ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်မဲဆန္ဒနယ်)
စဉ့်ကိုင်မြို့နယ် စော်ရဲမူလကတ္တရာလမ်းအား ၁၂ ပေမှ ၁၈ ပေ တိုးချဲ့ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်-ဖလံဗိုလ်-စော်ရဲလမ်းသည် ၆ မိုင်၊ ၂ ဖာလုံခန့်ရှိပြီး ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၅ မိုင်၊ ၆ ဖာလုံခန့်ထိ ခင်းထားပြီး ကတ္တရာခင်းရန် ၃ ဖာလုံခန့်ကျန်ရှိသော လမ်းနှင့်စပ်လျဉ်း၍ တင်ပြသွားမည်ဖြစ်ပါကြောင်း။
စဉ့်ကိုင်မြို့နယ် အနောက်ဘက်ခြမ်းဒေသ၊ စဉ့်ကိုင်-စော်ရဲလမ်းကို ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၅ ရွာ၊ လူဦးရေပေါင်း ၂၆၇၈၀ ဦးတို့ အဓိကထား၍ အသုံးပြုနေသော လမ်းမကြီးတစ်ခုဖြစ်ပါကြောင်း၊ စဉ့်ကိုင်မြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာရှိ ပရဟိတအသင်းများ၏ ကျန်းမာရေးအသုံးပြုယာဉ် အစီး ၃၀ ကျော်၏ အားကိုးရာလမ်းဖြစ်ခြင်း၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ စက်ရုံ၊ အလုပ်ရုံပေါများခြင်းကြောင့် အလုပ်သမားများ စက်ရုံသို့နေ့စဉ် အနည်းဆုံး ဖယ်ရီကား ၁၀ စီး ခန့်ဖြင့် အဆိုပါလမ်းမကြီးအား အသုံးပြု၍ အကြိုအပို့သွားလာနေရခြင်း၊ ကျောင်းသားကျောင်းသူ များ မှာလည်း စဉ့်ကိုင် အ.ထ.က သို့ ကျေးရွာခွဲ ၃၇ ရွာမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားစုစုပေါင်း ၇၇၅ ဦးတို့မှလည်း အဆိုပါလမ်းမကြီးကို အသုံးပြု၍ စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် အသုံးပြု၍ ပညာသင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါလမ်းမကြီးဘေးကပ်လျက်ရှိ ၁၈ တန်ဆန်စက် ၁၀ စက်၊ တန် ၆၀ ဆန်စက် တစ်ခု၊ အနောက်ဘက်ခြမ်းဒေသတွင် အသေးစား၊ အလတ်စား၊ MSMEs လုပ်ငန်းရှင် ၁၁ ဦးမှ ဆန်၊ စပါးလုပ်ငန်းများလည်း လည်ပတ်လုပ်ကိုင်လျက်ရှိပါ ကြောင်း၊ အဆိုပါဆန်စက်များတွင် ဝန်အားသုံးတွဲကားများဖြင့် နယ်ဆန်စပါးအပြင် အခြားနယ်များမှ ဆန်စပါးများပါ ဝယ်ယူကြိတ်ခွဲလျက်ရှိပါသဖြင့် မကြာခဏ လမ်းကျပ်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါလမ်းသည် ယခင်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း အုပ်ချုပ်မှုလမ်းအဖြစ် အသုံး ပြုခဲ့ပြီး စဉ့်ကိုင်မြို့နယ် အနောက်ဘက်ခြမ်း ဒေသတစ်ခုလုံး၏ အားကိုးရာမရှိမဖြစ် Main လမ်းမကြီး လည်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ ကြက်မွေးမြူရေးနှင့်ငါးမွေးမြူရေးလုပ်ကိုင်နေသူများသည်လည်း နေ့စဉ်ကားကြီး၊ ကားငယ်များဖြင့် ကြက်၊ ငါးများကို မန္တလေးသို့ နေ့စဉ်ပေးပို့လျက်ရှိပါကြောင်း၊ စဉ့်ကိုင်-ဖလံဗိုလ်-စော်ရဲလမ်းမကြီးကို ဗဟိုပြုပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာသီးနှံများကိုလည်း မိုးသီးနှံ ဧက ၁၇,၀၀၀ ကျော်၊ ဆောင်းသီးနှံ ၂၈၀၀၀ ကျော် စိုက်ပျိုးပြီး တောင်သူဦးကြီးများအတွက် လယ်ယာထွက်ကုန်များကိုလည်း သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများအတွက်ပါ အကျိုးရှိရှိ အသုံးပြုလျက်ရှိသော လမ်းမကြီးလည်းဖြစ်ပါ ကြောင်း၊ စဉ့်ကိုင်မြို့နယ်အနောက်ဘက်ခြမ်းဒေသ အဆိုပါလမ်းကိုအသုံးပြုနေသည့် ၄၅ ရွာမှ ပြည်သူ များနှင့် တွေ့ဆုံတိုင်း ပြည်သူ့အသံတင်ပြချက်များစွာရှိသည့်အနက် ကျေးရွာတိုင်း၏ ပြည်သူ့အသံ သည် စဉ့်ကိုင်-စော်ရဲလမ်း တိုးချဲ့ပေးရန်ဆိုသည့် တူညီသော ဘုံရည်မှန်းချက်ဖြစ်နေခြင်းသည် ပုံမှန် ထက်ပိုသော ထူးခြားချက်များဖြစ်နေသည့်အတွက် အလေးထားတင်ပြရခြင်းဖြစ်ပါကြောင်း၊
