ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်)
ဖောင်းပြင်မြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူများမှာ MPT ၊ ATOM ၊ U9 ၊ MYTEL တို့၏ မိုဘိုင်း ကွန်ရက်များ ယနေ့အထိ အသုံးပြု၍မရပါသဖြင့် အော်ပရေတာ ၄ ခုအနက်မှ အော်ပရေတာတစ်ခုကို ဆက်သွယ်အသုံးပြုခွင့် ချထားပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဖောင်းပြင်မြို့နယ်သည် အနောက်လတ္တီကျူ ၂၄ ဒီဂရီ၊ ၄၄ မိနစ်နှင့် ၂၅ ဒီဂရီ၊ ၄၆ မိနစ် ကြား၊ အရှေ့လောင်ဂျီကျူ ၉၄၀ ဒီဂရီ ၃၅ မိနစ်နှင့် ၉၅၀ ဒီဂရီ၊ ၀၁ မိနစ်ကြားတွင် တည်ရှိ၍ မြောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်၊ အရှေ့ဘက်တွင် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ တောင်ဘက်တွင် ကျွန်းလှမြို့နယ်နှင့် မော်လိုက်မြို့နယ်၊ အနောက်ဘက်တွင် တမူးမြို့နယ်တို့နှင့် ထိစပ်နေသည့် မြို့နယ်များဖြစ်ပါကြောင်း၊ မြို့နယ်၏အကျယ်ဧရိယာမှာ ၁,၀၂၅,၈၄၆ ဧက ဖြစ်ပြီး ၁,၆၀၂.၈၈ စတုရန်းမိုင်ကျယ်ဝန်းသည့်မြို့လည်းဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီး၏ လူနေမှု အသိုင်းအဝိုင်း တွင် ဆက်သွယ်ရေး အိုင်တီခေတ်သည် အရေးပါသော အခန်းကဏ္ဍမှ မရှိမဖြစ် ဆိုတာကို အားလုံးအသိ ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့် ဆက်သွယ်ရေးနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ်တွင် ကြေးနန်း၊ စာတိုက်၊ ဆက်သွယ်မှု၊ ၂၀၀၉ ခုနှစ်တွင် မြို့တွင်းအိတ်ချိန်းရုံးမှ လက်လှည့်ဖုန်း၊ ၂၀၀၉-၂၀၁၀ ခုနှစ် တွင် မက်ဝဲယားဖုန်း မြို့တွင်း ၂ မိုင်ပတ်လည် ပြောဆိုမှု များရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးဆက်သွယ်မှုကဏ္ဍကို ပထမအကြိမ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရရှိ ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သမ္မတကြီးဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဖုန်းများအား ကျပ် ၄၀ သိန်း၊ ၃၀ သိန်း၊ ၁၅ သိန်းမှ ဆင်းမ်ကတ်တစ်ကတ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ပြည်သူပြည်သားများအား စေတနာ မေတ္တာထား၍ ဆက်သွယ်ရေးကဏ္ဍကို ပြောင်းလဲမှုပေးခဲ့သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအစိုးရ လက်ထက်တွင် ၂၀၁၅-၂၀၂၀ ခုနှစ်အတွင်း၌ မိမိတို့ မြို့နယ်တွင် အော်ပရေတာ ၄ ခု သုံးစွဲမှုပြုခဲ့ ပါကြောင်း၊ သို့ပါသော်လည်း ဒေသအားလုံးအတွက် လွှမ်းခြုံနိုင်မှု မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည့်အခါ ၎င်းအော်ပရေတာ၄ ခုကို ယူဆောင်သွားမှသာ အဆင်ပြေခဲ့ ရပါ ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၎င်းအော်ပရေတာ ၄ ခုသည် မိမိတို့ မြို့နယ်အတွင်း ဆက်သွယ်၍ရသော Sim Card၊ ဆက်သွယ်၍မရသော Sim Card များနှင့် မိမိအပါအဝင် ပြည်သူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါကြောင်း၊ ယင်းမြို့နယ်သည် ချင်းတွင်းမြစ်အရှေ့ဘက်တွင်တည်ရှိသော မြို့ဖြစ်ပြီး ၁၉၇၉ ခုနှစ်နောက်ပိုင်း ရေကြီး၊ ရေလျှံမှု စံချိန်တင် ၂၀၂၄ ခုနှစ်၊ ၇ လပိုင်းတွင် ရေဘေးဒုက္ခနှင့်အတူ ၎င်းဆက်သွယ်ရေး အော်ပရေတာ ၄ ခုလုံး ဆက်သွယ်ရေး ယနေ့ထိအောင် အသုံးပြု၍မရသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းမြို့နယ်ရှိ မိုဘိုင်းဖုန်း အသုံးပြုသူ ဦးရေသည် နိုင်ငံ့ဝန်ထမ်း ၁,၅၈၃ ဦး၊ ဝန်ထမ်းမိသားစု ၆၂၅ ဦး၊ ပြည်သူလူထု ၁၂,၀၈၂ ဦး စုစုပေါင်း ၁၄,၂၉၀ ဦးတို့သည် MPT၊ Telenor ၊ U9 ၊ MYTEL တို့၏ မိုဘိုင်းကွန်ရက်များကို ယနေ့အထိ အသုံးပြု၍မရသည်ကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ၊ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများ နှင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ နှင့် မိမိဒေသအတွင်းရှိ မဲဆန္ဒရှင်ပြည်သူတို့၏ ဒေသတွင်းအခြေအနေမှန်ကို အချိန်နှင့်တစ်ပြေးညီ သတင်း အချက် အလက်များသိရှိနိုင်ရန်အတွက် အော်ပရေတာ ၄ ခုအနက်မှ အော်ပရေတာတစ်ခုကို ဆက်သွယ်အသုံးပြုခွင့်ချထားပေးပါရန် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီး မှတစ်ဆင့်မေးမြန်းခဲ့ပြီး တပ်ဆင်အသုံးပြုခွင့်ပေးမည်ဆိုပါက မည်သည့်အချိန်၊မည်သည့် ကာလတွင် သုံးစွဲခွင့် ပေးမည် ကိုသိရှိ လိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှာ MPT မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၉ ခု၊ ATOM မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၁ ခု၊ U9 မိုဘိုင်းဆက်သွယ်ရေးစခန်း ၄ ခု၊ MYTEL မိုဘိုင်း ဆက်သွယ်ရေး စခန်း ၁၃ ခု စုစုပေါင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၄၇ ခုတို့ကို ဖိုင်ဘာဆက် ကြောင်း၊ အရန်မိုက္ကရိုဝေ့ဆက်ကြောင်းများနှင့် ချိတ်ဆက်ပြီးဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိစေ ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း။
တင်ပြပါပုံမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာအသီးသီးက မိုဘိုင်းဆက်သွယ်ရေး စခန်း ၄၇ ခု တည်ဆောက် တပ်ဆင်ထားသည့် တည်နေရာပြမြေပုံပဲဖြစ်ပါကြောင်း၊ တင်ပြပါပုံမှာ ဖောင်းပြင်မြို့နယ်သို့ ဆက်သွယ်ထားသည့် အဝေးဆက်ကြောင်းများ၏ အခြေအနေပြပုံဖြစ်ပြီး ဒေသတွင်းတိုက်ပွဲများကြောင့် ဖောင်းပြင်မြို့နယ်သို့ ချိတ်ဆက်ထားသည့် ပျဉ်ကိုင်း-ဖောင်းပြင် ကြားရှိ ဖိုင်ဘာဆက်ကြောင်း၊ ကလေး-ခမ်းပတ်-ဖောင်းပြင် အရန်မိုက္ကရိုဝေ့ဆက်ကြောင်းတို့ ပြတ်တောက်ခဲ့ရပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ အဆိုပါဖိုင်ဘာ ဆက်ကြောင်းများနှင့်မိုက္ကရိုဝေ့ဆက်ကြောင်းများပြတ်တောက်လျက်ရှိသည့်နေရာများကိုသွားရောက် ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုအချိန်တွင် နယ်မြေလုံခြုံရေး အခြေအနေအရအခက် အခဲရှိနေကြောင်း၊ သို့ဖြစ်ပါ၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ပြီး ပြတ်တောက်နေသော ဖိုင်ဘာဆက်ကြောင်း များ၊ အရန်မိုက္ကရိုဝေ့ဆက်ကြောင်းများနှင့် မိုဘိုင်း ဆက်သွယ်ရေးစခန်းများ၏ အခြေအနေများကို မြေပြင်သွားရောက်စစ်ဆေး၍ ပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အမြန်ဆုံးပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမြန်းခဲ့ပါသည်။
