ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)
နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လာရှိုးမြို့များတွင် အစိုးရစက်သုံးဆီခွဲဝေပေးမှု မရရှိခြင်းကြောင့် မြို့နယ်အသီးသီးသို့ စက်သုံးဆီခွဲဝေပေးမှု မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့များဖြစ်သည့် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့ များသည် စစ်ဘေးဒဏ်သင့်ခြင်း ခံခဲ့ရပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့် မြို့များဖြစ်ပါကြောင်း၊ အဆိုပါမြို့များရှိ မဲဆန္ဒရှင်ပြည်သူများ၏ တင်ပြချက်အရ စက်သုံးဆီ ဈေးနှုန်းများသည် အစိုးရ၏ရည်ညွှန်းသတ်မှတ် ရောင်းချဈေးထက် များစွာကွာဟရောင်းချနေသည် ကို သိရှိရပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေအရ အုပ်ချုပ်မှု အာဏာ ခွဲဝေအပ်နှင်းခြင်းခံထားရသည့် သက်ဆိုင်ရာမြို့နယ်အသီးသီး၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ သိရှိချက်အရ ရှမ်းပြည်နယ်သို့ အစိုးရ၏စက်သုံးဆီခွဲတမ်း ခွဲဝေပေး မှုမရရှိခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့အစိုးရ၏စက်သုံးဆီ ခွဲတမ်းမရရှိခြင်းကြောင့် မိမိတို့ဒေသခံပြည်သူများမှာ တစ်ပူပေါ်နှစ်ပူဆင့်ကာ စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်မှုမရှိသဖြင့် များစွာ ဒုက္ခရောက်ကြရပါကြောင်း၊ စက်သုံးဆီသည် မိမိတို့ ပြည်သူများ နေ့စဉ်သွားလာရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် မရှိမဖြစ်အသုံးပြုနေရသည့်ပစ္စည်း ဖြစ်ပြီးအများပြည်သူ အမှန်တကယ် လိုအပ်နေခြင်းဖြစ်၍ စက်သုံးဆီခွဲတမ်းရရှိရေးအတွက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကာလတွင် ညှိနှိုင်း၍လည်းကောင်း၊ ယခုမေးခွန်းမေးမြန်း ခွင့်ရသည့် အချိန်ထိ လည်းကောင်း ရက်ပေါင်း ၁၀၀ ကျော် စောင့်ဆိုင်းခဲ့သော်လည်း လိုအပ်သည့်အဖြေ မထွက်သည် ကို တွေ့ရှိရပါကြောင်း။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဒေသ အခြေအနေနှင့် စက်သုံးဆီသိုလှောင်ဖြန့်ဝေခြင်းမူဝါဒများသည် စက်သုံးဆီရရှိရေး အဟန့်အတား ဖြစ်နေသည့် အကြောင်းပြချက်များဖြစ်ကြောင်းတွေ့ရှိရပြီး နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အခွန် ထမ်းဆောင်နေကြသည့် ရှမ်းပြည်နယ်ပြည်သူလူထု၏ လူမှုဘဝဒုက္ခကို မျက်ကွယ်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရ၏အများပြည်သူ ဆိုင်ရာအကျိုးပြုလုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရသည် ကို နားလည်ပါကြောင်း၊ အစိုးရ၏မူဝါဒသည် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးဖြစ်ပြီး မိမိတို့ ကိုယ်စားလှယ် များ၏ တင်ပြချက်သည်လည်း ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးကိစ္စဖြစ်၍ အတူတူ ဖြစ်ပြီး မူနှင့် အချိန်ဆွဲမှုကို ပြန်လည်သုံးသပ်ပြီး ဖြစ်သင့်တာ၊ ဖြစ်နိုင်တာကို အရင်ဆောင်ရွက် ပေးရန် တင်ပြ လိုပါကြောင်း။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူ့ရင်ထဲမှ ပြောချင်နေသည့် မြေပြင် ပေါ် ဖြစ်ပျက်နေသည့် အမှန်တရားနှင့် လိုအပ်ချက်များကို အလုပ်တစ်ခုနှင့်စပ်လျဉ်းပြီး တာဝန် ယူထား ရသူများသိရှိရန်အတွက် ပြည်သူတွေကိုယ်စား လွှတ်တော်သို့ လာရောက် တင်ပြပြောဆိုပေး ရသည့်သူများဖြစ်ပါကြောင်း။ လွှတ်တော်နိုင်ငံရေးစနစ်တွင် ပြည်သူမှ ရွေးချယ်တင်မြှောက်ပေး