ဒေါ်နန်းသန်းသန်းမွှေး (မိုင်းကိုင်မဲဆန္ဒနယ်)
မိုင်းကိုင်မြို့နယ်တွင် ကျောင်းပေါင်း ၁၉ ကျောင်းမှ ဆရာ ဆရာမများလစ်လပ်နေခြင်း၊ ဆရာ ၁ ဦး တည်းသာ တာဝန်ထမ်းဆောင်နေရခြင်းများကြောင့် လစ်လပ်နေသောနေရာများကို အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးတွင် ပညာရေးကဏ္ဍအတွက် ပညာရေးဝန်ထမ်းများ မလုံ လောက်မှုနှင့် စစ်ဖြစ်ပွားခဲ့သော ဒေသမြို့ရွာများရှိ ကျောင်းနေအရွယ် ကလေးသူငယ်များ၏ ပညာရေး နှောင့်နှေးမှုကို ပြန်လည်ကုစားရန်အတွက် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ဥပမာ မိုင်းကိုင်မြို့နယ်တွင် အ-မ-ကကျောင်း ၄ ကျောင်း၊ အ-မ-က (ခွဲ) ကျောင်း ၁၅ ကျောင်းတို့မှ ဆရာ ဆရာမများ လုံးဝလစ်လပ်နေခြင်း၊ အ-မ-ကကျောင်း၊ အ-မ-က (ခွဲ) ကျောင်း၊ မူလွန်ကျောင်း စုစုပေါင်း ၄၆ ကျောင်းမှ ဆရာတစ်ဦးတည်းသင်ကြားရေးပိုင်း တာဝန်ထမ်းဆောင်နေရခြင်း၊ ထိုကဲ့သို့ လစ်လပ်နေ သော တာဝန်နေရာများကို ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်နေပါကြောင်း။
အလားတူ ကျေးသီးမြို့နယ်တွင်လည်း ကျောင်းပေါင်း ၉၇ ကျောင်း၊ ဇီးရိုးကျောင်း ၂၀ ကျောင်း၊ ဆရာတစ်ဦးတည်းကျောင်း ၃၆ ကျောင်းနှင့် တခြားကျောင်းများလည်း အပြည့်အဝ ခန့်ထားနိုင်ခြင်း မရှိသေးကြောင်း၊ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ပုဒ်မ ၃၆၆၊ ပုဒ်မခွဲ(က) နိုင်ငံသားတိုင်း သည် ပညာသင်ကြားပိုင်ခွင့်ရှိရမည်ဆိုသည့်အတိုင်း ၎င်းပြဿနာများကို ဖြေရှင်းပေးရန် တင်ပြ လိုပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာ ဆရာမများ လစ်လပ်နေသောနေရာများကို အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင် နှစ်အတွင်း ဆရာ ဆရာမများ လစ်လပ်နေသည့် အ-မ-က ၄ ကျောင်းနှင့် အ-မ-က (ခွဲ) ၁၅ ကျောင်း စုစုပေါင်း ၁၉ ကျောင်းရှိပြီး ထိုကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ များ သင်ကြားသင်ယူမှု မဆုံးရှုံးနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ ကျောင်းအုပ်စုအလိုက် ဆရာ အင်အားပြည့်မီသည့် ကျောင်းများမှ ဆရာ ဆရာမများကို အဆိုပါကျောင်းများတွင် တွဲဖက်သင်ကြား ရန်အတွက် လက်ရှိဆောင်ရွက်ထားပါကြောင်းနှင့် မိုင်းကိုင်မြို့နယ်အပါအဝင် အခြားသောနေရာ ဒေသ အသီးသီးတွင် ဆရာလစ်လပ်လျက်ရှိနေသည့် ကျောင်းများအတွက်လည်း ဆရာ ဆရာမများ တွဲဖက်ထမ်းဆောင်စေခြင်းအပါအဝင် ကျောင်းနေအရွယ်ကလေးသူငယ်များ၏ ပညာသင်ကြားမှု နှောင့်နှေးမှုမရှိစေရေးအတွက် ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းဆင်းဆရာ ဆရာမများ သတ်မှတ်ထားသည့်မူနှင့်အညီ လစ်လပ်နေရာများတွင် ဖြည့်ဆည်းခန့်ထားပေးမှုများ ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်းနှင့် ရာထူးတိုး၊ ပြောင်းကိစ္စများ ဆောင်ရွက်သည့်အချိန်တွင်လည်း ထို ဒေသများတွင် ပါဝင်ထမ်းဆောင်လိုကြောင်း လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားဆောင်ရွက် နိုင်ရေး ပြုလုပ်သွားမည်ဖြစ်ပြီး ထိုဒေသများတွင် ပြန်လည်ထမ်းဆောင်လိုသူများ ရှိပါကလည်း စုစည်းပေးပို့နိုင်ပါကြောင်းနှင့် ခန့်ထားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။