ဒေါ်နန်းတင်ဦး(ကျေးသီးမဲဆန္ဒနယ်)
ကျေးသီးနှင့် မိုင်းကိုင်မြို့နယ်များတွင် နိုင်ငံသားမှတ်ပုံတင်လျှောက်ထားရာတွင် ရက်ချိန်းမမှန်ခြင်း၊ ပိုက်ဆံအဆမတန်တောင်းခံခြင်းများအား အစိုးရမှ အောက်ခြေဌာနဝန်ထမ်းများထံသို့ ညွှန်ကြားစာ များထုတ်ဆင့်ပေးပါရန် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်များတွင် နိုင်ငံသားမှတ်ပုံတင်များလျှောက်ထားရာ၌ အခက်အခဲ များစွာကြုံတွေ့နေရပါကြောင်း၊ မြို့နှင့်ဝေးလံခေါင်ဖျားနေထိုင်ရာ ကျေးရွာလူထုများ၊ နိုင်ငံသားမှတ်ပုံတင် လျှောက်ရာတွင် ခဏခဏ ရက်ချိန်းခြင်းများကြောင့် ကျေးရွာနေ ပြည်သူ လူထုများ ၏ သွားလာ စရိတ်များ ပိုမိုကုန်ကျပြီး မှတ်ပုံတင်လုပ်ခ အဆမတန် တောင်းခံခြင်း များလည်း ပြုလုပ်နေကြ သည်ကိုလဲ ပြည်သူများပြောကြားချက် အရ သိရှိရပါကြောင်း၊ အမြန်ရလို၍ အခကြေး ငွေပိုပေးပါက ချက်ချင်းရခြင်းများရှိခဲ့ပါကြောင်း၊ အခကြေး ငွေမတတ်နိုင်သောသူများ အတွက် အခကြေးငွေတတ်နိုင် သူများနှင့်တန်းတူ အမြန်ဆုံးရရှိနိုင်ရန် မည်သို့ကူညီပေးနိုင်မည်ကို သိရှိလိုပါကြောင်း၊ ခေတ် ကာလနှင့်အညီ မှတ်ပုံတင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပြန်လည် သုံးသပ်ရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိကျသောဈေးနှုန်း ကို တစ်ပြေးညီ သတ်မှတ်ပေးစေလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၅၊ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထား သည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူသည် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရှိပြီးသူများဖြစ်ပြီး နိုင်ငံသား အလိုအလျောက်ဖြစ်သည့် အတွက်ကြောင့် နိုင်ငံသားမှတ်ပုံတင်ကို အလွယ်တကူ ဆောင်ရွက်ပေးရန် ဖြစ်သင့်ကြောင်းကိုလည်း သုံးသပ်မိပါကြောင်း၊ ၎င်းဖြစ်ရပ်များသည် ဌာန ဆိုင်ရာဝန်ထမ်းများကို တမင်အခက်ကြုံတွေ့ စေသည့် ဆန္ဒမျိုးမဟုတ်ဘဲ ပြည်သူလူထု၏ အမှန် တကယ် ကြုံတွေ့နေရသောဖြစ်ရပ်များပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိသိလိုသည်မှာ ပြည်သူ များ ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကူညီပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါ သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြည်သူလူထုကို ဝန်ဆောင်မှု ပေးရသည့် ဌာနဖြစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဆိုင်ရာ လာရောက်ဆောင်ရွက်သူ ပြည်သူလူထုမှ တင်ပြသည့်အထောက်အထားများပြည့်စုံမှုရှိ /မရှိ၊ နိုင်ငံသားအရည်အချင်း ပြည့်မီမှုရှိ /မရှိကို ဥပဒေနှင့်အညီစိစစ်ရန် တာဝန်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရေး၊ ပွဲစားများရုံးအတွင်းဝင်ရောက်မှုမရှိရေး၊ အဂတိကင်းရှင်းရေး အထူးကြပ်မတ် ဆောင် ရွက် ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ပြည်သူလူထုမှ မိမိဌာနသို့ လုပ်ငန်းလာရောက် ဝန်ဆောင် မှု ရယူ ရာတွင် အကြိမ်ကြိမ်ချိန်းဆိုခြင်းနှင့် အချိန်ကြန့်ကြာမှုမဖြစ်စေရေးအတွက် အလေး အနက် ထား