နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေး‌ဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ (၃၀-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(စ)- ဒေါ်ခင်သန်းမြင့်(ငပုတောမဲဆန္ဒနယ်)-မေးခွန်း

2026-06-30
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ခင်သန်းမြင့်(ငပုတောမဲဆန္ဒနယ်)
မြန်မာနိုင်ငံအနှံ့ ကျေးလက်ကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ ဆရာမများ အတွက် လုံခြုံစိတ်ချရသော ဝန်ထမ်းအိမ်ရာများ နှစ်အလိုက်စီမံကိန်းချ၍ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံအတွင်းတွင် မြို့နယ်များ၏ ကျေးရွာအုပ်စု၊ ကျေးရွာခွဲများအထိ နေထိုင်နေကြသည့် ပြည်သူများ၏ သားသမီးများအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်နိုင်ရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြား ပေးလျက်ရှိပါကြောင်း၊ ထိုကျောင်းများတွင် ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဆရာ ဆရာမများအား နိုင်ငံတော် မှ လေ့ကျင့်သင်ကြားပေးပြီး တာဝန်များ ခွဲဝေချထား ထမ်းဆောင်စေခဲ့ပါကြောင်း၊ တာဝန်ကျဆရာ ဆရာမများသည် မိမိတို့တာဝန်ကျသည့် ကျေးရွာများကို ရောက်ရှိသည့်အခါ တချို့နေရာများသည် ပြေလည်မှုရှိသလို တချို့နေရာများတွင် အခက်အခဲများရှိပါကြောင်း၊ တချို့ကျေးရွာများတွင် လုံခြုံမှုရှိ သည့် နေရာဖြစ်သလို၊ တချို့ကျေးရွာများတွင်လည်း လုံခြုံမှုမရှိသည့် နေရာများ တွေ့နေကြပါကြောင်း၊ တာဝန်ကျဝန်ထမ်းသည် မိမိတာဝန်ကျရာနေရာတွင် လုံခြုံမှုမရှိ၍ တာဝန်ထမ်းဆောင်ရန် ပျက်ကွက် သည့်အခါ ထိုဒေသရှိ ကျောင်းသူ ကျောင်းသားများသည် ပညာသင်ကြားခွင့် ဆုံးရှုံးပြီး ပညာရေးနိမ့်ပါး မှုများနှင့် တွေ့ကြုံကြရပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်လူငယ်များ ပေါ်ထွန်း လာရေးအတွက် မြို့ကြီးရှိ ကလေးများသာမက၊ ကျေးလက်နေ ကလေးများ၏အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့နေလူဦးရေထက် ကျေးလက်နေ လူဦးရေက ပိုပြီးများပြားပါကြောင်း။

မိမိတို့နိုင်ငံထဲတွင် ဆရာ ဆရာမမရှိ၍ စာမသင်ရသည့် ကျောင်းသူကျောင်းသားများ၊ ဆရာ တစ်ဦး၊ နှစ်ဦးထဲရှိပြီး အတန်းအားလုံးကို ပြေးလွှားပြီးသင်ကြားနေရသည့် ကျောင်းများလည်း အများ အပြားရှိနေပါကြောင်း၊ တာဝန်ကျဆရာ ဆရာမမျာသည် သင်တန်းဆင်းပြီး တာဝန်ကျရာနေရာသို့ ရောက်ရှိသည့်အခါ အဆင်မပြေမှုများ၊ လုံခြုံမှုများ မရှိသည့်အတွက် ၎င်းတို့၏မိဘများမှ လုပ်ငန်းခွင် မဝင်ခိုင်းဘဲ ပြန်သွားခြင်းလည်း ရှိပါကြောင်း၊ ထိုအချိန်တွင် နစ်နာသူသည် ကျေးလက်ရှိ ကလေးများ ဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီသည့် ကျေးလက်များရှိ ကျောင်းများတွင် သင်ကြားရသည့် ဆရာ ဆရာမ များအတွက် လုံခြုံစိတ်ချရသည့် နေရာထိုင်ခင်းများရှိမည်ဆိုပါက တာဝန်ကျ ဆရာ ဆရာမများနှင့် မိဘများမှလည်း စိတ်ချမ်းသာစွာ တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရေးအတွက် ကျေးလက်နေအနာဂတ်ကလေးများ ပညာတတ် များဖြစ်လာစေရန်အတွက် သင်ကြားပြသပေးမယ့် ဆရာဆရာမများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်၊ ဝန်ထမ်းအိမ်ရာအဆောက်အဦများအား မြန်မာနိုင်ငံအတွင်းတွင် နှစ်စဉ်ရန်ပုံငွေများ ခွဲဝေလျာထားပြီး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

မိမိတို့ဆီတွင် အခြေခံပညာဦးစီးဌာန၌ အထက်တန်းကျောင်းပေါင်း ၆,၄၈၀ ကျောင်း၊ အလယ် တန်းကျောင်းပေါင်း ၁၅,၇၃၂ ကျောင်းနှင့် မူလတန်းကျောင်းပေါင်း ၂၅,၆၄၁ ကျောင်း စုစုပေါင်း စာသင် ကျောင်းပေါင်း ၄၇,၈၅၃ ကျောင်းရှိပါကြောင်း၊ အထက်တန်းပြဆရာ ဆရာမဦးရေအနေဖြင့် လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အထက်တန်းပြ ၄၇,၂၁၄ ဦးနှင့် အလယ်တန်းပြ ၇၁,၈၈၃ ဦး၊ မူလ တန်းပြ ၁၈၈,၈၁၇ ဦး စုစုပေါင်း ၃၀၇,၉၁၄ ဦးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံကျောင်း၊ ရုံးအဆောက်အဦများတွင် ဝန်ထမ်းအိမ်ရာများကို  နှစ်စဉ်တင်ပြ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးအလိုက် အဆောက်အဦ ၃၂ လုံးကို ၅၅၈၂.၉၆၃ သန်းနှင့် ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအလိုက် အရေအတွက် ၃၅ လုံးကို တန်ဖိုး ၆၈၂၃.၉၅၀ သန်း ခွင့်ပြုရန်ပုံငွေ ချထားပြီးဖြစ်သည့်အတွက် ဝန်ထမ်းအိမ်ရာများကို စီစဉ်ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လက်တွေ့မြေပြင် အခြေအနေ လိုအပ်ချက်များကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သေချာစိစစ်စေပြီး တိုင်းဒေသကြီး၊ ပြည်နယ် ဦးစားပေးအစီအစဉ်များအရ ဆက်လက်လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။