MY EN

(က)- ဦးအောင်မျိုးသန်း (ကော့မှူးမဲဆန္ဒနယ်)-မေးခွန်း

2026-06-23
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်မျိုးသန်း (ကော့မှူးမဲဆန္ဒနယ်) 

ကော့မှူးမြို့နယ်၊ တလုတ္ထော်၊ ကရင်စု၊ အုတ်ကျင်းကျေးရွာချင်းဆက်လမ်းသည် ၄၆၂၀ ပေ ရှည်လျားပြီး ၎င်းလမ်းအား ၂၂ ပေ မြေသားတာဘောင်တိုးချဲ့ရန်နှင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကော့မှူးမြို့နယ်၊ တလုတ္ထော်ကျေးရွာ၊ ကရင်စုကျေးရွာနှင့် အုတ်ကျင်းကျေးရွာများတွင် အိမ်ခြေ ၉၈၆ လုံး၊ လူဦးရေ ၂၇၁၄ ဦးနေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာများ၏ ရွာချင်းဆက်လမ်းများ သည် မိုးရာသီတွင် သွားလာရခက်ခဲနေပါကြောင်း၊ အဆိုပါလမ်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဂဝံလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့သောလမ်းဖြစ်ပါကြောင်း၊ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သည့်အတွက် အုတ်ကျင်းကျေးရွာ၊ တလုတ္ထော် ကျေးရွာအတွင်း နေရာတချို့နှင့် အုတ်ကျင်းကျေးရွာလမ်းအပိုင်း ၄ ဖာလုံသည် ဆိုးရွာစွာ ပျက်စီးလျက်ရှိကြောင်း၊ ရွာသူရွာသားများမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးရန် လိုအပ်ကြောင်း တင်ပြချက်အရ လွှတ်တော်ကိုယ်စားလှယ်များ အုပ်ချုပ်မှုအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာဌာနများဖြင့် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မိုးရာသီတွင် သွားလာရန် အခက်အခဲ များစွာရှိကြောင်း။

တင်ပြပါပုံသည် အုတ်ကျင်းကျေးရွာလမ်းပိုင်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဂဝံလမ်း အဖြစ် ဖောက်လုပ်ပေးခဲ့သော လမ်းဖြစ်ပြီး နှစ်ကာလကြာမြင့်နေပြီဖြစ်သည့်အတွက် ဆိုးဝါးပျက်စီးနေ ပါကြောင်း၊ တလုတ္ထော်ကျေးရွာ၊ ကရင်စုကျေးရွာနှင့် အုတ်ကျင်းကျေးရွာ ရွာချင်းဆက်လမ်း၏ တလုတ္ထော်ရွာတွင်းနှင့် အုတ်ကျင်းကျေးရွာ ရွာတွင်းပျက်စီးမှုမှတ်တမ်းများအား တင်ပြအပ်ပါကြောင်း၊ ဒေသဆိုင်ရာပြည်သူများ၏ တင်ပြချက်အရ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချူပ်မှုအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာဌာနများမှ မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးခဲ့ပါကြောင်း၊  သို့ဖြစ်ပါ၍ တလုတ္ထော် ကျေးရွာ၊ ကရင်စုကျေးရွာ၊ အုတ်ကျင်းကျေးရွာ ရွာချင်းဆက်လမ်း ၄၆၂၀ ပေအား ၂၂ ပေ အကျယ် မြေသားတာဘောင်တိုးချဲ့၍ ၎င်းလမ်းပေါ်တွင် ၁၂ ပေအကျယ်၊ ၇ လက်မအမြင့် ကွန်ကရစ် လမ်းခင်း ပေးပါက ၎င်းကျေးရွာ ၃ ရွာရှိ ရွာသူ ရွာသာများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ကရင်စု၊ အုတ်ကျင်းလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စီမံခန့်ခွဲသည့် အရှည် ၇ ဖာလုံရှိသော Class B အဆင့်လမ်းဖြစ်ပါ ကြောင်း၊ ၎င်းလမ်းနှင့်စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အရှည် ၇ ဖာလုံအား ဂဝံခင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ အသင့်အတင့် ပျက်စီးလျက်ရှိ ပါကြောင်း၊ ၇ ဖာလုံကို ကွန်ကရစ်လမ်းခင်းမည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေ ၁၂၃၄.၅၆၄ သန်း ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၃၆၆ အိမ်၊ လူဦးရေ ၂၇၁၄ ဦး အကျိုးပြုမည် ဖြစ်ပါကြောင်း။

သို့ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအပေါ် အခြေခံ၍ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းစပ်ပြီး ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစား ပေးရွေးချယ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားသွားမည်ဖြစ်ပြီး ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး၏ ရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ လမ်းလွှာအဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။