ဦးစိုင်းဆန်စိန်(တန့်ယန်းမဲဆန္ဒနယ်)
ဟိုယ-တန့်ယန်းလမ်း မိုင်းရယ်မြို့နယ်အပိုင်း လွယ်ပန်တောင်ကြောအတက်အဆင်းမှ လမ်းကွေ့ ၅ ခုအား ကွန်ကရစ်လမ်းဖြင့် အစားထိုးပေးရန်၊ တန့်ယန်းမြို့နယ် ကတ္တရာလမ်းအား ၁၂ ပေမှ ၁၈ ပေ တိုးချဲ့ခြင်းကို ၄ မိုင်ခန့် ဆက်လက်လုပ်ဆောင်ပေးရန်နှင့် မြို့အဝင်မုဒ်ဦးအနီး အောင်တော်မူ စေတီမှ မြို့အတွင်း မိုင်းကောင်လမ်းအပိုင်းရှိ ပတ္တမြားစက်သုံးဆီဆိုင်အထိနှင့် နောင်ဖောလမ်း အပိုင်းရှိ ပြည့်ဝစက်သုံးဆီဆိုင်အနီးအထိ ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဟိုယ-တန့်ယန်းလမ်းအပိုင်းတွင် တန့်ယန်းမြို့အတွင်းလမ်းများ ပကတိမြေပြင်အခြေအနေ နှင့် လိုအပ်သည်များကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းသွားမည်ဖြစ်ပါကြောင်း။
(၁) အဆိုပါ ဟိုယ-တန့်ယန်း လမ်းအရှည်သည် ၃၃ မိုင်ရှိပြီး မိုင်းရယ်မြို့နယ်အပိုင်း လွယ်ပန်တောင်ကြောအတက်အဆင်းတွင် မတ်စောက်ကာ အကွေ့အကောက်များ လွန်းလှ သည့် အတွက် ကုန်တင်ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာရန် အခက်အခဲများစွာ ကြုံတွေ့ နေရပါကြောင်း၊ (၂) တန့်ယန်းမြို့နယ်အပိုင်းတွင် ကတ္တရာလမ်း ၁၂ ပေမှ ၁၈ ပေတိုးချဲ့ ဆောင်ရွက်ခြင်းမှာ ၄ မိုင်ခန့်ကျန်ရှိနေပါသဖြင့် နှစ်အလိုက်အစီအမံများဖြင့် လမ်းအဆင့်မြှင့် တင်ခြင်း အလျင်အမြန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (၃) တန့်ယန်းမြို့နယ် မြို့တွင်းရှိ လမ်းများသည်လည်း တချို့နေရာ တွင်လမ်းကျဉ်းပြီး ကတ္တရာလမ်းများပေါက်ပြဲနေသည်ကို တွေ့ရှိ ရပါကြောင်း။ တန့်ယန်းမြို့သည် ခရိုင်မြို့ဖြစ်သည့်အတွက် ခရိုင်မြို့တစ်ခု၏ အင်္ဂါရပ် နှင့် အညီဖြစ်စေရန် သော်လည်းကောင်း၊ တန့်ယန်း မြို့တွင်းတွင် ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုး များ၏ ဓလေ့ထုံးတမ်းများ ဖြစ်သည့် ကထိန်လှည့်ခြင်း၊ ရှင်ပြု နားသအလှူမင်္ဂလာများ ကျင်းပလေ့ရှိ သည့်ဒေသဖြစ်၍ မြို့တွင်း ကထိန်လှည့်ခြင်း၊ ပွဲများကျင်းပရာတွင် လမ်းအကျယ်အရ ယာဉ်ကြောပိတ်ဆို့မှုများကင်းဝေးစေရန် သော်လည်းကောင်း၊ တန့်ယန်းမြို့အဝင်မုဒ်ဦးအနီး အောင်တော်မူစေတီမှ မြို့တွင်းဗိုလ်ချုပ်လမ်း၊ ရပ်ကွက်(၅) ပတ္တမြားဆီဆိုင်အထိနှင့် သမဝါယမ ရုံးရှေ့မှ နောင်ဖောလမ်းအပိုင်း ပြည့်ဝဆီဆိုင်အထိ ၂၄ ပေအကျယ် ကတ္တရာ လမ်းအဆင့်မြှင့် တင်ပေးရန် မေးမြန်းလိုပါကြောင်း၊ အောက်ဖော်ပြပါအချက်အတိုင်း မေးမြန်းတောင်းဆိုသွားမည် ဖြစ်ပါကြောင်း၊
