ဦးတေဇကျော်(အောင်မြေသာစံမဲဆန္ဒနယ်)
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အ.မ.က(၁၆) အမည်ပေါက် နှစ် ၃၀ ဂရန်မြေ ပေါ်တွင် ရပ်ကွက်လမ်းအဖြစ်အသုံးပြုနေမှုအား ဆက်လက်အသုံးပြုမည်ဆိုပါက ကျောင်းမြေ နေရာကို ဂရန်မြေအဖြစ်သတ်မှတ်ပေးရန်နှင့် မြို့အင်္ဂါရပ်နှင့်ညီသော ကျောင်းအဆောက်အဦများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အ.မ.က(၁၆)သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံ မြို့နယ်၊ ၁၄ လမ်းနှင့် ၈၇ လမ်းထောင့်အကွက် အမှတ် ၇၇ ပြည်ကြီးရန်လုံရပ်ကွက်တွင် တည်ရှိ ပါကြောင်း၊ လက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမ ၆ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၇ ဦးကို ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုလို ပညာသင်ကြားပေးနေသည့် အ.မ.က(၁၆)၏ လက်ရှိကျောင်းမြေနေရာသည် မန္တလေးမြို့တော် စည်ပင်သာယာရေးဌာနပိုင်မြေ ဖြစ်ပြီး အ.မ.က(၁၆) ကျောင်းအမည်ပေါက်နှင့် နှစ် ၃၀ ဂရန်မြေရရှိထားသည့်နေရာသည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက် ၁၁ လမ်းနှင့် ၁၂ လမ်းကြား၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြား ဦးပိုင်အမှတ် ၉/ဈ အလျား ၁၈၅ ပေ အနံ ၄၃ ပေ မြေနေရာဖြစ်ပါကြောင်း၊ ထိုမြေနေရာ ကို ၂၀၀၂ ခုနှစ်တွ၍ ရရှိထားခဲ့ပြီး ယခုအချိန်တွင် ၂၄ နှစ်ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျောင်းပိုင် မြေနေရာကိုဖြတ်၍ ရပ်ကွက်လမ်းအဖြစ်၂၀၁၇ ခုနှစ်တွင် မြေသားလမ်း စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကတ္တရာလမ်းဖောက်လုပ်သည့်အတွက် ကျောင်းဆောက်လုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊ စာသင်ကျောင်းဂရန်သည် မျက်နှာစာ ၄၃ ပေဖြစ်ပြီး လမ်းကို ၃ ပုံ ၂ ပုံ ယူထားပါကြောင်း၊ ထိုနေရာ တွင် အဆောက်အဦဆောက်မည်ဆိုလျှင် တစ်ဖက်တွ၍် လက်ဖက်ရည်ဆိုင်ရှိပြီး ၂၆ ပေသာ အကျယ်အဝန်းကျန်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိ အ.မ.က(၁၆) ကျောင်းဆောင်များသည် ၁၉၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ထရံကာပျဉ်ခင်းနှစ်ထပ် ပင်မဆောင် ၁ ဆောင်၊ ၁၉၇၂ ခုနှစ် တွင် ဆောက်လုပ်ခဲ့သည့် သွပ်မိုးထရံကာ အုတ်ခင်းတစ်ထပ် ကျောင်းဆောင် ၁ ဆောင်နှင့် စာသင်ကြားလာခဲ့တဲ့နေရာမှာ စာသင်ဆောင်များ၏ သက်တမ်းသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့် ခဲ့ပြီး လက်ရှိတွင် ကျောင်းစာသင်ဆောင်များသည် ထရံများ ဆွေးမြည့်ပေါက်ပြဲနေခြင်း၊ အခင်းများ ခြစား၍ ပြုတ်နေခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများကို ဘေးကင်းစေရန် ၂၀၂၅ ခုနှစ်တွင် စေတနာရှင် အလှူရှင်ကျောင်းသားမိဘများမှ မူလစာသင်ဆောင်များဘေး၌ အဖီဆွဲ၍ ယာယီအဆောင်တစ်ဆောင် ဆောက်လုပ်၍ ပညာသင်ကြား ပေးလျက်ရှိပါကြောင်း။
