စိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
မိုင်းနောင်လမ်းခွဲမှ လဲချားမြို့အထိ ၄၄ မိုင်ခန့်သည် လမ်းများပျက်စီးပြီး ကျဉ်းနေသဖြင့် လမ်း အကျယ် ၁၈ ပေခန့် ချဲ့ပေးရန်၊လဲချားမြို့တွင်း ၂ မိုင်ခန့်အား နိုင်လွန်ကတ္တရာအဖြစ် အဆင့်မြှင့် ပေးပါရန်၊ လဲချားမြို့နှင့် ပင်လုံမြို့ကြားဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းတွင် လဲချား မြို့နယ်ပိုင်း ၁၃ မိုင်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် ဘတ်ဂျက်လုံလောက်စွာချပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လဲချားမြို့နယ်တွင် ပျက်စီးနေသည့် လမ်းများကို အဆင့်မြှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း (၁) လဲချားမြို့တွင်း လမ်းအရှည် ၂ မိုင်ခန့်သည် နိုင်လွန်ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်ပေး ပါရန်တင်ပြလိုပါကြောင်း၊ (က) ၅၀.၀၀ ကီလိုမီတာ၊ ၅၁.၅၀၀ ကီလိုမီတာအတွင်း လဲချားမြို့အတွင်း ၁.၅၀၀ ကီလိုမီတာ အရှည်အား၊ ၇.၀ မီတာ အကျယ် နိုင်လွန်ကတ္တရာ သို့မဟုတ် ကွန်ကရစ် ကတ္တရာခင်းပေးပါရန် နှင့် (ခ) ၅၀.၅၀၀ ကီလိုမီတာ ၅၁.၅၀၀ ကီလိုမီတာအတွင်း လဲချားမြို့ အတွင်း၌ လမ်း၏လက်ဝဲယာ လက်ယာ နှစ်ဘက်စလုံးတွင် ၁.၅၀၀ ကီလိုမီတာအရှည် ကျောက်စီ၊ ရေမြောင်းတည်ဆောက်ပေးခြင်းကို ဦးစားပေးအစီအစဉ် ထည့်သွင်းပေးပါရန် တင်ပြအပ်ပါ ကြောင်း၊ (၂) လဲချားမြို့နှင့် ပင်လုံမြို့အကြား ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီး ၂၆ မိုင်ခန့် ရှည်ပြီး လဲချားမြို့နယ်လမ်းပိုင်း ၁၃ မိုင်သည် ပြန်လည် ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက်လုံလုံ လောက်လောက်လျာထားပေးရန်နှင့်၊ (၃) လဲချားမြို့နယ်နှင့် ကျေးသီးမြို့နယ်ကြား ဆက်သွယ် ထားသည့် လမ်းလဲချားမြို့မှကျေးသီးမြို့နယ် မိုင်းနောင်လမ်းခွဲအထိ ၄၄ မိုင်ခန့် ကားကြီး ကားသေးများ နေ့စဉ်အသုံးပြုဖြတ်သန်းနေသည့်လမ်းဖြစ်သဖြင့် လမ်းများအတော်ပျက်စီးနေပြီး လမ်းကျဉ်း နေသဖြင့်ကားများ တစ်စီးနှင့်တစ်စီး အသွားအလာ ရှောင်ရန်အခက်အခဲများ လည်းရှိ နေပါကြောင်း၊ ယခုနှစ်ကျထားသည့်ဘတ်ဂျက်မှာ ၃ ဖာလုံခွဲကတ္တရာလမ်းချဲ့ရန် လမ်းပခုံးပြင်ရန် ၃ မိုင်၊ ၂ဖာလုံ၊ လမ်းပခုံးနိမ့်သည့်နေရာကျောက်ထည့်၍ ပြင်ရန် ၁ မိုင် ၆ ဖာလုံသာရှိသည်ဟု လဲချားလမ်းဦးစီး ဌာနမှသိရပါကြောင်း၊ လမ်းအတော်ပျက်စီးနေသဖြင့် လမ်းအကျယ် ၁၈ ပေခန့် ကတ္တရာလမ်းချဲ့ပေးရန် လိုအပ်သည့်အတွက် ငွေလုံးငွေရင်း ဘတ်ဂျက်ဦးစားပေး လျာထားပေး ရန်လိုအပ်ကြောင်း ပျက်စီး နေသည့်လမ်းမှတ်တမ်းပုံများနှင့်တကွ တင်ပြမည်ဖြစ်ကြောင်း။
