MY EN

(ဆ)-ဦးအောင်မျိုးသန့်(ကော့မှူးမဲဆန္ဒနယ်)-မေးခွန်း

2026-06-19
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်မျိုးသန့်(ကော့မှူးမဲဆန္ဒနယ်)
ကျိုက်ထော် (တောင်)ကျေးရွာ၊ တာတဇင်ကျေးရွာများ၏ ကျေးရွာချင်းဆက်လမ်းသည် ၄၆၂၀ ပေ ရှည်လျားပြီး ၂၂ ပေအကျယ် မြေသားတာဘောင်ချဲ့၍ ၎င်းလမ်းပေါ်တွင် ၁၂ ပေအကျယ်၊ ၇ ပေအမြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျိုက်ထော် (တောင်) တာတဇင် လမ်းသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် မြေသားတာ ဘောင်ထိန်းခဲ့ပြီး အရှည် ၄၆၂၀ ပေ ရှည်လျားပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကို ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်၏ တင်ပြမှုကြောင့် ဂဝံလမ်း အဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကာလကြာမြင့်နေပြီဖြစ်သည့်အတွက်ဂဝံကျောက်များ မရှိတော့သည့်အတွက် မိုးရာသီတွင် ရွှံ့နွံများအဖြစ်တည်ရှိနေမှုများကြောင့် တွဲဘီးဆိုင်ကယ်များ၊ စက်ဘီး များသည် လမ်း တစ်လျှောက် မောင်းနှင်နိုင်ခြင်းမရှိဘဲ ဆင်းတွန်းနေရသည့်နေရာများစွာ ဖြစ်ပေါ် နေသည်ကို စစ်ဆေးတွေ့ရှိ ရပါကြောင်း၊ တာတဇင်ကျေးရွာသည် ကျိုက်ထော်တိုက်နယ်ရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ဈေးများအပေါ်တွင် မှီခို အားထားနေရသော ကျေးရွာဖြစ်သည့်အတွက်  မိုးရာသီတွင် သွားလာရန် အခက်အခဲများစွာရှိနေပါကြောင်း၊ တာတဇင်ကျေးရွာတွင် အထက်တန်းကျောင်း ပညာသင်ကြား နေသော ကျောင်းသား/ ကျောင်းသူ ၄၀ ဦး တို့သည် နေ့စဉ်ကျောင်းတက်ရက်များတွင် ကျိုက်ထော်၊ အထကစာသင်ကျောင်းသို့သွားလာရာတွင်  မိုးရွာချိန်တိုင်း အခက်အခဲများစွာ ရှိနေပါကြောင်း။

          အဆိုပါ ကျိုက်ထော်(တောင်)ကျေးရွာနှင့် တာတဇင်ကျေးရွာ သွားလမ်း ၄၆၂၀ ပေအား ၂၂ ပေအကျယ် မြေသား တာဘောင်တိုးချဲ့ပြီး ၎င်းလမ်းပေါ်တွင် ၁၂ ပေ အကျယ်၊ ၇ လက်မအမြင့် ကွန်ကရစ် လမ်းခင်း ပေးရန်လိုအပ်ပါကြောင်းနှင့် အဆိုပါလမ်းခင်းပေးပါက ကျေးရွာအုပ်စု ၂ စုတွင်ရှိ သည့် လူဦးရေ ၂၆၇၇ ဦး ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ၂၂ ပေတာဘောင်တိုးချဲ့ခြင်းနှင့် ၎င်းလမ်းပေါ်တွင် ၁၂ ပေ အကျယ်၊ ၇ လက်မ အမြင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါကမည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး

ကျိုက်ထော် (တောင်) ကျေးရွာမှနေပြီး တာတဇင်ကျေးရွာကို ဆက်သွယ်သောလမ်းသည် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှနေပြီး စီမံခန့်ခွဲ သည့် Class A အဆင့်ရှိသည့် လမ်းဖြစ်ပါကြောင်း၊   အဆိုပါလမ်းသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အရှည် ၇ ဖာလုံ ဂဝံခင်းခြင်းကိုဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် ပျက်စီးလျက် ရှိပါကြောင်း၊ လမ်းအရှည် ၄၆၂၀ ပေ ကွန်ကရစ် လမ်းခင်းပေးမည်ဆိုပါက ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၄၂၀ အိမ်၊ လူဦးရေ ၂၆၇၇ ဦး ကိုအကျိုးပြုမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ကုန်ထုတ်လုပ်မှု၊ အကျိုးပြုမှုများ အပေါ်အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီတို့ ပေါင်းစပ်ပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးရန်ပုံငွေရရှိပေါ် မူတည်၍ အကျိုးပြုမှုနှုန်းထားအလိုက် ဦးစားပေးစဉ်ပြီး လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။