မိမိတို့မြို့နယ်များတွင် ဆက်သွယ်ရေးခက်ခဲသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ ပါကြောင်း၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ ပြည်သူတွေနဲ့ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နယ်မြေရဲ့အခြေအနေအမှန် သတင်းအချက်အလက် တွေရရှိမှု၊ ထို့အပြင်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အစိုးရလုပ်ငန်းများ မြန်မြန်ဆန်ဆန် သွက်သွက် လက်လက်နှင့် ဆောင်ရွက်နိုင်ရန် အရေးကြီးသည့်အချိန်ကာလဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့နယ်များကို ဆက်သွယ်နိုင်ရန် ဖြစ်နိုင်လျှင် ကူညီဆောင်ရွက်ပေးပါဟု ထပ်မံ၍တင်ပြလို ပါ ကြောင်း၊ နောက်တစ်ခုမှာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀ စီမံချက်တွင် မိုဘိုင်း စခန်းအသစ် ၂၇ ခု၊ မိုဘိုင်းစခန်း ၉ ခုမှ 4G အဆင့်မြှင့်တင် မည်ဟု ကြေညာထားသည်ကိုတွေ့ရပါကြောင်း၊ အဆိုပါ လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် စီမံ ဆောင်ရွက်ထားသည့် လုပ်ငန်း အခြေအနေလေးသိလျှင်လည်း မိမိတို့ကို ကြားဖြတ်၍ ပြန်လည် ဖြေကြားပေးနိုင်ပါရန် ထပ်ဆင့် ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင်
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သွားလာမှုခက်ခဲ သည့်ဒေသများတွင် ဆက်သွယ်ရေးရရှိရန် ဦးစားပေးဆောင်ရွက်လျက်ရှိရာတွင် ဖောင်းပြင်မြို့နယ် တွင် တင်ပြသည့်အတိုင်း နယ်မြေအခြေအနေများအရ၊ လုံခြုံမှုအခြေအနေအရ သွားရောက် ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရန် အခက်အခဲရှိသည်ကို တွေ့ရှိရပါကြောင်း၊ နယ်မြေအေးချမ်းသွားလျှင် လုပ်ဆောင် နိုင်မည်ဆိုသော်လည်း ထိုအချိန်၌လည်း ဆက်သွယ်ရေးအခက်အခဲများက ဖြစ်ပေါ်နေ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်အမြန်ဆုံးနည်းလမ်းအနေဖြင့် မိမိတို့ ထိုသုံးသပ်ချက် များမှာ Satellite Mobile ကိစ္စကို လုပ်ဆောင်ပေးလျှင်အမြန်ဆုံးဖြစ်နိုင်မည်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ထိုအတွက်ကိုလည်း မိမိတို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးစဉ်းစားဆောင်ရွက်နေပါကြောင်း၊ အမြန်ဆုံးအနေဖြင့် နယ်မြေအခြေအနေကို ကျော်လွန် ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက် လျက်ရှိပါကြောင်း ၊ ဆက်လက်၍ရက် ၁၀၀ စီမံချက်နှင့် စပ်လျဉ်းပြီးလုပ်ဆောင်သည့် တိုးတက်မှုများကို တင်ပြခွင့်ပြုပါရန် နှင့် ရက် ၁၀၀ စီမံချက် အတွက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဆက်သွယ်ရေးစခန်း အသစ်များ တည်ဆောက်ခြင်းကို ၂၇ ခုနှင့် မိုဘိုင်းစခန်းကို 4G LTE တိုးချဲ့ ခြင်းကို ၉ ခု အနေနှင့် လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိအနေအထားတွင် ဆောင်ရွက်ပြီး သည်မှာ Mobile စခန်း အသစ်တည်ဆောက်ခြင်း ၉ ခုနှင့် 4G LTE Upgrade လုပ်ခြင်း ၉ ခု ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ Mobile စခန်းများအသစ် ၉ ခုမှာ စတင်အသုံးပြုနေလျက်ရှိကြောင်း ၊Mobile စခန်းများအသစ် တည်ဆောက်သည့် နေရာတွင် နေပြည်တော်အတွင်း၌ ၄ ခု၊ ကရင်ပြည်နယ်အတွင်း၌ ၆ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ခု၊ မွန်ပြည်နယ် ၅ ခု၊ ရှမ်းပြည်နယ်အတွင်း ၄ ခုနှင့် ဧရာဝတီတိုင်း ဒေသကြီးမှာ ၃ ခုလျာထားပြီး ဆောင်ရွက်သည်မှာ လက်ရှိတွင် ၉ ခု အသုံးပြုနေပြီ ဖြစ်ကြောင်း ၊ ဆက်လက်၍ ရက် ၁၀၀ စီမံချက်ကို ကျန်ရှိသည့် စခန်းများကို ဆက်လက်၍ အချိန်မီပြီးစီး အောင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။