MY EN

(က)-ဒေါက်တာအောင်ကြီး(ကျိုက်လတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-22
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာအောင်ကြီး(ကျိုက်လတ်မဲဆန္ဒနယ်)
နေပြည်တော်ကောင်စီနယ်မြေတွင် အများပြည်သူ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်သည့် ဘတ်စ်လိုင်းကားများပြေးဆွဲပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ယခုလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၌ မီတာနှင့် သုံးစွဲရသည့် အငှားယာဉ်တက္ကစီ ပြေးဆွဲရန်အစီအစဉ်ရှိ/ မရှိ မေးမြန်း သည့်အခါ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မှ နေပြည်တော်ကောင်စီနယ်မြေတွင် နေပြည် တော်ကောင်စီအစီအစဉ်ဖြင့် အငှားယာဉ် ၂၇ စီးနှင့် ပုဂ္ဂလိကတစ်ဦးချင်းပိုင်များ ကိုယ်စီပြေးဆွဲ လျက်ရှိပါကြောင်းနှင့် အငှားယာဉ်တက္ကစီဆောင်ရွက်လိုသည့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များကို ပြေးဆွဲ ခွင့် လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်းကို ပြန်လည် ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း။

နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်သမ္မတရုံးအပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာန အားလုံး ရုံးစိုက်ရာ နယ်မြေဖြစ်ပြီး ရုံးသူရုံးသားဝန်ထမ်းများ၊ မိသားစုများ နေထိုင်လျက်ရှိ သည်ကို သိရှိရပါကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ် ၈ မြို့နယ်နှင့် ကျေးရွာအုပ်စုများရှိ ကျေးရွာများမှ တောင်သူလယ်သမားများ၊ ဝန်ထမ်းများ၊ လက်လုပ် လက်စားများ ကျောင်းသူ၊ ကျောင်းသားများနှင့် သံဃာတော်များအပါအဝင် စုစုပေါင်း လူဦးရေ ဆယ်သိန်းနီးပါးခန့် နေထိုင်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေကို တာဝန်ဖြင့် လာရောက်ကြသည့် ဝန်ထမ်းများ၊ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ၊ အလည်အပတ်လာရောက်ကြသူများ အနေဖြင့် လည်ပတ်ကြည့်ရှုသွားလာနိုင်ရန် ပုဂ္ဂလိကအငှားယာဉ်များအပြင် ဈေးနှုန်းချိုသာစွာ သွားလာနိုင် သည့် ဘတ်စ်ကားလိုင်းများရှိရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် နေပြည်တော်ကောင်စီနယ်မြေ တွင် ထိုင်တော်မူကျောက်စရစ်ရုပ်ပွားတော်များနှင့် ကမ္ဘာတွင် ညဏ်တော်အမြင့်ဆုံး မာရဝိဇယ ရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်သည့်အပြင် ရွှေတိဂုံစေတီတော် ပုံတူ ဥပါဒသန္တိစေတီတော်မြတ်ကြီး၊ ရပ်တော်မူဘုရားကြီး၊ ဗုဒ္ဓဂါယာစတဲ့တန်ခိုးကြီးဘုရားများ တည်ထားကိုးကွယ်ထားရှိသည့်ဒေသဖြစ်ပါကြောင်း၊ ထို့ပြင် ငလိုက်ဆည်၊ ပေါင်းလောင်းဆည်၊ ရေဆင်း ဆည်စသည့် သဘာဝအလှအပရှုခင်းများကို ခံစားနိုင်သည့်နေရာများ သဘာဝအတိုင်းရှိနေ သည့် အပြင် State Academy ၊ Polytechnic University၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်များလည်း တည်ရှိသည့်နေရာဒေသဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် နေထိုင် ကြသည့်ပြည်သူများနှင့် ခေတ္တလာရောက်လည်ပတ်ကြမယ့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ နိုင်ငံခြားသားများ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဈေးနှုန်းချိုသာစွာသွားလာနိုင်သည့်အဆင့်မြင့် ဘတ်စ်ကား လိုင်းများ ပြေးဆွဲပေးနိုင်ပါရန် အကြံပြုတင်ပြရခြင်းဖြစ်ပါကြောင်းဖြင့် မေးမြန်းသွားပါသည်။ 

