MY EN

(င)-စိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)-မေးခွန်း

2026-06-25
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

စိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
ဒေသဆရာဝန်များပေါ်ထွန်းရန် ခရိုင်၊ မြို့နယ်အလိုက် ခွဲတမ်းဖြင့်ဆေးကျောင်းတက်နိုင်မည့် အခွင့်အလမ်းဖွင့်ပေးရန် မူဝါဒရေးဆွဲပေးရေး အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ယခုလက်ရှိ ပညာရေးဌာန၏တက္ကသိုလ်ဝင်တန်းအမှတ်သည် ဆရာဝန်ဘွဲ့ များရရှိရန် ကန့်သတ်ချက် အမှတ်များရှိနေသောကြောင့် ဒေသဆရာဝန်များပေါ်ထွန်းရန် အခွင့်အလမ်း များကို ခဲယဉ်းစေပါကြောင်း၊ တချို့သော အထက်တန်းကျောင်းသူ၊ ကျောင်းသားများသည် ဆရာဝန် ဖြစ်နိုင်သည့် ဆေးတက္ကသိုလ်ကိုစိတ်ဝင်စားသော်လည်း  တက္ကသိုလ်ဝင်တန်း အမှတ် ကန့်သတ်ချက်များကြောင့် အခွင့်အရေးဆုံးရှုံးခဲ့ခြင်းများရှိနေပါကြောင်း၊ဝါသနာပါသူကို ဝါသနာ အရ အလုပ်ခွင်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် အခွင့်အလမ်းဖွင့်ပေးရန်လိုအပ်ကြောင်း သုံးသပ် မြင်မိပါကြောင်း၊ ဝါသနာနှင့်အတတ်ပညာဒွန်တွဲပြီး အလုပ်ခွင်တွင်ဝင်ရောက် လုပ်ကိုင် နိုင်ခွင့် ရရှိပါက ပိုမိုထိရောက် အောင်မြင်နိုင်သည်ကိုလည်း ရိုးသားစွာဖြင့် သုံးသပ်မြင်မိ ပါကြောင်း၊ ယခုလက်ရှိကျန်းမာရေး ဌာနမှ လစ်လပ်နေသည့် ဆရာဝန် နေရာများကိုလည်း အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်မည့်နည်းလမ်းတစ်ခုလည်း ဖြစ်ပါကြောင်း။

          သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည်မှာ ဆေးကျောင်းတက်နိုင်မည့် အခွင့်အလမ်းဖြစ် စေရန် တက္ကသိုလ်ဝင်တန်းအမှတ်ကို ပြန်လည်သုံးသပ်ကာ ဒေသဆရာဝန်များပေါ်ထွန်းစေရန် ခရိုင်၊ မြို့နယ် အလိုက် ခွဲတမ်းဖြင့်ဆေးကျောင်းတက်နိုင်မည့် အခွင့်အလမ်းဖွင့်ပေးရန် မူဝါဒရေး ဆွဲပေး ရေး အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့်

ကျန်းမာရေး ဝန်ကြီး၏ဖြေကြားချက်နှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဖြေကြား ခွင့်ပြုပါရန်၊    ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အနေဖြင့် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်မှထုတ်ပြန်ထားသည့်၊ ဒေသစရိတ် ခံစား ခွင့်ရှိပြီး သွားလာရေးနှင့် လူမှုရေးခက်ခဲတဲ့ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခု ဖြစ် သည့် (နာဂ၊ ဓနု၊ ပအိုဝ်း၊ပလောင်၊ ကိုးကန့်၊ ဝ ဒေသတို့ရှိ စာစစ်ဌာနများမှ တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်သူများကို အထူး ကိစ္စရပ်အနေဖြင့်ဆေးတက္ကသိုလ်များသို့ တက်ရောက် ခွင့်ပြုနိုင်ရေး အတွက် နိုင်ငံပိုင်သတင်းစာများ မှာလည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ Website တို့တွင် လည်းကောင်း နှစ်စဉ် ကြော်ငြာထည့်သွင်း၍ လျှောက်လွှာခေါ်ယူလျက်ရှိပါကြောင်း။

ဒေသအလိုက်ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများအနက်မှသတ်မှတ်အရည်အ ချင်း နှင့် ကိုက်ညီသူများကို နှစ်စဉ် ဆေးတက္ကသိုလ်များ၏မူလပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံး ရမှတ် အောက်သို့လျှော့ပေါ့ပြီး ၂၀၁၂ မှ ၂၀၂၅ ခုနှစ်အထိ  ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၅၆၈ ဦး ကို စိစစ်ရွေးချယ်ပြီး ဆေးက္ကသိုလ်(မကွေး)နှင့် ဆေးတက္ကသိုလ် (တောင်ကြီးတို့သို့ တက်ရောက် ခွင့်ပြုခဲ့သည့် အနက် ၁၂၂ ဦးမှာ ဆေးပညာဘွဲ့ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ဘွဲ့ရရှိပြီးသူများအနက် ရှမ်းပြည်နယ်မှ ၇ ဦး နှင့် ဓနု၊ ပအိုဝ်း၊ ပလောင်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှ ၃၀ ဦးပါရှိပြီး ဘွဲ့ရသည်နှင့် တစ်ပြိုင်နက် ကုသရေးဦးစီးဌာနမှ တက်ရောက်ခွင့်ရခဲ့သည့်ဒေသများတွင် နိုင်ငံ့ ဝန်ထမ်းအဖြစ် တာဝန် ချထားနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေသဆရာဝန်များ ပေါ်ထွန်းရန်အတွက် ခရိုင်၊ မြို့နယ်အလိုက် ခွဲတမ်း သတ်မှတ် ၍မရဘဲဒေသအလိုက် လျောက်ထားမှု၊ တက်ရောက်ခွင့်ရရှိခဲ့မှု၊ တာဝန်ထမ်းဆောင်မှု၊ လက်ထောက် ဆရာဝန် လစ်လပ်မှုအပေါ်မူတည်ပြီး ဝေးလံခက်ခဲသောဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများရှိ စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများကို မူလ ပုံမှန် ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက်ကို လျှော့ပေါ့ပြီး ဆေးတက္ကသိုလ် တက်ရောက် ခွင့်ပြုရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။