MY EN

(ဆ)- ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်)-မေးခွန်း

2026-06-22
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်)
ဖောင်းပြင်မြို့ ခုတင် ၅၀ ဆံ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင့် တာဝန်ချခန့်ထားပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဖောင်းပြင်မြို့နယ်အတွင်းကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာအုပ်စု ၄၀ အုပ်စု စုစုပေါင်း ၄၂ အုပ်စုအဖြစ် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၁၇၆ ရွာရှိပါကြောင်း၊ ယနေ့ ကမ္ဘာ့လူသားအားလုံး အတွက် ကျန်းမာရေးအခန်းကဏ္ဍအနေဖြင့် မရှိမဖြစ် အရေးကြီးသော ဦးစားပေး အဆင့်ဖြစ်ပါ ကြောင်း၊  မိမိမြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုကို ပြန်ကြည့်လျှင် ၂၀၂၁-၂၀၂၂ ကြားကာလတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် မိမိတို့ ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းများ စွန့်ခွာမှုကြောင့် ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု မရှိပါကြောင်း၊ မိဘပြည်သူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ရပ်ဆိုင်းခဲ့ပါကြောင်း၊ ဒုတိယကိုဗစ်ကာလအတွင်း မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဦးဆောင်မှုနှင့်အတူ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ မြို့မိမြို့ဖများ ဒေသအာဏာပိုင် အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းမှုနှင့်အတူ တပ်မတော်ဆေးဗိုလ်ကြီးတစ်ဦးနှင့် ဦးဆောင်ပြီး အခက်အခဲအမျိုးမျိုးကြားထဲမှ  ဒေသခံ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုနေရာတွင် ထိုအချိန်က တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးဗိုလ်ကြီးကို မိမိအပါအဝင် မိမိမြို့နယ်မှ ပြည်သူအားလုံးမှ လေးစားပါကြောင်း၊ မကြာခင်က မြို့နယ်ဆရာဝန်ကြီးရောက်ရှိလာပြီး ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ လည်ပတ် နိုင်ခဲ့ပါကြောင်း၊  ၉-၁၀-၁၉၉၀ ရက်တွင် ၂၅ ခုတင်တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပထမဒီမိုကရေစီ သက်တမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်တွင် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးသာအေးကိုယ်တိုင် ၇-၃-၂၀၁၄ တွင် ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆောက်အဦကို ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယနေ့အထိ မြို့နယ်ဆရာဝန်တစ်ဦးသာရှိပြီး ၎င်းဆရာဝန်နှင့်အတူ ခုတင် ၅၀ ဆံ့ဆေးရုံ၏ စံနှုန်းစံကိန်းနှင့်အညီ လိုအပ်လျက်ရှိသော ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ဝန်ထမ်းများ လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ကျန်းမာရေးကဏ္ဍကို အလေးထားမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ထားရှိသည်ကို တွေ့ရပါကြောင်း၊ ပြည်သူပြည်သားများ ကျန်းမာမှ ပညာသင်ကြားနိုင်မည်။ ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည် ဆိုသော နိုင်ငံတော်၏ မူဝါဒနှင့်အညီ လိုအပ်လျက်ရှိသည့် ကျွန်တော်တို့ ဖောင်းပြင်မြို့၏ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးပညာရှင်ဝန်ထမ်းများနှင့် အမြန်ဆုံးဦးစားပေးအနေဖြင့် ခန့်ထားနိုင်ရေးအတွက် မေးမြန်းအပ်ပါကြောင်း၊ မိမိမြို့နယ်နှင့် ဆေးရုံအတွက်  ဆေးပညာရှင်ဝန်ထမ်းများ တာဝန်ချခန့်ထား ပေးမည်ဆိုပါက မည်သည့် အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