လိုက်နာဆောင်ရွက်ရန် ဝန်ကြီးဌာန၏အုပ်ချုပ်မှုဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များ တွင်လည်း ထည့်သွင်းဆုံးဖြတ်ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များ ကို လိုက်နာဆောင်ရွက်ရန် အတွက် ပြည်သူများတင်ပြသည့် ဘိုးဘွားမိဘအထောက်အထားများ ပြည့်စုံမှုရှိ /မရှိ စိစစ်ပြီး လိုအပ် ချက်ရှိပါက ပြည့်စုံစွာမှာကြားခြင်း သို့မဟုတ် စာဖြင့် ရေးမှတ်ခြင်း များ ပြုလုပ်ဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်လာရောက်ရာတွင် ထပ်မံချိန်းဆိုခြင်းမပြုလုပ်ရန်၊ မလိုအပ်သောစာရွက်စာတမ်း အထောက်အထားများတောင်းခံခြင်း၊ အချိန်ကြန့်ကြာအောင် ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်၊ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်(၅)ပါးနှင့်အညီ ဆောင်ရွက်ပြီး ၎င်း ကျင့်ဝတ်ပါ တာဝန်အရဆောင်ရွက်ရာတွင် ပြည်သူလူထုထံမှ ငွေကြေးအပါအဝင် အကျိုးခံစားခွင့် တစ်ခုခုကို တောင်းခံခြင်းမပြုဘဲ ဆောင်ရွက် ပေးရန် အချက်များအား အလေးအနက်ထား လိုက်နာ ဆောင်ရွက်ရန် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများအားလုံး ညွှန်ကြား ထား ရှိပြီး တာဝန်ရှိသူအဆင့်ဆင့် ပြည်ထောင်စုဝန်ကြီးအပါအဝင်အရာထမ်းများမှ ကြပ်မတ် ဆောင်ရွက် လျက်ရှိပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းအား မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်၊ ပန်းခင်းစီမံချက်များဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ကွင်းဆင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပန်းခင်းစီမံချက် ကာလအတွင်း မိုင်းကိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်မှု အနေဖြင့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅,၈၇၀ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၇,၆၁၇ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှားပြင် ၁,၈၃၃ ဦး၊ ပျက်စီး၊ ပျောက်ဆုံးခြင်းအတွက် မိတ္တူထုတ်ပေးခြင်း ၂၉၂၁ ဦး စုစုပေါင်း ၁၈,၂၄၁ ဦးဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးသီးမြို့နယ်တွင် အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၃၉၉၅ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၆၈၁ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ခြင်း ၅၁၉၄ ဦး၊ ပျက်စီး၊ ပျောက်ဆုံးခြင်း အတွက် မိတ္တူထုတ်ပေးခြင်း ၃၁၁၈ ဦး စုစုပေါင်း ၂၅,၉၈၈ ဦးဆောင်ရွက်ပေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုကတ်ပြားများအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး ရာတွင် မြန်မာ နိုင်ငံသားဥပဒေ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့နှင့် အကျုံးဝင်ညီညွတ်သည့် မွေးရာပါနိုင်ငံသားများအား မြို့နယ် ဦးစီးမှူးအဆင့်က ခွင့်ပြုလက်မှတ်ရေးထိုးပြီး၊ ဥပဒေပုဒ်မ ၆ နှင့် ပုဒ်မ ၇ အရ ဥပဒေအရ နိုင်ငံသား များ အား ခရိုင်ဦးစီးမှူးကို ခွင့်ပြုလက်မှတ် ထိုးခွင့်ပြု