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်

နေပြည်တော်အတွင်းဝန်ထမ်းများ၊ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် တော်ဝင်ယာဉ် အသင်းမှ ၂၀၀၆ ခုနှစ်ခန့်မှစပြီး တစ်နေ့လျှင် မော်တော်ယာဉ် ၃ စီးနှုန်းဖြင့် ပျဉ်းမနား-တပ်ကုန်း၊ ပျဉ်းမနား-လယ်ဝေးယာဉ်လိုင်း၂ လိုင်းအား ပြေးဆွဲပေးခဲ့ပြီး ခရီးသည်မရရှိ၍ စီးပွားရေး တွက်ခြေ ကိုက်မှုမရှိသည့်အတွက်  ၂၀၀၉ ခုနှစ်ခန့်တွင် ရပ်နားခဲ့ပါကြောင်း၊ လက်ရှိတွင်  မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)၏ ကြီးကြပ်မှုဖြင့် ရွှေသပြေ၊ ရွှေအောင်လံ၊  Light Truck ယာဉ် ငယ်များဖြင့် ပျဉ်းမနား-မြို့မဈေး၊ ပျဉ်းမနား-မြို့မဈေး-တောင်ညို၊ ပျဉ်းမနား-တပ်ကုန်းခရီးစဉ်များကို နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိပါကြောင်း၊ Light Truckယာဉ်များ ဖြစ်သည့် အတွက်ခရီးသည်များစီးနင်းမှုနည်းပါးပြီး ဈေးပတ်လိုက်သောဈေးသည်များနှင့် ၎င်းတို့၏ ကုန်ပစ္စည်း များသာ တင်ဆောင် ပြေးဆွဲလျက်ရှိပါကြောင်း၊ တော်ဝင်ယာဉ်အသင်းအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်မှုအရ ၂ဝ၂၄ ခုနှစ်မှစတင်၍ နေပြည်တော်အတွင်း ခရီးသွာ ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသူ/ သားများ သွားလာမှုအဆင်ပြေစေရေးအတွက်ကို ခရီးစဉ် ၁ အနေဖြင့် ဘောဂသီရိမှ - Naypyitaw Technology University (NTU)- မာရဝိဇယဘုရား-NayPyiTaw  State Academy (NSA)-မြို့မဈေးသို့လည်းကောင်း၊ ခရီးစဉ် ၂ လယ်ဝေး-Naypyitaw Technology University (NTU)- မာရဝိဇယဘုရား-Naypyitaw State Academy (NSA) သို့ လည်းကောင်း၊ ခရီးစဉ် ၃ သိုက်ချောင်း- Naypyitaw State Academy (NSA)- မာရဝိဇယဘုရား-NaypyitawTechnology University (NTU) သို့လည်းကောင်း၊ ခရီးစဉ် ၄ ကို သိုက်ချောင်း
ပုဗ္ဗသီရိ -Naypyitaw State Academy (NSA)-မာရဝိဇယဘုရား-Naypyitaw
Technology University (NTU)သို့လည်းကောင်း စသည့်ခရီးစဉ် ၄ ခုကို ဘတ်စ်ကားများဖြင့် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နေပြည်တော်အတွင်းမှာ မီတာဖြင့်သုံးစွဲရသည့် အငှားယာဉ်များဖြင့် မြို့တွင်းယာဉ်လိုင်းပြေးဆွဲနိုင်ရေးအတွက်ကို ရာဇာမင်းခရီးသည် ပို့ဆောင်ရေးယာဉ် အသင်းအား နေပြည်တော်ကောင်စီမှ ၂ဝ-၅-၂ဝ၂၃ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေရုံး (နေပြည်တော်) အနေဖြင့် ခရီးစဉ်ပြေးဆွဲ ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရာဇာမင်းယာဉ်အသင်းအနေဖြင့် ခရီးစဉ်ပြေးဆွဲနိုင်ခြင်း မရှိသေးသော်လည်း နောင်တွင် နေပြည်တော်မြို့အတွင်း ပြေးဆွဲခြင်းရှိလာ မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ် (Public Transportation) ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကို နေပြည်တော် ကောင်စီနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနတို့မှ ယာဉ်အသင်းများ အလေးထား၍ဆောင်ရွက်ပေးခဲ့သော်လည်း လိုက်ပါစီးနင်းသည့် ခရီးသည်ရရှိမှုနည်းပါးသည့် အတွက်စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိ သောကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့မှုနည်းပါး ခဲ့ကြောင်း တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း ဘတ်စ်ကားများ၊ ယာဉ်လိုင်းများ ပြေးဆွဲမှုနှင့်စပ်လျဉ်း၍ ရွှေသပြေ၊ ရွှေအောင်လံ၊ ရွှေပြည်သစ် ယာဉ်လိုင်း ၃ လိုင်းမှ Light Truck ယာဉ်များဖြင့်လည်းကောင်း၊ တော်ဝင်ယာဉ် အသင်းက လမ်းကြောင်း၄ခုသတ်မှတ်၍ ဘတ်စ်ကားများဖြင့်လည်းကောင်း ပြေးဆွဲလျက်ရှိပါကြောင်းနှင့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းကမီတာဖြင့် သုံးစွဲရသည့် အငှားယာဉ်များဖြင့် မြို့တွင်း ယာဉ်လိုင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်