် အဘွမ်ထန် လမ်းပိုင်း ၃၅ မိုင်မှ ကျန်ရှိသော လမ်းပိုင်း ၂၁ မိုင်အား ဆက်လက်ဖောက်လုပ်ရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ခေါင်လန်ဖူး မြို့နယ်သည် နာမည်နှင့်အညီ အလွန်ခေါင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သောကြောင့် ဒေသဖွံ့ဖြိုးမှု အလွန်နောက်ကျသောမြို့နယ်ဖြစ်သဖြင့် ဖွံ့ဖြိုးမှုအတွက် အခြေခံဖြစ် သော ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ဆောင်ရွက်မြှင့်တင်ပေးရန် အရေးကြီးသကဲ့သို့ သွားလာဆက်သွယ်ရေး လွယ်ကူစေရန် လမ်းတံတားတည်ဆောက်ပေးရန်လည်း အလွန်အရေးကြီး သော ဒေသဖြစ်ပါကြောင်း၊ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါ-အဘွမ်ထန်လမ်းပိုင်းသည် ၃၅ မိုင်ဝေးပြီး လူဦးရေများသော နယ်စပ်ဘက်တွင်အခြေတည်သော ဒါလန်ကျေးရွာအုပ်စု၊ လားတားကော်ကျေးရွာ အုပ်စုနှင့် ရနင်ထီကျေးရွာအုပ်စုအချင်းချင်း သွားလာဆက်သွယ်ပြီး ခေါင်လန်ဖူးမြို့သို့ ဆက်လက် ဆက်သွယ်သွားလာရသော လမ်းပိုင်းဖြစ်ပါကြောင်း၊ ဤလမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဂွေဇ ဘက်မှ စတင်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၂ မိုင်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၉ မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ၃ မိုင်၊ စုစုပေါင်း ၁၄ မိုင်ကို မြေသားလမ်းအဖြစ် ဖောက်လုပ်ပြီးစီးခဲ့ရာတွင် အကြောင်းအမျိုးမျိုး ကြောင့် ခေတ္တရပ်နားထားသည်ကို တွေ့မြင်ရပါကြောင်း။
သို့ဖြစ်ရာ ကျန်ရှိသောလမ်းပိုင်း ၂၁ မိုင်ကို ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်လျာထား ဖောက်လုပ်ပေးခြင်းဖြင့် နယ်စပ်ဘက်ရှိ ကျေးရွာအုပ်စုများမှ ခေါင်လန်ဖူးမြို့သို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသ၌စိုက်ပျိုးထားသော ဟင်းခတ်အမွှေးကြိုင်စော်ကော စေ့များ သယ်ဆောင်ရာတွင်လည်း လွယ်ကူလျင်မြန်မည် ဖြစ်ပါကြောင်း၊ ဒေသနေပြည်သူများသည် လည်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖောက်လုပ်လက်စ လမ်းပိုင်းအဆက်အား လမ်းပိုင်းဂိတ်ဆုံး မှတ်တိုင်အထိ ဆက်လက် ဖောက်လုပ်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်နေသော အချိန်အခါ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါ-အဘွမ်ထန် လမ်းပိုင်း ၃၅ မိုင်မှ ကျန်ရှိသော ၂၁ မိုင်အား ဘဏ္ဍာရေးနှစ်အလိုက် လျာထားပြီး ဆက်လက်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က
ခေါင်လန်ဖူးမြို့နယ်၊ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါနှင့် အဘွမ်ထန် လမ်းပိုင်း ၃၅ မိုင် အနက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားလမ်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၂ မိုင်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၉ မိုင်၊ ၂၀၁၈ ပထမ ၆ လပတ်တွင် ၂ မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၁ မိုင်၊ စုစုပေါင်း ၁၄ မိုင် အထိဆောင်ရွက်ခဲ့ပြီး ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၅၄၂ အိမ်၊ လူဦးရေ ၃,၅၀၈ ဦးတို့ကို အကျိုးပြုကြောင်း၊ အဆိုပါလမ်းပိုင်းသို့ ဆက်သွယ်ထား သည့် ခေါင်လန်ဖူး-ဆရမ်ဖာလမ်း ၁၂ မိုင်၊ ၄ ဖာလုံသည် မိမိဝန်ကြီးဌာနမှ ဖောက်လုပ် လျက်ရှိသည့် လမ်းပိုင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ၇ မိုင်၊ ၄ ဖာလုံ ဖောက်လုပ်ခဲ့ပြီး ဖောက်လုပ်ရန် ၅ မိုင် ကျန်ရှိသည့်အတွက် ခေါင်လန်ဖူး-ဆရမ်ဖာလမ်းပိုင်း ပြီးစီး အောင် ဖောက်လုပ်ပြီးမှသာ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါနှင့် အဘွမ်ထန်လမ်းပိုင်းကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းသည် လုံခြုံ ရေးအခြေအနေအရ စက်သုံးဆီနှင့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင် ရန်အတွက် ကန့်သတ်ချက်များရှိပါကြောင်း။
သို့ဖြစ်ပါ၍ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါနှင့် အဘွမ်ထန်လမ်းပိုင်း ၃၅ မိုင်မှ ကျန်ရှိသည့် ၂၁ မိုင်ကို ခေါင်လန်ဖူး-ဆရမ်ဖာလမ်းပိုင်း ဖောက်လုပ်ပြီးချိန်နှင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း လုံခြုံရေးကောင်းမွန်ပြီး စက်သုံးဆီနှင့် လုပ်ငန်းသုံးပစ္စည်းများ လွယ်ကူစွာ ပို့ဆောင်နိုင်သည့် အချိန်တို့တွင် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ သင့်လျော်သော ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။