ထားပါကြောင်း၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူများနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ခွင့်ပြု လက်မှတ်ရေးထိုးပေးရပါကြောင်း၊ နိုင်ငံသားလုပ်ငန်းနှင့်ပတ်သက်၍ ကြန့်ကြာမှုမရှိစေရေး အတွက် ညွှန်ကြားထားရှိပြီး အထောက် အထားပြည့်စုံသည့် မွေးရာပါနိုင်ငံသားများအား နေ့ချင်းပြီးထုတ်ပေးရန် နှင့် လိုင်စင်ဓာတ်ပုံ၊ သွေး အုပ်စုစစ်ဆေးခြင်း၊ မပြည့်စုံသောသူများအား ၁၄ ရက်အတွင်းထုတ်ပေးရန်၊ ဥပဒေအရ နိုင်ငံ သား များနှင့်ပတ်သက်၍ မြို့နယ်ရုံးတွင် ၇ ရက်အတွင်း အမှုတွဲပြုစုပြီး ခရိုင်ဦးစီးမှူး က ရက် ၃၀ အတွင်း လက်မှတ်ရေးထိုးရန် ညွှန်ကြားထားရှိပါကြောင်း၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြု ခွင့် ရသူများ အမှုတွဲနှင့်ပတ်သက်၍ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် နိုင်ငံသားစုံစမ်းစစ်ဆေးရေး အဖွဲ့များမှ စိစစ်ပြီး ဦးစီးဌာန(ရုံးချုပ်)မှတစ်ဆင့် ဗဟိုအဖွဲ့သို့ အဆုံးအဖြတ်ခံယူနိုင်ရေး တင်ပြဆောင်ရွက် လျက်ရှိပါကြောင်း၊ မြို့နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများသည် မိမိဌာနလုပ်ငန်းများ အပြင် မြို့နယ် အဆင့်၊ ခရိုင်အဆင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် နိုင်ငံတော်မှ တာဝန် ပေးအပ်ထားသဖြင့် လုပ်ငန်းသဘာဝအရ ကွင်းဆင်းဆောင်ရွက်ရသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် မြို့နယ်ဦးစီးမှူးများအနေဖြင့် မြို့နယ်ရုံးများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် ပြည်သူများအား ပြန်လည်ချိန်းဆိုရသည့် ဖြစ်စဉ် အနည်းငယ် လည်းရှိနိုင်ပါကြောင်း။
လုပ်ငန်းဆောင်ရွက်မှုအဆင်မပြေသဖြင့် ဌာနအကြီးအကဲများထံသို့ တိုင်ကြားစာ၊ သတင်း ဌာနများသို့ တိုင်ကြားစာ၊ တယ်လီဖုန်းဖြင့်တိုင်ကြားမှုများအား ဝန်ကြီးဌာနအနေဖြင့် စုံစမ်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစစ်ဆေး၍ မှန်ကန်ပါက တာဝန်ရှိသူဝန်ထမ်းများကို နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူ လူထုထံမှ အခကြေးငွေရယူ ဆောင်ရွက်သည့် ကြားခံပွဲစားများအား ရာဇသတ်ကြီး ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ မှ ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် နိုင်ငံသား လုပ်ငန်းများနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှုဖြစ်စဉ် စစ်ဆေးပေါ်ပေါက်သဖြင့် အရာ ထမ်း ၄ ဦး၊ အမှုထမ်း ၈ ဦးအား နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ တည်ဆဲဥပဒေများဖြင့်အရေးယူခဲ့ပြီး အခ ကြေး ငွေရယူ၍ နိုင်ငံသားလုပ်ငန်းဆောင်ရွက်ပေးသည့် ပွဲစား ၃၀ ဦးအား သက်ဆိုင်ရာ မြို့နယ်များတွင် ရာဇသတ် ကြီး ဥပဒေအရ အရေးယူထားရှိပြီးဖြစ်ပါကြောင်း၊ ဖြစ်စဉ်များ၊ အရေးယူ အပြစ်ပေးမှု များကိုလည်း ဝန်ထမ်းများအားလုံးသိရှိစေရေး အသိပေးရှင်းလင်း ညွှန်ကြားပြီးဖြစ်ပါ ကြောင်း။
လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့်ကိစ္စနှင့်စပ်လျဉ်း၍ ၂၅.၄.၂၀၂၆ ရက်နေ့တွင် ခရိုင် ဦးစီးမှူးများ ဦးဆောင်သည့် ရှေးဦးစုံစမ်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး စုံစမ်းရေး အဖွဲ့ များဖြင့် ကျေးသီး မြို့နယ်တွင် မိမိဌာနမှဝန်ထမ်း ၂ ဦး၊ နိုင်ငံသားလုပ်ငန်းဆောင်ရွက်သူပြည်သူ ၅ ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် မိုင်းကိုင်မြို့နယ်တွင် မိမိဌာနမှဝန်ထမ်း ၆ ဦး၊ နိုင်ငံသား လုပ်ငန်း ဆောင်ရွက်သူပြည်သူ ၄ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦးတို့အား စစ်ဆေးခဲ့ သော်လည်း ဖြစ်စဉ် ပေါ်ပေါက်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသဖြင့် ငွေကြေး ပေးဆောင် ရပါက နစ်နာသူ မှ တိကျစွာ တိုင်ကြားပေးမှသာလျှင် ဌာနအနေဖြင့် အရေးယူ ဆောင်ရွက် နိုင်မည် ဖြစ် ကြောင်း ။
ယခုအခါ အစိုးရသစ်လက်ထက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းအား ရက် ၁၀၀ လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူလူထုအနေဖြင့် လဝကရုံးများသို့ သွားရောက်ဆောင်ရွက်စဉ် ငွေကြေးတောင်းခံမှုများ၊ အကြိမ်ကြိမ်ချိန်းဆိုမှုများ၊ မောက်မာစွာ ဆက်ဆံမှုများရှိသည့်အခါ ၎င်းမြို့နယ်မှူးများထံ ချက်ချင်းတွေ့ဆုံတိုင်ကြားရန်နှင့် မြို့နယ် ဦးစီးမှူး မှ အရေးယူဆောင်ရွက်ပေးမှုမရှိလျှင် နေပြည်တော်ရှိ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇၃၄၃၁၀၄၅ ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ဖုန်းနံပါတ် ၀၉-၆၉၉၀၃၂၈၀၅ သို့ ရုံးချိန် အတွင်း တိုင်ကြားနိုင်ပြီး ဖြစ်စဉ်မှန်ကန်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၊ ဝန်ကြီး ဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ညွှန်ကြားချက်အရ CPU မှလည်း နိုင်ငံသား ဆိုင်ရာလုပ်ငန်းများကို ဝန်ဆောင်မှုရယူကြသော ပြည်သူများထံသို့ Short Code 1111 ဖြင့် SMS ပေးပို့၍ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို ၂၃.၁၁.၂၀၂၁ ရက်မှစ၍ ဆောင်ရွက် လျက်ရှိရာ ၃၁.၃.၂၀၂၆ ရက်နေ့အထိ ပြည်သူများထံသို့ SMS ၄၈၂၄ စောင်ပေးပို့ခဲ့ပြီး ပြည်သူ ၁၀၁၇ ဦး မှ ပြန်လည်ဖြေကြားပေးခဲ့ပါကြောင်း၊ ထို့အပြင် မြို့နယ်ရုံးများတွင် အကြံပြု စာတိုက်ပုံးများ တိုင်စာ ပေးပို့ရန် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းတချို့ ပြည်သူများထံမှ ပိုက်ဆံအဆမတန် တောင်းခံ ကြောင်းကို လွှတ်တော် ကိုယ်စားလှယ်ကြီးမှ ငွေကြေးတောင်းခံ ခြင်းခံရသူအမည်စာရင်း၊ ငွေကြေး တောင်းသူ ဝန်ထမ်းစာရင်း နှင့် တောင်းခံသည့်ငွေကြေးပမာဏ၊ တောင်းခံသည့်ရက်စွဲ၊ အချိန်တို့ကို အထောက်အထားဖြင့် ညွှန်ကြားလာပါက သက်ဆိုင်ရာငွေကြေး တောင်းခံသည့် ဝန်ထမ်း အား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ တည်ဆဲဥပဒေများနှင့်အညီ ပိုမိုမြန်ဆန် ထိရောက်စွာ အရေးယူ နိုင်မည်ဖြစ်ပါကြောင်းနှင့် အလားတူ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေး ညွှန်ကြားချက် များထုတ်ပြန် မည့် အပြင် မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။