MY EN

(ဇ)- ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)-မေးခွန်း

2026-06-19
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)
သဲကုန်းမြို့နယ်၊ အုတ်ဆွဲ-ရင်းတိုက်တန်း-နှောကုန်း ၂ မိုင် ၆ ဖာလုံ ကုန်ထုတ်မြေနီလမ်းအား ကျောက်ချော မြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အုတ်ဆွဲ-ရင်းတိုက်တန်း-နှောကုန်း-လင်းရောင်ခြည်လမ်းသည် ၂ မိုင် ၇ ဖာလုံရှိပြီး ပြည်-သဲကုန်း-ပုတီးကုန်း-ဝက်ပုတ်လမ်းနှင့် ဆုံစည်းရာ လမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းမတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါလမ်းမှ အုတ်ဆွဲ-သခွပ်တန်း-ဇီးကုန်း-ရွှေတံခါး-ဘန့်ဘွေးကုန်း-ကဇွန်းအင်း-ရင်းတိုက်တန်း-နှောကုန်း-သဘွတ်တိုင်းရွာ ၉ ရွာမှ ပြည်သူများ အားကိုးအားထားပြုနေရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ထိုဒေသများတွင် နေထိုင်သူအများစုသည် ကရင်လူမျိုးများ များစွာနေထိုင်သည့် ရွာများဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ သွားလာရသည့် လမ်းဖြစ်သည့်အပြင် ဆန်စပါး၊ ပဲ၊ နှမ်း စသည့် ဒေသ ထွက်ကုန်များ သယ်ဆောင်ရသော ကုန်ထုတ်လမ်း တစ်လမ်းလည်းဖြစ်ပါကြောင်း၊ အုတ်ဆွဲရွာမှ ရင်းတိုက်တန်းရွာအထိ ၂ မိုင် ၁ ဖာလုံအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၁၈ ပေအကျယ် မြေနီလမ်းခင်းပေးခဲ့ပြီး ရင်းတိုက်တန်းရွာမှ သဘွတ်တိုင်း ရွာအထိ ၆ ဖာလုံအား ခင်းပေးနိုင်ခြင်း မရှိ‌သေးပါကြောင်း၊ ယခုလို မိုးရာသီအချိန်တွင် အဆိုပါ လင်းရောင်ခြည်လမ်းသည် ပျက်စီးမှုရှိသည့်အတွက် ဆရာတော်များ၊ ရပ်မိရပ်ဖများမှ ကိုယ်ထူကိုယ်ထ ပြုပြင်ခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ အုတ်ဆွဲ-ရင်းတိုက်တန်း-နှောကုန်း ၂ မိုင် ၇ ဖာလုံ ကုန်ထုတ်မြေနီ လမ်းအား ကျောက်ချောမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးနိုင်ပါရန်နှင့် အစီအစဉ် ရှိ၊ မရှိ သိရှိလို ပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

သဲကုန်းမြို့နယ်၊ အုတ်ဆွဲ-ရင်းတိုက်တန်းလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်ပြီး Class A အဆင့်ရှိသည့် လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်း၏ အရှည် ၂ မိုင်၊     ၁ ဖာလုံသည် မြေနီလမ်းအမျိုးအစားနှင့် ကျန် ၆ ဖာလုံမှ မြေသားလမ်း အမျိုးအစားဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂ မိုင်၊ ၁ ဖာလုံ ကို တာဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားပြီး လမ်းအကျယ် ၁၈ ပေရှိပါကြောင်း၊ ကျန်လမ်းပိုင်း ၆ ဖာလုံသည် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ထားသည့် လမ်းပိုင်းဖြစ်ပြီး လမ်း အကျယ် ၈ ပေခန့်ရှိပါကြောင်း။ 

အဆိုပါလမ်းကို ကိုယ့်အားကိုယ်ကိုး ပြုပြင်ရန် ဆောင်ရွက်ထားသည့် ၆ မိုင်၊ ၁ ဖာလုံကို တာဘောင်ချဲ့ပြီး မြေနီခင်းမည်ဆိုလျှင် ငွေကျပ် ၁၆၈ သန်း၊ ၆ မိုင်၊ ၁ ဖာလုံကို ထပ်မံပြီး ကျောက်ချော လမ်းခင်းမည်ဆိုလျှင် ငွေကျပ် ၂၃၀ သန်း ကုန်မည်ဖြစ်ပါကြောင်း၊ လမ်းအရှည် ၂ မိုင်၊ ၁ ဖာလုံ ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၆၅၁ သန်းလောက်ကုန်မည်ဖြစ်ပါကြောင်း၊ စုစုပေါင်း လမ်းအရှည် ၂ မိုင်၊ ၇ ဖာလုံရှိသည့် ကျောက်ချောလမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၁၀၄၉ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်ကွင်းဆင်စစ်ဆေးချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ၂ မိုင်၊ ၁ ဖာလုံလမ်းသည် လမ်းကြောင်းပြတ်တောက်မှုမရှိဘဲ ကောင်းမွန်စွာ အသုံးပြုလျက်ဖြစ်နေပြီး ကိုယ့်အားကိုယ်ကိုးဆောင်ရွက်လျက်ရှိသည့် လမ်းအပိုင်း ၆ ဖာလုံကို တာဘောင်ချဲ့တင်၍ မြေနီလမ်းခင်းခြင်းကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၀၁၇ ဦးကို အကျိုးပြုမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအပေါ် အခြေခံပြီး လွှတ်တော်ကိုယ်စား လှယ်တော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့တို့ ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိ လိုအပ်မှုနှုန်း တို့ကို ဦးစားပေးရွေးချယ်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြ သွားမည်ဖြစ်ပြီး ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး၏ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။