ဖောင်းပြင်မြို့၊ ခုတင် ၅၀ ဆံ့ဆေးရုံတွင် လက်ရှိအချိန်၌ လက်ထောက်ဆရာဝန် ဒေါက်တာ ချမ်းသာထွန်း၊ သူနာပြုကြီးတစ်ဦး၊ အထက်တန်းသူနာပြု ၄ ဦးနှင့် သူနာပြုတစ်ဦးတို့ တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလအတွင်းတွင် ပျမ်းမျှအတွင်းလူနာ ၁၃ ဦးနှင့် ပြင်ပလူနာ ၁၃ ဦးသာရှိပါကြောင်း၊ ထို့ကြောင့် လိုအပ်လျက်ရှိသည့်  သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးကို‌ ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ချထားပေးမည်ဖြစ်ပါကြောင်းနှင့် ကျန်ဆရာဝန်၊ သူနာပြုလိုအပ်ချက်ကို  လုပ်ငန်းစွမ်းဆောင်ရည်နှင့်အတူ တာဝန်ချထားပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ယနေ့ နိုင်ငံအသီးသီးတွင် အစိုးရမှ တင်မြှောက်ထားသည့် အစိုးရအဖွဲ့များသည် တာဝန်ယူပြီး‌ ရက် ၁၀၀ စီမံချက်တွင် နိုင်ငံသူနိုင်ငံသားများကို ကဏ္ဍအလိုက်၊ ဝန်ကြီးဌာနအလိုက် ဘာလုပ်ငန်း တွေလုပ်မည်၊ ဘယ်လိုဟာတွေလုပ်မည်ဆိုသည်ကို ချပြပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ပြည်သူ့အစိုးရဖြစ်သည့်အတွက် ရက် ၁၀၀ စီမံချက်တွင် ဝန်ကြီးဌာနအလိုက် ဆောင်ရွက် မည့် ဆောင်ရွက်ချက်များကို ကြေညာထားပါကြောင်း၊ ထို့ကြောင့် ကြေညာချက် ရက် ၁၀၀ အတွင်းတွင် ဒုတိယကျန်းမာရေးဦးစီးမှူးများကို မြို့နယ် ၅၀ တွင် ချထားခန့်ထားပေးမည်ကို သိရပါကြောင်း၊ ထို့အတူ နှလုံးကျန်းမာရေးနှင့်ပတ်သက်၍ လူ ၁ သိန်းကျော်ကို နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့ တွင် အခမဲ့ တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ဆောင်ရွက်မည်ဟုလည်း ကြေညာထားတာတွေ့ရသဖြင့် အင်မတန်မှဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သူနာပြုကျောင်းမှ သူနာပြုသိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်သွားမည်လည်း သိရှိရပါကြောင်း၊ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ရေးဆေးထိုးမှုလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အားကောင်းစေရန်ဆိုသည့် အချက်များနှင့် ကြေညာထားသည်ကို တွေ့ရပါကြောင်း၊ ရက် ၁၀၀ အတွင်းတွင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသူနိုင်ငံသားများအားလုံး ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးအတွက် ဘယ်လောက်ထိဆောင်ရွက်ထားပြီဆိုသည့် အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀ အတွင်းတွင် ပိုမိုအားစိုက် ဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစီးဌာန ၆ ခုမှ လုပ်ငန်းအစီအစဉ် ၁၈ ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ပြောကြားသွားသည့်အထဲတွင်ပါသည့် လုပ်ငန်းအစီအစဉ်များလည်း ပါရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ထမ်းအင်အားတိုးမြှင့်ခန့်ထား ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ဇွန်လအတွင်းတွင် သူနာပြုပေါင်း ၁၄၄၁ ဦးကို ခန့်အပ်နိုင်ခဲ့ကြောင်း၊ ဆရာဝန်များသည် အလုပ်သင်ဆရာဝန် ဆင်းဆဲကာလဖြစ်သည့်အတွက် ရက် ၁၀၀ ကျော်လွန်ပြီးမှသာလျှင် ယခုနှစ်အတွင်း ခန့်မှန်း၍မဖြစ်နိုင်သော်လည်း ရက် ၁၀၀ ကျော်လွန်ပြီးမှဖြစ်နိုင်ပါကြောင်း၊  ထို့နောက် မိမိတို့တွင် သူနာပြုများ မွေးထုတ်သည့်အခါ သူနာပြု တက္ကသိုလ်နှစ်ခုအပြင် သူနာပြုသင်တန်းကျောင်း ၅၃ ခု တစ်နိုင်ငံလုံးတွင် ရှိပါကြောင်း၊ ထိုထဲမှ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုတွင် တစ်ကျောင်းစီကို သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ရက် ၁၀၀ အတွင်းတွင် စီမံဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ လက်ရှိတွင် အဆောက်အဦ ပြုပြင်ခြင်း၊ လိုအပ်သည့် သင်ကြားရေး အထောက်အကူပစ္စည်းဖြည့်တင်းခြင်း၊ လူအင်အားဖြည့်တင်းခြင်းတို့ ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ ထို့ကြောင့်  ရက် ၁၀၀ အတွင်း၌ ၁၅ ကျောင်းတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းကို‌ သူနာပြုသိပ္ပံအသစ် အဆင့်မြှင့်တင်ရန် လတ်တလော အခြေအနေ မပေးသေးသည့်အတွက် ကျန် ၁၄ ကျောင်းကို ရက် ၁၀၀ အတွင်း ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။