အဆိုပါလမ်းကို ၁၂ ပေမှ ၁၈ ပေလမ်းအဖြစ် တိုးချဲ့ကတ္တရာလမ်းဆောင်ရွက်သွားမည်ဆိုပါက အောက်ခံမြေသားလည်းကောင်းမွန်ခြင်း၊ လမ်းအကျယ်ကိုချဲ့မည်ဆိုပါက တိုးချဲ့နိုင်သော အကျယ်ရှိခြင်း၊ ယာဉ်အစီးရေ အသွားအလာများခြင်းတို့ကြောင့် ဝန်ကြီးဌာန၏မူဝါဒများ၊ စံသတ်မှတ်ချက်များကို နားလည်သဘောပေါက်သော်လည်း ပြည်သူ့အသံအားကြီးလာသည့်အခါမျိုးတွင် ဦးစားပေးအဆင့် သို့မဟုတ် သတ်မှတ်ဘဏ္ဍာရေးနှစ်တစ်ခုတွင် စဉ်းစားပေးသင့်ပါကြောင်း၊ ယခုအခါ လူဦးရေထူထပ် များပြားလာခြင်း၊ ယာဉ်၊ ဆိုင်ကယ်များ တိုးပွားလာခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ကတ္တရာလမ်းဧရိယာ ကျဉ်းမြောင်းမှုတို့ကြောင့် ယာဉ်အန္တရာယ်များလည်း မကြာခဏ ဖြစ်ပွားလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၆.၂ မိုင်ရှည်သော စဉ့်ကိုင်-စော်ရဲ မူလကတ္တရာလမ်းအား စဉ့်ကိုင် မြို့နယ်၏ အနောက်ဘက်ခြင်းဒေသပြည်သူများ၏ အားကိုးရာလမ်းမကြီးဖြစ်ပါသောကြောင့် မူလ ၁၂ ပေမှ ၁၈ ပေတိုးချဲ့ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
ကြယ်ပွင့်ပြမေးခွန်းတွင်ပါရှိသည့် လမ်းသည် စဉ့်ကိုင်-ဖလံဗိုလ်-စော်ရဲလမ်းပိုင်းဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ စုစုပေါင်းလမ်းအရှည် ၆ မိုင်၊ ၂ ဖာလုံ ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း)ကိုလည်း ဆက်သွယ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း)ကို ဆက်သွယ်ရန် အဆိုပါလမ်းနှင့်အပြိုင် မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် တံတားဦး လေဆိပ်အဝင်လမ်းရှိပြီး တောင်ဘက် ၄ မိုင်ခန့်အကွာ တွင် ကျောက်ဆည်-တံတားဦးလမ်းရှိပါကြောင်း၊ အဆိုပါလမ်းနှစ်ခုကိုလည်း ခရိုင်ပတ်လမ်း ၃ ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မှတ်တမ်းများအရ လမ်းမိုင် ပေါင်း ၃၁၁၇ မိုင်၊ ၂ ဖာလုံဖြစ်ပါကြောင်း၊ အဓိက ကျောက်ခင်းလမ်းကျန်နေသည်မှာ ၄၄၃ မိုင်၊ ၃ ဖာလုံ၊ အမာခံလမ်းအဖြစ်တည်ရှိသည်မှာ ၁၇၇ မိုင်၊ ၆ ဖာလုံနှင့် မြေသားလမ်းအဆင့်မှာ ၅၃၇ မိုင်၊ ၄ ဖာလုံ ကျန်ရှိသေးပါကြောင်း၊ နှစ်စဉ်လိုက်တိုးတက်ဆောင်ရွက်သွားပြီး နောက်ဆုံးစာရင်းအရ ကျန်သည့် လမ်းများဖြစ်ပါကြောင်း၊ အဆိုပါ စဉ့်ကိုင်-စော်ရဲလမ်းသည် ၁၂ ပေအကျယ် ကတ္တရာလမ်း ၅ မိုင်၊ ၇ ဖာလုံနှင့် ကျောက်ခင်းလမ်း ၃ ဖာလုံကျန်သေးပါကြောင်း။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ စဉ့်ကိုင်-ဖလံဗိုလ်-စော်ရဲလမ်းတွင် ကတ္တရာလမ်းခင်းရန်ကျန်ရှိ သည့် ကျောက်ခင်းလမ်း ၃ ဖာလုံအား ကတ္တရာလမ်းအဖြစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပထမ ဦးစားပေးအဖြစ်လည်းကောင်း၊ လမ်းအကျယ် ၁၂ ပေမှ ၁၈ ပေသို့ တိုးချဲ့ဆောင်ရွက်ခြင်းအား ဒုတိယ ဦးစားပေးအဖြစ်လည်းကောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။