ဦးစိုင်းဆန်စိန်(တန့်ယန်းမဲဆန္ဒနယ်)
တန့်ယန်းမြို့ ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသည် ၁၉၆၂ ခုနှစ်တွင် မြို့စားပိုင်မှ မြေလှူဒါန်းပြီး ပြည်သူ လူထုများမှ စုပေါင်းဆေးရုံအဆောက်အဦ ဆောက်လုပ်လှူဒါန်းခဲ့သည့်အတွက် ယနေ့အထိ ၆၄ နှစ် သက်တမ်းရှိပြီပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး၏မြေသည် ၃.၆၇၁ ဧက၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး (ဌာနမှူး)နေအိမ် ၀.၉၄၉ ဧက၊ ပြည်သူ့ဝန်ထမ်းနေအိမ် ၀.၆၅၆ ဧကရှိပြီး ဌာနပိုင်ပုံစံ(၁၀၅) ရှိပါကြောင်း၊ တန့်ယန်းမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်တွင်ရှိပြီး အရှေ့ဘက်တွင် သံလွင်မြစ်၊ အနောက်ဘက်တွင် မိုင်းရယ်မြို့၊ တောင်ဘက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မြောက်ဘက်တွင် လားရှိုးမြို့နယ်တို့ ထိစပ်လျက်ရှိပါကြောင်း၊ တန့်ယန်းမြို့နယ်တွင် ရှမ်း၊ ဗမာ၊ ပလောင်၊ ဝ၊ လားဟူ စသည့် တိုင်းရင်းသားများ စုပေါင်း နေထိုင် လျက်ရှိပြီး လူဦးရေ ၁၉၁,၇၅၉ ဦးရှိပါကြောင်း၊ အထူးကုဆရာဝန်ကြီးများရှိသည့် လားရှိုး မြို့နှင့် ၈၅ မိုင်ခန့် ကွာဝေးပါကြောင်း၊ တန့်ယန်းမြို့တွင် တပ်မတော်ဆေးရုံတစ်ရုံ၊ ပုဂ္ဂလိက ကိုယ်ပိုင်ဆေးရုံ ၃ ရုံ ရှိပါကြောင်း၊ တန့်ယန်းမြို့ရှိ အစိုးရ ၂၅ ခုတင်ဆံ့ဆေးရုံတွင် ဖွဲ့စည်းပုံ စံကိုက်မပြည့်စုံခြင်း၊ ကုသရေးဓာတ်ခွဲခန်း ပစ္စည်းများ၊ လူနာခုတင်၊ လျှပ်စစ်မီးများ မပြည့်စုံခြင်း၊ ကုသရေးဆရာဝန် ၁ ဦးနှင့် သွားဆရာဝန် ၁ ဦး သာရှိခြင်း၊ ဝန်ထမ်းအင်အားနည်းပါးခြင်းတို့ကြောင့် ပြင်ပဆေးရုံကိုသာ တက်ရောက်ကုသခဲ့ကြပါကြောင်း။
တန့်ယန်းဆေးရုံ ၂၅ ခုတင်၏အချက်အလက်များကိုလည်း မေးခွန်းနှင့်အတူ ပူးတွဲတင်ပြထားပြီး ဖြစ်သည့်အတွက် လိုအပ်သည်များကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ တန့်ယန်းသည် ခရိုင်မြို့ ဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံခုတင် ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်းနှင့် ခုတင် ၅၀ ဆံ့ မရခင် ယခု လတ်တလော ၂၅ ခုတင်ဆံ့ဆေးရုံ အတွက် စံကိုက်ပြည့်စုံအောင် လိုအပ်သည့် ဓာတ်ခွဲခန်းပစ္စည်းများ၊ ဆရာဝန်များ၊ သူနာပြုများ ထပ်မံဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင်၂၅ ခုတင်ဆံ့ဆေးရုံ၁ ရုံ၊ ဝိန်းကောင်
တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံနှင့် မိုင်းကောင်တိုက်နယ် ဆေးရုံစုစုပေါင်း ၅ ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ တန့်ယန်းမြို့ပြည်သူ့ဆေးရုံ၏ တစ်နေ့ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၃ နှစ်တွင် ပျမ်းမျှအနေဖြင့် ၂၄ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းမှာ ၃ နှစ်စာ ပျမ်းမျှအားဖြင့် ၉၇ ရာခိုင်နှုန်းရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ယခုအခါ ဆေးရုံခွင့်ပြုခုတင်အသုံးချမှုရာခိုင်နှုန်းမှာ သတ်မှတ်ထားသောမူအရ ခုတင်အဆင့်မြှင့်တင်ရန် ခွင့်ပြုရာခိုင်နှုန်းအသုံးပြုမှု ၃ နှစ်စာပျမ်းမျှကို ပြည့်မီရန်လိုအပ်လျက်ရှိပါသဖြင့် လတ်တလော ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင်ရေးအစီအစဉ်မရှိသေးပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့် ဆေးရုံများအဆင့်မြှင့်တင်ရာမှာ ဒေသလိုအပ်ချက်၊ ဆေးရုံ၏ လက်ရှိကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မှုအခြေအနေနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်မှု အခြေအနေအပေါ်မှာမူတည်ပြီး ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်ပေးနေရခြင်းဖြစ်ပါကြောင်း၊ ဒေသ အခြေအနေအရဆိုသည်မှာ ဒေသဖွံ့ဖြိုးတိုးတက်လာပြီး လူဦးရေ လွှမ်းခြုံမှုပိုမိုကောင်းမွန်၍ လိုအပ်လာသည့်အခါမျိုးတွင် မိမိတို့စဉ်းစားပေးနိုင်ပါကြောင်း၊ နောက်တစ်ခုမှ ခက်ခဲသည့်ဒေသ ဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေသေးသော်လည်း လူနာများသယ်ယူပို့ဆောင်ရေး တခြားနေရာသို့ သွားရောက်ရန် အခက်အခဲရှိသည့်အခါမျိုးတွင်လည်း ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် ဆေးရုံ၏ ၃ နှစ်တာကာလအတွင်း လူနာတင်ဦးရေအပေါ် မူတည်ပြီး သတ်မှတ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အနည်းဆုံး ၃ နှစ်တာကာလအတွင်း နှစ်စဉ်တစ်နှစ် ထက်တစ်နှစ် လူနာဦးရေတိုးတက်လာပြီး ခုတင်ခွင့်ပြုချက်ကျော်လွန်လာလျှင် ဦးစားပေး စဉ်းစားရခြင်း ဖြစ်ပါကြောင်း၊ တန့်ယန်းဆေးရုံကြီးအနေဖြင့် ၃ နှစ်တာကာလအတွင်းမှာ ၂၅ ခုတင်ဆံ့ ဆေးရုံမှာ ၂၄ ဦးသာ ပျမ်းမျှ ရှိနေဆဲဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ပြည့်မီမှုအပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လတ်တလောအနေဖြင့် တန့်ယန်းပြည်သူ့ဆေးရုံကြီးအား ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါကြောင်း။
တန့်ယန်းပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ၂ ဦး၊ သူနာပြု ၁၈ ဦး တွဲဖက်-၃ ဦးအပါအဝင် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်(၃)ဓာတ်ခွဲ ၁ ဦး၊ ကျွမ်းကျင်(၄)ဓာတ်ခွဲ ၁ ဦး၊ ကျွမ်းကျင်(၄)ဆေးစပ် ၁ ဦး၊ ကျွမ်းကျင်(၄)ဓာတ်မှန် ၁ ဦး၊ ကျွမ်းကျင်(၄)ဆေးမှတ်တမ်း ၁ ဦးနှင့် အခြားဝန်ထမ်းများ တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ ဆေးရုံလုပ်ငန်းများ ဆောင်ရွက်ချက်ပိုမိုကောင်းမွန်ရန်အတွက် ဝန်ထမ်းများ မဖြည့်ဆည်း ပေးနိုင်သော်လည်း ဆေးရုံသုံးစက်ပစ္စည်းများကို ယခုလအတွင်းမှာ ဖြည့်ဆည်းဆောင်ရွက်နေပြီ ဖြစ်ပါ ကြောင်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် လူနာခုတင်များအပါအဝင် အမျိုးအစား ၁၂ မျိုး၊ အရေအတွက် အားဖြင့် ၂၈ ခုကို ယခုလအတွင်း ပို့ဆောင်နေပြီဖြစ်ပြီး လူနာခုတင်များသာ ပေးပို့ရန်ကျန်ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။