ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)
ဝမ်းတွင်းမြို့နယ် ရွာဝေအုပ်စုရှိ ကျေးရွာ ၄ ရွာနှင့် မြစ်သားမြို့နယ်ကျေးရွာများတို့မှ ပြည်သူများ သွားလာနေသည့် ကင်းတားလက်ဝဲမြောင်းမကြီးသည် DY-16 မှ ရွာဝေသွား သင်ပုန်းဆိုင်ဖွန်အထိ ယာဉ် ၂ စီးရှောင်၍မရဘဲ သွားလာနေကြရပါသဖြင့် အကျယ်ပေ ၃၀ ကွန်ကရစ်လမ်း ဖောက်လုပ် ပေးရန်နှင့် ဝမ်းတွင်း-ပင်းတလဲလမ်း ၁၄/၀ မိုင်မှာ နှစ်စဉ်ပျက်စီးမှုဖြစ်ပေါ်နေသဖြင့် ကတ္တရာလမ်း အဖြစ် ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဝမ်းတွင်းမြို့နယ် ရွာဝေ အုပ်စုရှိ ရွာဝေကျေးရွာ၊ ကန်တိုကျေးရွာ၊ ကန်မှောက်ကြီးကျေးရွာ၊ ရေလယ်ကွေ့ကျေးရွာနှင့် မြစ်သားမြို့နယ်ကျေးရွာများမှ ပြည်သူများသည် နှစ်မြို့နယ် သွားလာ ဆက်သွယ်၍ရသော ကင်းတား လက်ဝဲမြောင်းမကြီးပေါင်ပေါ်တွင် အဓိကအားထား သွားလာကြရပါ ကြောင်း၊ ကင်းတားလက်ဝဲ မြောင်းမကြီးသည် ရွှေတောင်ရွာ DY-16 မှ DY-18 ကန်တိုရွာ သွားရာ လမ်းမှ သင်ပုန်းဆိုင်ဖွန်အထိ မြင့်မားမတ်စောက်ပြီး ယာဉ် ၂ စီးရှောင်၍မရဘဲ အန္တရာယ်များပြားစွာ သွားလာနေကြရပါကြောင်း၊ မိုးရာသီတွင် ဆည်မြောင်းဦးစီးဌာနမှ မြောင်းပေါင်ပျက်စီးမည်စိုး၍ ယာယီသွားလာခွင့်ပြုခြင်းမရှိဘဲ ခြောက်သွေ့မှသာ ယာဉ်များသွားလာခွင့်ရရှိပါကြောင်း၊ သို့ပါ၍ အဆိုပါ ကင်းတားဘောင်အောက်ခြေတွင်ကပ်လျက် လူနှင့်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာ နိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာနပိုင်မြေအတွင်း ရွှေတောင်ရွာ DY-16 မှ ကန်တိုကျေးရွာလမ်းခွဲ DY-18 အထိ အကျယ် ၃၀ ပေ ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ချောလမ်း ဖောက်လုပ်ပေးနိုင်ပါ ရန်နှင့် အရှည် ၁၄ မိုင်ရှိ ဝမ်းတွင်းမြို့နှင့် မြို့၏အနောက်ဘက်ခြမ်းဆက်သွယ်ထားသော ဝမ်းတွင်း-ပင်းတလဲလမ်းမကြီးသည် လူဦးရေများပြားစွာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍများအတွက် အဓိကအားထားရသော လမ်းဖြစ်ပါ၍ သက်ဆိုင်ရာဌာနမှ ဥတုသုံးပါးစလုံး သွားလာရ လွယ်ကူစေရန် ဆောင်ရွက်ပေးရာတွင် ဖာလုံအဆင့် ကတ္တရာလမ်းခင်းပေးသောကြောင့် လမ်းပိုင်းသည် နှစ်စဉ် ပျက်စီးမှုဖြစ်ပေါ်နေပါကြောင်း၊ သို့ပါ၍ တစ်ဆက်တစ်စပ်တည်း ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ၍ ပြည်သူများကိုယ်စား မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
ကင်းတားလက်ဝဲမြောင်းမကြီးပေါင်ပေါ်ရှိ လမ်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာန ကင်းတား၏ ဌာနပိုင်လမ်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသွားသည့် DY-16 မှ ရွာဝေသွား သင်ပုန်းဆိုင်ဖွန်အထိ အပိုင်းတွ၍် ကင်းတားလက်ဝဲမြောင်းမကြီး၏လက်တံ ၁၆ မှ လက်တံ ၁၈ အတွင်းရှိ မြောင်းကို လိုက်စစ်သည့်လမ်းဖြစ်ပါကြောင်း၊ အလျား ၄.၅ မိုင် ရှိပါ ကြောင်း၊ မြောင်းစစ်လမ်း၏ တချို့နေရာများတွင် မြောင်းပေါင်အမြင့် ၂၅ ပေ၊ အကျယ် ၁၄ ပေခန့် ရှိပြီး ဖို့မြေများ ဖြစ်ပါကြောင်း၊ ယာဉ် ၂ စီးသွားရန် မလုံလောက်ပါကြောင်း၊ အဆိုပါကင်းတား လက်ဝဲမြောင်းပေါင်အခြေတွင် အကျယ်ပေ ၃၀ ရှိသည့် လမ်းဖောက်လုပ်မည်ဆိုပါက လမ်းပိုင်း၏ ဆက်စပ်သည် ၁၂ ပေသာရှိပြီး လမ်းနှင့်ကပ်လျက်တွင် လျှပ်စစ်ဓာတ်တိုင်များရှိပြီး စိုက်ပျိုးမြေများ လည်း ရှိပါကြောင်း၊ လိုအပ်သော လမ်းအကျယ်ရရှိစေရန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မြောင်းပေါင်အခြေလမ်းကိုလည်း ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာအသုံးပြုနိုင်ရန် အတွက် လိုအပ်သော လမ်းသွားအနိမ့်အမြင့်အထိ ရရှိစေရန် မြေသားထုကို အနည်းဆုံး ၆ ပေမှ ၁၀ ပေအထိ တစ်ဆင့်နိမ့် မြောင်းပေါင်လုပ်ပြီးဖို့ရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ၎င်း မြောင်းပေါ်ရှိ ကွန်ကရစ်လမ်း သို့မဟုတ် သင့်တော်သည့် လမ်းတံတားခင်းခြင်းကို လုပ်ပြီးမှသာ ဆောင်ရွက်ပေး၍ ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယာဉ်တစ်စီးနှင့် တစ်စီးရှောင်နိုင်ရန် Passing Bay များလည်း လုပ်ပေးရမည်ဖြစ်ပါကြောင်း၊ လမ်းကျဉ်းသည့်အတွက် ယာဉ်တစ်စီးချင်းရှောင်၍ရအောင် နေရာများလည်း ပေ ၁,၀၀၀ တွင် တစ်ခုနှုန်းနှင့် ထည့်သွင်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကင်းတားလက်ဝဲမြောင်းမကြီး လက်တံ ၁၆ မှ လက်တံ ၁၈ အထိ မြောင်းပေါင်အခြေလမ်းကို ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ရန်အတွက် မူလလမ်းဘေးရှိ လျှပ်စစ်ဓာတ်အားလိုင်း များ ကင်းလွတ်သည့်နေရာသို့ ပြောင်းရွှေ့နိုင်ရေး၊ စိုက်ပျိုးသည့်နေရာများအား လမ်းနယ်နိမိတ် အဖြစ် ရရှိအောင် ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံတောင်သူများနှင့် ဦးစွာ ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ညှိနှိုင်းဆောင်ရွက်မှုအပေါ် မူတည်၍ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကုန်ကျစရိတ်တွက်ချက်၍ လိုအပ်သည့်ရန်ပုံငွေကို ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေ ဖြင့် သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေဖြင့် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေကြားအပ်ပါကြောင်း။
ဒုတိယပိုင်းဖြစ်သည့် ဝမ်းတွင်း-ပင်းတလဲ လမ်းသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စုစုပေါင်းလမ်းအရှည် ၁၄ မိုင်၊ ၅ ဖာလုံရှိသည့် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေမှာ ကွန်ကရစ်လမ်း ၃ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင်၊ ၄.၆၃ ဖာလုံနှင့် ကျောက်လမ်း ၈ မိုင်၊ ၅.၃၇ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါ ဝမ်းတွင်း-ပင်းတလဲလမ်း၏ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ကတ္တရာလမ်းပိုင်းကို သွားလာမှုအဆင်ပြေရန် အတွက် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ကျောက်လမ်း ၈ မိုင်၊ ၅.၃၇ ဖာလုံကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှ စတင်၍ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီး ဌာနမှ ပြည်ထောင်စုရန်ပုံငွေကို လျာထားတင်ပြပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မေးမြန်းထားသည့် ဝမ်းတွင်း-ပင်းတလဲလမ်းနှင့် တစ်ဆက်တည်းဖြစ်သော ပင်းတလဲ-အမြန်လမ်းရှိ အဆင့်မြှင့်တင်ရန် ကျန်ရှိနေသည့် အမာခံလမ်း ၁ မိုင်၊ ၁ ဖာလုံကိုလည်း ကျောက်လမ်း၊ ကတ္တရာလမ်းဖြစ်အောင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ မန္တလေးတိုင်းဒေသ ကြီးလမ်းဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဖြေကြားခဲ့ပါသည်။
ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ယခုလက်ရှိတွင် ကင်းတား မြောင်းပေါင်ကပ်လျက် ၁၂ ပေအကျယ်လမ်းရှိပြီး ၎င်းလမ်းသည် နွားလှည်းများသာ သွားလာ၍ ရသော ချိုင့်ခွက်များနှင့် ရွှံ့လမ်းဖြစ်နေသည့်အတွက် လိုအပ်သော ယာဉ် ၂ စီး ရှောင်၍ရသော လမ်းပေါ်ပေါက်လာရေး ညှိနှိုင်းဆောင်ရွက်ဆဲကာလအတွင်း လက်ရှိ ၁၂ ပေ အကျယ်လမ်းအား DY-16 မှ DY-18 အထိ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ သွားလာ မှုလွယ်ကူစေရေးအတွက် ကျောက်ချောလမ်း သို့မဟုတ် ကွန်ကရစ်လမ်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အပိုင်းသည် လက်ရှိလမ်းကို ကျောက်လမ်း လုပ်ပေးရန်မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ရန်ပုံ ငွေတွက်ချက်တင်ပြ၍ ရန်ပုံငွေရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒီမှာအချိန်မရသည့် အတွက် မရှင်းလင်းသည့် အချက်အလက်များရှိလျှင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးအားလုံး ကို မိမိတို့ရုံးသို့ အချိန်မရွေး လာရောက်ဆွေးနွေးရန် အားလုံးကို ဖိတ်ခေါ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။