လိုက်သည့် လွှတ်တော်ကိုယ်စားလှယ် များအဖွဲ့နှင့် လွှတ်တော်မှ ရွေးချယ် အတည်ပြု တင်မြှောက် ပေးလိုက်သည့် အစိုးရအဖွဲ့တို့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ အကျိုး စီးပွားဖြစ်ထွန်းရေးကို ဘုံဦးတည်ချက်တူညီစွာနှင့် တစ်စိတ်တစ်ဝမ်းတည်း လုပ်ငန်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူ့အကျိုးစီးပွားအတွက် မူဝါဒကိုအခြေမခံဘဲနယ်မြေ တည်ငြိမ် အေးချမ်းမှုရှိလာပြီဖြစ်သည့် ရှမ်းပြည်နယ် တစ်နယ်လုံးရှိ မြို့ရွာများကို ဖြစ်နိုင်သမျှ နည်းလမ်းနှင့် စက်သုံးဆီများ အမြန်ဖြန့်ဝေပေးရန် ပြည်သူများကိုယ်စားတောင်းဆိုလိုပါ ကြောင်း၊ ဥပမာအနေဖြင့် လုံခြုံရေးအကြောင်းပြု သီပေါတံတားကြီး ပိတ်ထား၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့တော် ဖြစ်သည့် လားရှိုးမြို့သို့ စက်သုံးဆီမပို့နိုင်ခြင်းကို လက်ခံ ရမည်ဖြစ်ပြီး နယ်မြေ စိုးမိုးမှုနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်နေပြီဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ မိုင်းရယ်မြို့ များနှင့် ရှမ်းပြည်တစ်နယ်လုံးရှိ တချို့မြို့ရွာများကိုတော့ သင့်ရာနည်းဖြင့် တင်ပို့ပြီး ဈေးနှုန်းများ တစ်ပြေးညီဖြစ်ရေး အမြန်ဆောင်ရွက်ပေးရန် ထပ်မံတင်ပြလိုပါကြောင်း။
အချုပ်အားဖြင့် လွှတ်တော် နိုင်ငံရေးစနစ်တွင် မိမိတို့လွှတ်တော်ကိုယ်စားလှယ် များတင်ပြသည့် ပြည်သူလူထု၏ လိုအပ်ချက် များသည် အစိုးရတာဝန်ရှိသူများအနေဖြင့် လုပ်ပေး ၍ရသည့်အကြောင်းများဖြစ်ပြီး မိမိတို့အနေဖြင့်လည်း ဖြစ်သင့်သည့်အရာများကို ကျိုးကြောင်း ဖော်ပြကာ တိုက်ရိုက်တောင်းဆိုနေခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်တစ်နယ်လုံးရှိ မြို့ရွာ များသို့ အစိုးရစက်သုံးဆီခွဲတမ်း အမြန်ဖြန့်ဝေ ပေးနိုင်ရေး အစိုးရမှမည်သို့စီမံထားသည်ကို သိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးကျော်နိုင်ဝင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိရာရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ အတွင်း စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၂၅၃ ဆိုင် ဖွင့်လှစ်ရောင်းချခွင့်ပြုထားခဲ့ပြီး နယ်မြေဒေသ အခြေအနေကောင်းမွန်တည်ငြိမ်စဉ်က အဆိုပါစက်သုံးဆီအရောင်းဆိုင်များမှ တစ်ရက်လျှင် 92 RON လီတာခြောက်သိန်းခန့်၊ 95 RON လီတာငါးသောင်းခွဲခန့်၊ ဒီဇယ်လီတာသုံးသိန်းခန့်နှင့် ပရီမီယမ် ဒီဇယ် လီတာ ၅ သိန်းခန့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှတစ်ဆင့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်များအတွက် စက်သုံးဆီခွဲတမ်းကို ၂၂-၆-၂၀၂၄ ရက်တွင်လည်းကောင်း၊ နောင်ချိုမြို့ရှိ စက်သုံးဆီအရောင်းဆိုင် များအတွက် ၃-၇-၂၀၂၄ ရက်တွင်လည်းကောင်း၊ လားရှိုးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ အတွက် ၆-၇-၂၀၂၄ ရက်တွင်လည်းကောင်း၊ တန့်ယန်း၊ မိုင်းရယ်နှင့် နမ့်လန်မြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအတွက် ၂၂-၈-၂၀၂၄ ရက်တွင်လည်းကောင်း ခွင့်ပြု ခဲ့ပြီးသည့်နောက်ပိုင်း တွင် နယ်မြေဒေသအခြေအနေအရ ယာယီရပ်ဆိုင်းထား ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရယ်မြို့များသို့ တစ်မြို့လျှင် စက်သုံးဆီ ၂ စီးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် Pump of Project