စာသင်ကျောင်းအပေါ်ထပ်သည် စာသင်ကြားလို့မရပါကြောင်း၊ ထို့အပြင် စာသင် ကျောင်းဆောင် အမိုးများပေါ်တွင်လည်း လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းထားရှိခြင်း၊ ခြံစည်း ရိုးများ လုံခြုံမှုမရှိသည့်အပြင် ကျောင်းဥပဓိရုပ်လည်း မကောင်းသည့်အတွက် မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပြီး ဓာတ်အားလိုင်းကြိုးများဟာ 11 KV ဖြစ်သည့်အတွက် လက်ရှိ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အန္တရာယ်ရှိကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိ အ.မ.က(၁၆) အမည်ပေါက်နှင့် နှစ် ၃၀ ဂရန်ရရှိထားပြီးဖြစ်သည့် ဂရန်မြေနေရာကို ရပ်ကွက်လမ်းအဖြစ် အသုံးပြုနေမှုကို ဆက်လက်အသုံးပြုမည်ဆိုလျှင် မန္တလေး မြို့တော်စည်ပင်သာယာရေးဌာနပိုင်မြေဖြစ်သည့် လက်ရှိကျောင်းမြေနေရာကို ဂရန်မြေအဖြစ် သတ်မှတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုပေးနိုင်ပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လက်ရှိ ကျောင်းအဆောက်အဦများအစား မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီသည့် ၃ ထပ်ကျောင်းဆောင် အဆောက်အဦနှင့် ခြံစည်းရိုးများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ် ၁၄လမ်း×၈၇လမ်းထောင့်အကွက် ၇၇ ပြည်ကြီးရန်လုံရပ်ကွက် တွင် တည်ရှိပါကြောင်း၊ ယခုလက်ရှိ သင်ကြားလျက်ရှိသည့်မြေသည် မန္တလေးမြို့တော် စည်ပင် သာယာပိုင်မြေဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့်ကျောင်းဖြစ်ပါကြောင်း၊ အကျယ်အဝန်း အားဖြင့် အလျား ၁၀၆ ပေ၊ အနံ ၃၆ ပေသာရှိပါကြောင်း၊ အမှတ် (၁၆) အခြေခံပညာမူလတန်း ကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားသည့် စာရင်းအရ KG ၁၀ ဦး၊ G-1 ၂၂ ဦး ၊ G-2 ၁၆ ဦး ၊ G-3 ၂၀ ဦး၊ G-4 ၂၃ ဦးနှင့် G-5 ၂၄ ဦး၊ စုစုပေါင်း ၁၁၅ ဦးနှင့် ဆရာ၊ ဆရာမ ၆ ဦးနှင့် သင်ကြားရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းဆောင်အနေအထားမှာ ကိုယ်စား လှယ်ကြီး တင်ပြသွားသည့်အတိုင်း ၄၄ ပေ × ၂၂ ပေ နှစ်ထပ်ဆောင် ၁ ဆောင်နှင့် ၂၈ပေ ×၁၈ပေ တစ်ထပ်ဆောင် ၁ ဆောင်၊ စုစုပေါင်း စာသင်ခန်း ၆ ခန်းနှင့် သင်ကြားလျက်ရှိပါကြောင်း၊ လက်ရှိ ကျောင်းမြေနေရာသည် အလျား ၁၀၆ ပေ၊ အနံ ၃၆ ပေရှိပြီး မြေနေရာအားဖြင့်လည်း ကျဉ်းပါ ကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးပိုင် လမ်းမြေနေရာဖြစ်နေပါကြောင်း၊ လျှပ်စစ်ဓါတ် အား Main ကြိုးသည်လည်း ကျောင်းအလယ်ဗဟိုတွင် ဖြတ်သန်းနေတာမျိုးရှိနေပါကြောင်း၊ ပညာ ရေးဌာနပိုင်မြေမဟုတ်သည့်အတွက် ကျောင်းဆောင်ပြုပြင်ခြင်း၊ အသစ်ထပ်မံ ဆောက်လုပ်ခြင်းများ ပြုလုပ်ရန်အတွက် အခက်အခဲရှိနေပါကြောင်း။
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၁လမ်းနှင့် ၁၂ လမ်းကြား၊ ၈၇ x၈၈ လမ်းကြား၊ ဦးပိုင်အမှတ် (၉/ဈ) အလျား ၁၈၅ ပေ၊ အနံ ၄၃ ပေရှိတဲ့မြေနေရာဟာ အ.မ.က (၁၆) ကျောင်းအမည်ပေါက် နှစ် ၃၀ ဂရန်ရရှိထားသည့် မြေနေရာဖြစ်ပါကြောင်း၊ လက်ရှိအနေအထား အရ ရပ်ကွက်လမ်းမကျယ်အဖြစ် အသုံးပြုထားပါကြောင်း၊ အောင်မြေသာစံမြို့နယ် ပညာရေးရုံးမှ ၂၇-၈-၂၀၂၆ ရက်စွဲနှင့် ခြံစည်းရိုးကာရန်ခြင်း၊ အမှတ် ၁၆ ကျောင်းအမည်ပေါက် နှစ် ၃၀ ဂရန်ရရှိ ထားသည့် ၁၁ လမ်းနှင့် ၁၂ လမ်းကြား၊ ၈၇ x ၈၈ လမ်းကြား၊ ဦးပိုင် အမှတ် (၉/ဈ) အလျား ၁၈၅ ပေ၊ အနံ ၄၃ ပေ မြေနေရာကို ရပ်ကွက်လမ်းအဖြစ် အသုံးပြုထားသည့်အတွက် ကျောင်းဆောက် လုပ်နိုင်ရန် အခက်အခဲရှိနေသည့်အတွက် ခြံစည်းရိုးကာရံနိုင်ရေး မြေတိုင်းပေးပါရန် ဌာနမှူး၊ မြေယာဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို တင်ပြ ဆောင်ရွက်ထားခဲ့ပြီး ဖြစ်ပါကြောင်း။
ရပ်ကွက်လမ်းအဖြစ် အသုံးပြုထားသည့် ဌာနပိုင်မြေပေါ်တွင် ကျောင်းဆောင်အသစ်ဆောက်လုပ် ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါမြေကို ကနဦးခြံစည်းရိုးကာရံနိုင်ရန်အတွက် မြေတိုင်းတာခြင်း လုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ဆောင်ရွက်ပေးနိုင်မှုအခြေအနေ ဒါမှမဟုတ် လက်ရှိမြေနေရာကို ကျောင်းပိုင်မြေအဖြစ် သတ်မှတ် ပေးနိုင်မှုအခြေအနေကို ဆုံးဖြတ်အတည်ပြုပေးနိုင်ရန် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်သွားပါမည်၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ဌာနပိုင် (ကျောင်းပိုင်) မြေနေရာအဖြစ် သတ်မှတ်ထားသည့် မြေ နေရာရှိမှသာ အဆောက်အဦ ဆောက်လုပ်ခွင့်ရှိမည်ဖြစ်သည့်အတွက် ရပ်ကွက်လမ်းအဖြစ် အသုံးပြု လျက်ရှိသည့် ဌာနပိုင်မြေ သို့မဟုတ် လက်ရှိမြေနေရာကို အတည်ပြုချက်ရရှိပြီးလျှင် အနီးစပ်ဆုံး ဘတ်ဂျက်ရရှိမှုပေါ်မူတည်၍ မြို့အင်္ဂါရပ်နှင့်ညီသည့် ၃ ထပ်အဆောက်အဦ သို့မဟုတ် အဆောက် အဦ အကွက်ချပုံစံပေါ်မူတည်၍ ကျောင်းအဆောက်အဦကို ဘတ်ဂျက်လျာထားမှုအတိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။