(၁) တန့်ယန်း-မိုင်းရယ်လမ်းအပိုင်း လမ်းကွေ့ ၅ ခုတွင် ကွန်ကရစ်လမ်းအသစ် တည်ဆောက် ခင်းပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်း။
(၂) တန့်ယန်းမြို့နယ်အပိုင်းရှိ ကျန်ရှိ ၄ မိုင်ကတ္တရာလမ်း ၁၂ ပေမှ ၁၈ ပေတိုးချဲ့ ဆောင်ရွက်ရန်ရှိ မရှိ သိရှိလိုပါကြောင်း။
(၃) တန့်ယန်းမြို့အတွင်း အဝင်မုဒ်ဦးအနီး အောင်တော်မူစေတီမှ မြို့အတွင်း မိုင်းကောင် လမ်းအပိုင်း ပတ္တမြားစက်သုံးဆီဆိုင်အထိ ၃ မိုင်အား ၂၄ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်း။
(၄) တန့်ယန်းမြို့အတွင်း နောင်ဖောလမ်းအပိုင်း မြို့နယ်သမဝါယရုံးမှ ပြည့်ဝဆီဆိုင် အထိ ၁.၄ မိုင်အား ၂၄ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်
ဟိုယ-တန့်ယန်းလမ်းသည် တန့်ယန်းခရိုင်၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ မိုင်းရယ်မြို့၊ ဟိုယကျေးရွာ ၀ မိုင်မှ တန့်ယန်း မြို့အတွင်း ထွန်းခမ်းဟိုတယ်ရှေ့အထိ ၃၃ မိုင်ရှည်သည့် မြို့နယ်၊ ကျေးရွာ ဆက်သွယ် သည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းမှာ ၀ မိုင်မှ ၇ မိုင်၊ ၄ ဖာလုံအထိအပိုင်းအား မိုင်းရယ်မြို့မှ လည်းကောင်း၊ ၇ မိုင်၊ ၄ ဖာလုံမှ ၃၃ မိုင်အထိ ၂၅ မိုင်၊ ၄ ဖာလုံအား တန့်ယန်း မြို့နယ်မှ လည်း ကောင်း တာဝန်ယူ ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ၎င်းလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်အစီး ရေမှာ ၄၉၅ စီးခန့်ဖြစ်ပြီး တန့်ယန်းခရိုင်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၏ မြို့တော်ဖြစ်သော လားရှိုးမြို့သို့ ခရီးသည်နှင့် ကုန်စည် စီးဆင်းမှုအတွက် အဓိကအသုံးပြုသည့် လမ်းလည်းဖြစ်ပါကြောင်း၊ဟိုယ-တန့်ယန်းလမ်း၏ လက်ရှိလမ်း အခြေအနေတွင် ၂၄ ပေအကျယ် ကတ္တရာလမ်း ၇.၅ ဖာလုံ၊ ၁၈ ပေ အကျယ် ကတ္တရာလမ်း ၂၄ မိုင်၊ ၃.၅ ဖာလုံနှင့် ၁၂ ပေအကျယ်ကတ္တရာလမ်း ၇ မိုင်၊ ၅ ဖာလုံ ရှိပါ ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် ကတ္တရာ လမ်းမျက်နှာပြင်ညှိခြင်းကို ၇.၅ ဖာလုံ၊ ကတ္တရာလမ်းများပြုပြင်ခြင်း၅.၇၅ ဖာလုံနှင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
မိုင်းရယ်မြို့နယ်အတွင်းရှိ ၃ မိုင်မှ ၇ မိုင်၊ ၄ ဖာလုံအထိအပိုင်းမှာ လွယ်ပန် တောင်ကြော အပိုင်းဖြစ်ပြီး အတက်အဆင်း၊ အကွေ့အကောက်မတ်စောက်သော လမ်းကွေ့ ၅ နေရာရှိပါကြောင်း၊ အဆိုပါလမ်းကွေ့ ၅ နေရာအား ၂၄ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင် ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် ဒုတိယအချက်ဖြစ်သော ဟိုယ-တန့်ယန်းလမ်း၏ တန့်ယန်းမြို့နယ်အပိုင်း ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ရန် လက်ရှိ မြေပြင်တွင် ၇ မိုင်၊ ၅ ဖာလုံကျန်ပါသေးကြောင်း၊ အဆိုပါ ၇ မိုင်၊ ၅ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်မှစတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ရန်ပုံငွေတွက်ချက်တင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မေးခွန်းပါတတိယအချက်ဖြစ်သည့်တန့်ယန်း မြို့နယ်အတွင်းအပိုင်းမှာအောင်တော်မူ စေတီမှ ထွန်းခမ်းဟိုတယ်ရှေ့အထိ ဟိုယ-တန့်ယန်း လမ်းအပိုင်းဖြစ်ပြီးတော့ ထွန်းခမ်းဟိုတယ်မှ ပတ္တမြားစက်သုံးဆီဆိုင်အထိသည် တန့်ယန်း-မိုင်းကောင်- တာမဆွန်လမ်းပိုင်းဖြစ်ပါကြောင်း။ ဟိုယ-တန့်ယန်းလမ်း၏ ၃၀ မိုင် တန့်ယန်းမြို့နယ်အဝင် အောင်တော်မူစေတီမှ ၃၂ မိုင်၊ ၂.၅ ဖာလုံအထိ ၂ မိုင်၊ ၂.၅ ဖာလုံသည် ၁၈ ပေအကျယ်ကတ္တရာလမ်း ဖြစ်ပါကြောင်း၊ ၃၂ မိုင်၊ ၂.၅ ဖာလုံမှ ၃၃ မိုင် ထွန်းခမ်းဟိုတယ်ရှေ့ထိ ၅.၅ ဖာလုံမှာ ၂၄ ပေအကျယ် ကတ္တရာလမ်းဖြစ်ပါကြောင်း၊ တန့်ယန်း-မိုင်းကောင်- တာမဆွန်လမ်းသည် တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းအရှည်မှာ စုစုပေါင်း ၅၀ မိုင်ရှိပြီး မြို့နယ်၊ ကျေးရွာများဆက်သွယ်ထားသည့်လမ်းဖြစ်ပါတယ်ခင်ဗျား။ တန့်ယန်း-မိုင်းကောင်-တာမဆွန်လမ်း၏ လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ်ကတ္တရာလမ်း ၁ မိုင်၊ ၇ ဖာလုံ၊ ၁၂ ပေအကျယ် ကတ္တရာလမ်း ၂၃ မိုင်၊ ၁ ဖာလုံနှင့် အမာခံလမ်း ၆ မိုင်၊ မြေသားလမ်း ၁၉ မိုင်ရှိပါကြောင်း။
တန့်ယန်း-မိုင်းကောင်- တာမဆွန်လမ်း၏ တန့်ယန်းမြို့နယ်အတွင်းလမ်းပိုင်းဖြစ်သည့် ၀ မိုင် ထွန်းခမ်းဟိုတယ်ရှေ့မှ ပတ္တမြားဆီဆိုင်ရှေ့ထိ ၇ ဖာလုံမှာ ၁၈ ပေအကျယ်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း ပေါ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေနှင့် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၊ ၆ ဖာလုံနှင့် ၇ ဖာလုံကြားလမ်းပိုင်း များ ကို ကတ္တရာမျက်နှာပြင်များ ပြန်လည်ညှိပေးမည်ဖြစ်ပါကြောင်း၊ ၂ ဖာလုံနှင့် ၃ ဖာလုံအတွင်းရှိ ရေလယ်ဘုရားရှေ့နေရာ ၅၅၀ ပေ အား ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေး သွားမည် ဖြစ်ပါ ကြောင်း၊ တန့်ယန်းမြို့နယ်အတွင်း လမ်းပိုင်းများဖြစ်သော ၂၄ ပေအကျယ် တစ်ဆက်တစ်စပ် တည်းဖြစ်စေရန်အတွက် တန့်ယန်းမြို့အဝင်မုဒ်ဦး အောင်တော်မူ စေတီမှ ၃၂ မိုင်၊ ၂.