လဲချားမြို့နယ်ပျက်စီးသည့် လမ်းဖြစ်ပြီး လွှတ်တော်မတက်ခင်တွင် ရိုက်ခဲ့သည့် Update ဓာတ်ပုံများဖြစ်ပြီး လမ်းအတော်ပျက်စီးတဲ့ အတွက် ခါးကြောများပင်ပျက် မည့်သဘော ရှိနေပါ ကြောင်း၊ သို့ဖြစ်ပါ၍ (၁) လဲချားမြို့လမ်းအရှည် ၂ မိုင်ခန့်သည် နိုင်လွန်ကတ္တရာသို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်ပေးပါရန် အစီအစဉ် ရှိ မရှိ (၂) လဲချားမြို့နှင့်ပင်လုံမြို့အကြား ဆက်သွယ်ထားသည့်ပြည်ထောင်စုလမ်းကို ပြုပြင်ထိန်းသိမ်းရန် ရန်ပုံငွေ လုံလုံလောက်လောက် လျာထားပေးရန် အစီအစဉ်ရှိမရှိနှင့် (၃) လဲချား၊ မိုင်းနောင်လမ်းအတွက် ၁၈ ပေ အကျယ် ကတ္တရာ လမ်းချဲ့ပေးရန် လိုအပ်သည့်အတွက် ငွေလုံးငွေရင်းဘတ်ဂျက် ဦးစားပေးလျာထား ပေးရန် အစီအစဉ်ရှိ မရှိ တို့အားသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးမျိုးမြင့်
(၁) လဲချားမြို့နယ်နှင့် ကျေးသီးမြို့နယ်ကြား ဆက်သွယ်ထားသည့် ကျေးသီးမြို့နယ်၊ မိုင်းနောင် လမ်းခွဲမှ လဲချားမြို့အထိ လမ်းပိုင်းသည် လဲချား-မိုင်းနောင်-မိုင်းရှူး-မိုင်းကောင်းလမ်း၏ လမ်းအစိတ်အပိုင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲ သည့် လမ်း ဖြစ်ပါကြောင်း၊ မိုင်းနောင်လမ်းခွဲမှ လဲချားမြို့အထိ လမ်းပိုင်းမှာ ၄၆ မိုင်၊ ၆ ဖာလုံ ဖြစ်ပါကြောင်း၊ ၀ မိုင်မှ ၂၈ မိုင်အထိကို လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်မှ တာဝန်ယူ ဆောင်ရွက်ပြီး ၂၈ မိုင်မှ ၄၆ မိုင်၊ ၆ ဖာလုံအထိ ၁၈ မိုင်၊ ၆ ဖာလုံကို မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ လမ်း အခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၇ မိုင်၊ ၀.၁ ဖာလုံနှင့် ၁၂ ပေအကျယ် ကတ္တရာလမ်း ၂၉ မိုင်၊ ၅.၉ ဖာလုံဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် တစ်ရက် ပျမ်းမျှယာဉ်စီးရေ ၇၀၀ စီးခန့် သွားလာလျက်ရှိပါကြောင်း၊ မိုင်းနောင်လမ်းခွဲမှ လဲချားမြို့အထိ လမ်းပိုင်း ၄၆ မိုင်၊ ၆ ဖာလုံတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရှမ်း ပြည်နယ်ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများဖြစ်သည့် ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၅.၂၈ ဖာလုံ၊ ၁၈ ပေအကျယ်ရရန် ထုအခြေခံ လွှာချဲ့ခင်းခြင်း ၃ မိုင်၊ ၁.၉၄ ဖာလုံ၊ လမ်းချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင်၊ ၀.၄၃ ဖာလုံ၊ လမ်းအနိမ့် အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၂.၅ ဖာလုံ၊ ကတ္တရာ လမ်းပြုပြင်ခြင်း ၈,၃၉၃ စတုရန်းပေ၊ မြေညှိစက်ဖြင့် လမ်းပုံဖော်ခြင်း ၁ မိုင်၊ ၂.၇၈ ဖာလုံနှင့် ပုံမှန် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်နေခြင်း ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ် လမ်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ နှစ် အလိုက် ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ၁၈ ပေ အကျယ် ချဲ့ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း။