အနေဖြင့် ရန်ကုန်သီလဝါမှ တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်၊ ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်း၊ လားရှိုးလမ်းကြောင်းအတိုင်း 92 RON ၈,၀၀၀ ဂါလန်၊ ပရီမီယမ်ဒီဇယ် ၈,၀၀၀ ဂါလန် တင်ဆောင်ထားသည့် ဆီသယ်ယာဉ် ၆ စီးဖြင့် စက်သုံးဆီများကို ပို့ဆောင်ပေးခဲ့ပါကြောင်း၊ ၎င်းဆီသယ် ယာဉ်များသည် သီလဝါမှ ဦးတည်ရာမြို့များအထိရောက်ရန် အချိန် ၉ ရက်ခန့် ကြာမြင့်ပါကြောင်း။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ကြီးကြပ် စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီများသည် နယ်မြေဒေသအခြေအနေနှင့် စက်သုံးဆီများသယ်ဆောင်မည့် လမ်းခရီးအခြေအနေတို့ အဆင်ပြေချောမွေ့ကောင်းမွန်ခြင်းရှိ/မရှိ စဉ်ဆက် မပြတ် စောင့်ကြည့် လျက် ရှိကြောင်း၊ နိုင်ငံတော်အတွင်း ဓာတ်ဆီအနေဖြင့် ပျမ်းမျှ ရက် ၄၀ စာ၊ ဒီဇယ်ဆီအနေဖြင့် ပျမ်းမျှ ၄၅ ရက်စာ အရန်ရှိကြောင်း၊ နိုင်ငံတော်တွင် စက်သုံးဆီ အလုံအလောက်ရှိနေခြင်းကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မြို့များသို့ စက်သုံးဆီဖြန့်ဖြူးပေးပို့နိုင်ရန် အခက်အခဲမရှိသော်လည်း စက်သုံးဆီများကို မသက်ဆိုင်သည့်အဖွဲ့အစည်းများသို့ မရောက်ရှိအောင် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက် ရာတွင် များစွာ ခက်ခဲလှပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက်ကို လည်း ကောင်း၊ နယ်မြေဒေသတည်ငြိမ်မှုရှိပြီး စက်သုံးဆီများသယ်ယူပို့ဆောင်မည့် လမ်းခရီး အဆင်ပြေ ချောမွေ့ ကောင်းမွန်ချိန်တွင် လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင် ၈၆ ဆိုင်တို့အား ပြည်သူများ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး စက်သုံးဆီခွဲတမ်း ပြန်လည်ခွင့်ပြုပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
၂-၆-၂၀၂၆ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင်လည်း စက်သုံးဆီကိစ္စနှင့် စပ်လျဉ်းပြီး လားရှိုးမဲဆန္ဒနယ်မှဒေါက်တာမျိုးထွန်း မေးမြန်းသွားတာရှိပါကြောင်း၊ ထိုစဉ်က မေးမြန်းသော် လည်း သက်ဆိုင်ရာဝန်ကြီး ဌာနမှ စက်သုံးဆီများအလုံအလောက်ရှိပြီး ဖြန့်ဝေပေးရန် အစီအစဉ် များ လုပ်နေသည်ဟု ပြောထားပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရကို မေးမြန်း၍ မိမိတို့ကို ပြန်ပြော ပေးမည် ဟုလည်း သိရကြောင်း၊ သို့သော် ဒီနေ့အဖြေသည်လည်း ထိုအတိုင်းသာ ဖြစ်နေ ပါကြောင်း၊ ရှင်းရှင်းလင်းလင်းသလိုသည်မှာ နံပါတ်တစ် ဒေသအခြေအနေနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရ က မည်သို့သော လုပ်ဆောင်ချက်များဖြင့် ကိုင်တွယ်ဖြေရှင်းနေသနည်း၊ နံပါတ်နှစ် အချက် မှာ ရှမ်းပြည်နယ်တွင် ပြည်သူများ အစိုးရစက်သုံးဆီ ရရန် အချိန်မည်မျှ စောင့်ရမည်နည်း၊ ထိုနှစ်ချက်ကို ရှင်းရှင်းလင်းလင်းသိလိုပါကြောင်းမေးမြန်းခဲ့ပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးကျော်နိုင်ဝင်း က
ဒေတာအချက် အလက် အတိအကျစုစည်းပြီးတော့ စာဖြင့် ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ နယ်မြေဒေသ အခြေအနေအရ လက်ရှိ မပို့ဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ နယ်မြေဒေသအခြေအနေပေး သည်နှင့် ပို့ဆောင်ရန်အတွက် အဆင့်သင့်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုလည်း အစဉ်အမြဲ မေးမြန်းလျက်ရှိကြောင်း ဖြေကြားခဲ့ပါသည်။