၅ ဖာလုံအထိ ၂ မိုင်၊ ၂.၅ ဖာလုံအပိုင်းနှင့် ထွန်းခမ်းဟိုတယ်ရှေ့မှ ပတ္တမြားဆီဆိုင်ရှေ့ အထိ ၇ ဖာလုံတို့အား ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြတောင်းခံပြီးတော့ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
မေးခွန်းပါစတုတ္ထအချက်ဖြစ်သည့် နောင်ဖောလမ်းသည် တန့်ယန်း-နောင်ဖောလမ်း၏ လမ်း အပိုင်းဖြစ်ပါကြောင်း၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ၁၂ မိုင်ရှည်သည့် မြို့နယ်၊ ကျေးရွာ များကိုဆက်သွယ်သည့်လမ်းဖြစ်ပါကြောင်း၊ တန့်ယန်း- နောင်ဖောလမ်း၏ လက်ရှိ အခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်း ၁ မိုင်၊ ၄ ဖာလုံ၊ ၁၂ ပေ အကျယ် ကတ္တရာလမ်း ၁၀ မိုင်၊ ၄ ဖာလုံရှိပါကြောင်း၊ တန့်ယန်း-နောင်ဖောလမ်း၏ မြို့တွင်းလမ်းအပိုင်း ဖြစ်သည့် ၀ မိုင်မြို့နယ် ရဲစခန်းအနီး သုံးမြှောင့်မှ ပြည့်ဝဆီဆိုင်အထိ ၁ မိုင်နှင့်၇ ဖာလုံရှိပါ ကြောင်း၊ ၀ မိုင်မှ ၁ မိုင်၊ ၄ ဖာလုံ အထိ ၁၈ ပေအကျယ်ကတ္တရာလမ်းဖြစ်ပါကြောင်း၊ ၁ မိုင်၊ ၄ ဖာလုံမှ ၁ မိုင်၊ ၇ ဖာလုံအထိ ၃ ဖာလုံမှာ ၁၂ ပေအကျယ်ကတ္တရာလမ်းဖြစ်ပါကြောင်း၊ တန့်ယန်း-နောင်ဖော လမ်း၏ မြို့တွင်း လမ်းပိုင်း ပေ ၅,၀၀၀ အားပြုပြင်ဆောင်ရွက်ရန် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရန်ပုံငွေ တင်ပြ တောင်းခံသွားမည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌လည်း အဆိုပါလမ်းကိုတင်ပြထားသည့်အတွက် ဖြေကြား ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့တွင်းလမ်းအပိုင်းဖြစ်သည့် ၁ မိုင်၊ ၄ ဖာလုံမှ ၁ မိုင်၊ ၇ ဖာလုံအထိ ၃ ဖာလုံကို ပထမဆင့် အနေဖြင့် ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ လျာထား တင်ပြပြီး ရရှိရန်ပုံငွေပေါ်မူတည်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ၀ မိုင်မှ ၁ မိုင်၊ ၇ ဖာလုံထိ ၁ မိုင်၊ ၇ ဖာလုံအား ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းဆောင်ရွက်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုလည်း ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ တင်ပြ၍ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။