(၂) မေးခွန်း ၂ ဖြစ်သည့် လဲချားမြို့တွင်း ၂ မိုင်သည် လွိုင်လင်-ပန်ကေတု-သီပေါ (ခိုလုံ) လမ်း၏လမ်းအစိတ်အပိုင်းဖြစ်ပြီး ပြည်ထောင်စုမှစီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ လဲချား မြို့နယ်အတွင်းတွင် လွိုင်လင်-ပန်ကေတု-သီပေါ (ခိုလုံ) လမ်း၏ မိုင် ၃၀ မှ ၃၂ မိုင်အထိ ၂ မိုင်အား လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ လမ်းအခြေအနေမှာ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဆင့်ဖြစ်ပါကြောင်း၊ လဲချားမြို့ တွင်း အပိုင်းကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်း ချောမွေ့ စွာ သွားလာနိုင်ရေး အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ၁၈ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂.၅ ဖာလုံနှင့် လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာ ရေပိတ်လွှာ လောင်းခြင်း ၀.၅ ဖာလုံ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြ သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
(၃) မေးခွန်း ၃ ဖြစ်သည့် လဲချားမြို့နှင့် ပင်လုံမြို့ကြား၊ လဲချားမြို့နယ်အပိုင်းသည် လွိုင်လင်-ပန်ကေတု-သီပေါ (ခိုလုံ)လမ်း၏လမ်းအစိတ်အပိုင်းဖြစ်ပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ လဲချားမြို့နှင့် ပင်လုံမြို့ကြား၊ လဲချားမြို့နယ် အပိုင်းမှာ လွိုင်လင်-ပန်ကေတု-သီပေါလမ်း ၏ မိုင် ၂၀ မှ ၃၂ မိုင်အထိ ၁၂ မိုင်အား လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိလမ်း အခြေအနေ မှာ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဆင့်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်း ပိုင်း ၁၂ မိုင်ကို ၁၈ ပေ အကျယ် ကတ္တရာလမ်းအဆင့်ဖြစ်သည့်အတွက် ယာဉ် အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းချောမွေ့စွာ သွားလာ နိုင်ရေး အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် ၁၈ ပေအကျယ် ကတ္တရာလမ်းထပ်ပိုးလွှာ ခင်းခြင်း ၂.၅ ဖာလုံ ရေပိတ်လွှာလောင်းခြင်း ၃ ဖာလုံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ တင်ပြပြီးရန်ပုံငွေ ရရှိမှု့ ပေါ်မူတည်ပြီးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
လွိုင်လင်-ပန်ကေတု-သီပေါလမ်းနှင့် လဲချား-မိုင်းနောင်-မိုင်းရှူး-မိုင်းကောင် လမ်းအပိုင်း များကို ဘဏ္ဍာရေးနှစ်အလိုက် ရှမ်းပြည်နယ်၊ လမ်းဦးစီး ဌာနမှ ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေတို့တွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ တိုးတက် အသုံးပြုလာသော ယာဉ်စီးရေနှင့် လိုက်လျောညီထွေဖြစ်စေမည့် လမ်း အကျယ်ရရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။