ဦးမျိုး(ခ)ဦးမျိုးအောင် (ပြည်မဲဆန္ဒနယ်)
မြို့နယ်အလိုက်အသုံးပြုနေသော အင်တာနက်ဝိုင်ဖိုင်ကြိုးများ စနစ်တကျသွယ်တန်းဆောင်ရွက်ခြင်းနှင့် ဥပဒေနှင့်အညီကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်များကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်နှင့် သုံးစွဲသူများ အတွက် အကောင်းဆုံးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သက်ဆိုင်ရာဆက်သွယ်ရေးလုပ်ငန်း Operator များက ဆက်သွယ်ရေးဈေးကွက်အတွင်း လွတ်လပ်စွာ ပြိုင်ဆိုင်မှုများ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံအတွင်း မြို့နယ် အများစုတွင် အင်တာနက်နှင့်ဆက်သွယ်ရေးဝန်ဆောင်မှု WIFI ကြိုးများသွယ်တန်းရာတွင် ဥပဒေ စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ လျှပ်စစ်မီးတိုင်များ၊ သစ်ပင်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အဦများပေါ် တွင် စနစ်တကျမရှိ စည်းကမ်းမဲ့စွာ သွယ်တန်းထားရှိမှုများကို ကျယ်ကျယ် ပြန့်ပြန့်တွေ့ရှိ နေရပါ ကြောင်း၊ သို့အတွက် မြို့အင်္ဂါရပ်နဲ့ကိုက်ညီမှုမရှိဘဲ မြို့ပြ၏ အလှအပကိုလည်း ပျက်စီးစေပါကြောင်း၊ အဆိုပါဆောင်ရွက်ချက်များကို ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိအဖွဲ့အစည်းများ ရှိသော်လည်း စည်းကမ်းမဲ့သွယ်တန်းမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပဲဖြစ်ပါကြောင်း၊ ၎င်းခြေအနေ များသည် ပကတိ မြေပြင်အခြေအနေမှန်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြပ်မတ်မှုနှင့်အရေးယူ ဆောင်ရွက်မှုများ အား နည်းနေပါကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီအဖွဲ့အစည်းများ၏ အင်တာနက် WIFI ကြိုး သွယ်တန်းမှုများကို ထိရောက်စွာစီမံကြီးကြပ်ရန်လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍မြို့နယ်အလိုက် အသုံးပြုနေသည့်အင်တာနက်နှင့် WIFI ကြိုးများ စနစ်တကျသွယ်တန်း ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/ မရှိ ကိုသိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ဦးသက်ဝင်းအောင်
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး ဆောင်ရွက်ရာတွင် အခြေခံအဆောက်အဦများဖြစ်သည့် မိုဘိုင်းနှင့် ဖိုင်ဘာအင်တာနက် လိုင်းများ ကို အသုံးပြုရရှိစေရန်အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့်လည်း ဖိုင်ဘာကေဘယ်များ စနစ်တကျသွယ်တန်းနိုင်ရေး လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ကြီးကြပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး တွန်းအားပေး ဆောင်ရွက်လာမှုနှင့်အတူ တစ်ဖက်မှာလည်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှု တဖြည်းဖြည်းတိုးတက်များပြားလာခဲ့တာကြောင့် ၎င်းထုတ်ပြန်ထားသည့် ညွှန်ကြား ချက် အပေါ် လိုက်နာဆောင်ရွက်မှုအားနည်းသည့် ကုမ္ပဏီအချို့ကြောင့် အဓိကမြို့များတွင်ဆက်သွယ် ရေးနှင့်အင်တာနက်ဖိုင်ဘာကေဘယ်များ၊ ရှုပ်ထွေးမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရှုပ်ထွေးလာသည့် ဖိုင်ဘာ ကေဘယ် များ ရှင်းလင်းခြင်း လုပ်ငန်းကို အစီအမံဖြင့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ် များအလိုက် အဖွဲ့များဖွဲ့စည်း ပြီး ၁၈-၅-၂၆ ရက်နေ့မှစတင်ပြီး ဖိုင်ဘာကေဘယ်များ ရှင်းလင်းခြင်း ဆက်သွယ်ရေးတိုင်များ များပြားရှုပ်ထွေးနေမှုအား Port Sharing လုပ်ခြင်းဖြင့် မြို့တော် အင်္ဂါရပ်နှင့် အညီ အမြင်တင့်တယ်စေရန် ဆောင်ရွက်ခြင်း၊ မြေပေါ်ရှိ ဖိုင်ဘာကေဘယ်များအား မြေအောက် Under Ground ဖိုင်ဘာကေဘယ်များအဖြစ် ပြောင်းရွှေ့တည်ဆောက်ခြင်းစသည်ဖြင့် မြို့နယ်များ အလိုက် ဦးစားပေး အဆင့်ဆင့်တို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ့တွင် ဆက်သွယ်ရေးဝန်ထမ်း များမှ ကေဘယ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ၈ မိုင် လမ်းဆုံအနီးတွင် ဆက်သွယ်ရေးဝန်ထမ်းများမှ ကေဘယ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါကြောင်း၊ မြို့နယ်များအလိုက် WIFI ကြိုးများ စနစ်တကျဖြစ်စေရန် ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက် ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆက်သွယ်ရေး အခြေခံ အဆောက်အဦများတည်ဆောက်ရန် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်အပေါ် စနစ်တကျ လိုက်နာစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ စည်းကမ်းမလိုက်နာသောကုမ္ပဏီများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ထိရောက်စွာအရေးယူခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ ပါကြောင်း။
ဦးမျိုး(ခ)ဦးမျိုးအောင် (ပြည်မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမြန်းပါသည်
မိမိမေးခွန်းနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုဒုတိယဝန်ကြီး ဖြေကြားသွားမှု အပေါ် တွင်များစွာ အားရကျေနပ်မှုရှိပါကြောင်း၊ သို့သော်နေပြည်တော်၊မန္တလေးနှင့်ရန်ကုန်မြို့ကြီးများတွင်သာ ၎င်းအခြေအနေကိုဆောင်ရွက် နေခဲ့သည့်အနေအထားများးကိုသာတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ မြို့တော်တော်များများတွင် စည်းကမ်းမဲ့သွယ်တန်းမှုများသည် များစွာဖြစ်ပေါ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင်းအရာနှင့်စပ်လျဉ်းပြီး မြို့နယ်အလိုက် စီမံကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားသည်များရှိပါကြောင်း၊ ၎င်းကော်မတီများတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ လမ်းဦးစီး၊ ခရိုင်စီမံကိန်း၊ မြို့ပြအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရိုင်မြေစာရင်း၊ ပြည်တွင်းအခွန်နှင့် တိုင်းတွင်းမန်နေဂျာမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူထား သည့် ကြီးကြပ်မှုကော်မတီများ မြို့အလိုက်ရှိနေပါကြောင်း၊ ၎င်းအဖွဲ့များ၏ မြေပြင်တွင်ဖြစ်ပေါ် နေသည့် အခြေအနေများပေါ်တွင် ကြပ်မတ်ဆောင်ရွက်မှု အားနည်းသည်ဟု မြင်တွေ့ရပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများကလည်း လုပ်ပိုင်ခွင့်စတင်လျှောက်ထားစဉ်ကတည်းက ဥပဒေများကို လိုက်နာရမည့် ကိစ္စရပ်များပါဝင်ပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီများမှ လိုက်နာမှုအားနည်း သလို စီမံ ကြီးကြပ်ရသည့် ကော်မတီအဖွဲ့များ၏ ဆောင်ရွက်မှုကလည်း အားနည်းနေသည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် ဆက်စပ်မေးခွန်းအနေဖြင့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ဥပဒေအတိုင်းလိုက်နာ ဆောင်ရွက်ရန်နှင့် မြို့နယ်အလိုက်စီမံကြီးကြပ်မှုကော်မတီများ ဥပဒေအတိုင်းကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှုထပ်မံပြုပေးပါရန် အစီအစဉ်ရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင်
အဓိကမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်မြို့ကို ဦးစားပေးစံပြအနေဖြစ် ပထမဦးဆုံး မိမိတို့ဆောင်ရွက်ရပါကြောင်း၊ ဆောင်ရွက်သည့် အချိန်များတွင်လည်း တစ်ဖွဲ့တည်းနှင့် ဆောင်ရွက်၍မရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ၊ စည်ပင်သာယာရေးနှင့်သက်ဆိုင်ရာဌာနအားလုံး ပါဝင်ပြီး လုပ်ငန်းရှင်များလည်းပါဝင်ပါကြောင်း၊ ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေများတွင် မြို့ကြီးများကို စံပြမြို့တော် ဖြစ်အောင် စတင်၍နမူနာတည်ဆောက်ခြင်းဖြစ်သည့်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ များကို ပထမဦးစားပေးအနေဖြင့်ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် မြို့နယ်များတွင်ရှိသည့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ၎င်းကိစ္စကို ညွှန်ကြားချက် ထုတ်ပြန်ပြီး အစီအမံများနှင့်ဆက်လက်လုပ်ဆောင်သွားပါ့မည်ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း အား ပြန်လည်ဖြေကြားခဲ့ပါသည်။