MY EN

(စ)- ဦးစိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)-မေးခွန်း

2026-06-18
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)
မိုးနဲမြို့နယ်၊ နမ့်တိန်ချောင်းကူးတံတားဟောင်းနေရာတွင် သံကူကွန်ကရစ်တံတားအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည့်အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုးနဲ-ကျိုင်းတောင်းလမ်း ကျိုင်းတောင်း မြို့အဝင်တွင်တည်ရှိသည့် နမ့်တိန်း ချောင်းကူးတံတားဟာ အရှည် ၄၃၂ ပေ၊ အကျယ် ၁၅ ပေရှိသည့် သံဘောင်ဘေလီတံတား အမျိုးအစားဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း တည်ဆောက်ခဲ့သည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် မိုးနဲမြို့နယ်အတွင်းရှိသည့်  ကွန်လုံကျေးရွာအုပ်စု၊ နောင်တောင်း ကျေးရွာ၊ နောင်နင်း ကျေးရွာများနှင့် ကျိုင်းတောင်းမြို့ ၇ ရပ်ကွက်တွင် ရှိကြသည့် မိဘပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် အဓိကအားထားနေရသည့် ကုန်စည်စီးဆင်းမှု အသက်သွေးကြောတံတား တစ်စင်းဖြစ်နေပါကြောင်း။

အဆိုပါ နမ့်တိန်းချောင်းကူးတံတားဟောင်းသည် အန္တရာယ်ရှိသောအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ (၁) ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် မုန်တိုင်းနှင့် မိုးသည်း ထန်စွာ ရွာသွန်းမှုဒဏ်ကြောင့် တံတားတိုင်များ ရေတိုက်စားခံရပြီး ကြံ့ခိုင်မှုလျော့နည်းလာခြင်း၊ (၂) တံတားအောက်ခြေတိုင်များသည် သစ်သားတိုင်များဖြစ်ပြီး တံတားအလယ်ပိုင်းနှင့် ထိပ်ပိုင်းသည် ယိမ်းယိုင်နေသည့်အတွက် သံကြိုးများနှင့် ဆွဲထားရသည့် အခြေအနေဖြစ်ခြင်း၊ (၃) တံတားကြမ်းခင်း သစ်သားများ ဆွေးမြည့်ပျက်စီးနေသောကြောင့် ဖြတ်သန်းသွားလာနေသည့် မိဘပြည်သူများနှင့် မော်တော်ယာဉ်များအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေကို ရောက်ရှိနေခြင်း စသည်တို့ကို မှတ်တမ်းဓာတ်ပုံများ တင်ပြထားပါကြောင်း။

ထို့ကြောင့် (က) အဆိုပါ ဟောင်းနွမ်းပျက်စီးနေသည့် နမ့်တိန်းချောင်းကူးတံတားဟောင်း နေရာတွင် ရေရှည်ခိုင်ခံ့မှုရှိမည့် သံကူကွန်ကရစ်တံတားသစ် တစ်စင်းကို ပြည်ထောင်စုဘတ်ဂျက်၊ သို့မဟုတ် ပြည်နယ်ဘတ်ဂျက်တွင် ထည့်သွင်း၍ မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင် အကောင် အထည်ဖော် တည်ဆောက်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိနှင့်  (ခ) တည်ဆောက်ပေးရန် အစီအစဉ်ရှိပါက မည်သည့် အချိန်၊ မည်သည့်ကာလတွင် လုပ်ငန်းစတင်ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လမ်းဦးစီးဌာန၊ နမ့်စန်ခရိုင်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မိုးနဲ-ကျိုင်းတောင်း-ဆိုင်းခေါင်-ကွန်ဟိန်းလမ်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ မိုင်တိုင် ၄၄ မိုင်၊ ၇ ဖာလုံနှင့် ၄၅ မိုင်ကြားတွင်ရှိသည့် တံတား အမှတ်(၂/၄၅) နမ့်တိန်းချောင်းကူးတံတား တည်ရှိပါကြောင်း၊ တံတားအရှည်မှာ ၃၆၀ ပေ နှစ်လွှာ တစ်ထပ် ဘေလီတံတားအမျိုးအစားဖြစ်ပြီး တံတားခန်းဖွင့်မှာ  ၉၀ ပေ x ၄ ခန်း ဖြစ်ပါကြောင်း၊ ယာဉ်သွားလမ်းသည် ၁၂ ပေ တစ်လမ်းသွားဖြစ်ပြီး တည်ဆောက်ခဲ့သည်မှာလည်း လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောသကဲ့သို့ နှစ်ကြာပြီဖြစ်ကြောင်း၊ နှစ်ကြာသည့်အတွက် လက်ရှိတံတား ခံနိုင်ဝန်ကို ၁၀ တန်ဖြင့်သာ ပေးထားရပါတယ်ကြောင်း၊ အဆိုပါတံတားသည် တစ်ရက်လျှင် ဖြတ်သွား နေသည့် ကားအစီးရေ ၈၀ စီးခန့်ရှိပါကြောင်း၊ တံတားကြံ့ခိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အပ်နှံရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့်  ရေလယ်တိုင်များ ပျက်စီးနေသည့် တံတား၏ ရေလယ်တိုင် စင်များအား ကြံ့ခိုင်မှုရှိစေရန် အစားထိုးပြုပြင်ခြင်းနှင့် ပျက်စီးနေသည့် သစ်သားကြမ်းခင်းများ အသစ်လဲလှယ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

          မိုးနဲ-ကျိုင်းတောင်း-ဆိုင်းခေါင်-ကွန်ဟိန်းလမ်း မိုင်တိုင် ၄၄ မိုင် ၇ ဖာလုံ နှင့် ၄၅ မိုင်ကြားတွင် ရှိသည့် နမ့်တိန်းချောင်းကူးတံတားအရှည် ၃၆၀ ပေကို ကြံ့ခိုင်မှုရှိစေရန်အတွက် တံတားပြုပြင်ခြင်း များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်နိုင်ရေး ပဏာမ ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ် ခြင်းလုပ်ငန်းနှင့် တံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်း၌ ဆောင်ရွက် နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအဖွဲ့များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လျာထား တင်ပြပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ နယ်မြေအခြေအနေအရ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပေးပို့သည့် အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည်ကို လာမည့်ဘတ်ဂျက်မှစ၍ တင်ပြသွားမည်ဖြစ်ပါကြောင်း။