MY EN

(ဆ)- ဒေါက်တာနန္ဒာလှမြင့်(ကလောမဲဆန္ဒနယ်)-မေးခွန်း

2026-06-18
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာနန္ဒာလှမြင့်(ကလောမဲဆန္ဒနယ်)
ဘော်ဆိုင်းကျေးရွာအုပ်စုမှ ဟဲဟိုးမြို့သို့အထွက် အကျယ် ၁၂ ပေ၊ အရှည် ၁၉ မိုင်ခန့်ရှိသော ကတ္တရာလမ်းမှာ ပျက်စီးနေသောကြောင့် အဆိုပါလမ်းအား အကျယ် ၁၈ ပေရှိသည့် ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ကလောမြို့နယ်အတွင်း ဟဲဟိုးနှင့်ဘော်ဆိုင်း ကျေးရွာချင်းဆက်သည့်လမ်းလည်း ဖြစ်ပါ ကြောင်း၊ ဟဲဟိုးလမ်းသည် တောင်ကြီးမှ ဟဲဟိုး-ပင်းတယ၊ ဟဲဟိုး-ရွာငံ မြို့နယ်ချင်းဆက်သည့် လမ်းဟု ပြော၍ရပါကြောင်း၊ အဆိုပါလမ်းကို အသုံးပြုနေသည့်အထဲတွင် ဟဲဟိုးကျေးရွာအုပ်စုမှ အိမ်ခြေပေါင်း ၃,၅၄၅ အိမ်၊ လူဦးရေ ၁,၁၈၅၄ ဦးနေထိုင်ကြကြောင်း၊ အဆိုပါလမ်းကို အသုံးပြုသည့် နောက်ထပ်ကျေးရွာအုပ်စုတစ်ခုမှာ စကားကြီးကျေးရွာအုပ်စုဖြစ်ပြီး အိမ်ခြေ ၃၇၅ အိမ်၊ လူဦးရေ ၁,၇၀၂ ဦး၊ ကျောက်ထပ်ကျေးရွာအုပ်စုတွင် အိမ်ခြေ ၁,၃၉၈ အိမ်နှင့် လူဦးရေ ၅,၅၄၁ ဦး၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၃,၄၈၈ အိမ်၊ လူဦးရေ ၁၃,၂၆၆ ဦး နေထိုင်ကြပါကြောင်း၊ အဆိုပါလမ်းနှင့် ဆက်စပ်သည့် ကျေးရွာအုပ်စု စုစုပေါင်း ၄ အုပ်စုတွင် လူဦးရေ ၃၂,၀၀၀ ကျော် အဆိုပါလမ်းကိုအသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုကြ ကြောင်း၊ ထပ်မံ၍ ကျေးရွာအုပ်စုများနှင့် ဘော်ဆိုင်းကျေးရွာအုပ်စု ဒေသထုတ်ကုန်များမှာ ဘော်ဆိုင်းတွင် သတ္တုတွင်းလုပ်ငန်း  ကျယ်ကျယ် ပြန့်ပြန့်လုပ်နေသည့်ဒေသဖြစ်ပါကြောင်း၊ ခဲ၊ ငွေ၊ ဘော် ထုတ်လုပ်နေသည့် နိုင်ငံခြားကုမ္ပဏီများပါ အခြေပြု၍ သတ္တုတူးဖော်သည့် လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် အဆိုပါသတ္တုတွင်းများတွင်  သတ္တုတူးသည့်လုပ်ငန်းအပြင် လက်ဖက်စို၊ လက်ဖက်ခြောက်၊ သနပ်ဖက်နှင့် ပြောင်းကို အဓိက စိုက်ပျိုးပါကြောင်း၊ ဟဲဟိုး-ဘော်ဆိုင်းဒေသမှ ဒေသခံပြည်သူများသည် ထွက်ကုန်များကို ဟဲဟိုး-ဘော်ဆိုင်းမှတစ်ဆင့် အောင်ပန်းဒေသသို့ တင်ပို့ ၍ အောင်ပန်းမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်နှင့် စိုက်ပျိုးသီးနှံများကို ဖြန့်ဖြူး နေသည့် အရေးပါသော ကုန်ထုတ်လမ်းတစ်ခုအနေဖြင့်လည်း အဆိုပါလမ်းကို အသုံးပြုခြင်းဖြစ်ပါ ကြောင်း၊ ထပ်မံ၍ သတ္တုလုပ်ငန်းတွင် သုံးသည့်ယာဉ်၊ ယန္တရားကြီးများသည်လည်း  အလွန်ကြီးမား ပြီး လေးလံသည့်အတွက် လက်ရှိခင်းထားသည့် ၁၂ ပေအကျယ် ကတ္တရာလမ်းသည် လမ်း၏ ခံနိုင်ဝန်ကို မခံနိုင်တော့သည့်အတွက် ကြီးမားစွာ ပျက်စီးနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ဘော်ဆိုင်း မြို့အဝင်တွင် ပျက်စီးနေသည့် အခြေအနေဖြစ်နှင့် ကားဝိတ်များ မခံနိုင်၍ လမ်းများ ပေါက်ပြဲနေသည့် လမ်း၏ အခြေအနေများကြောင့် မိမိတို့ဒေသခံများအနေဖြင့်လည်း လမ်းက ကျဉ်းသည့်အတွက် ကားကြီးများသည်  နှစ်စီးဖြတ်ရန် မလွယ်ပါကြောင်း၊ သတ္တုတူးဖော်သည့် ကားကြီးများ၊ ခဲ၊ သတ္တု ကို သယ်သည့် ကားများ ပျက်၍ လမ်းပိတ်ပါကဟိုဘက်ဒီဘက်လမ်းသည် ပိတ်၍ သွား၍မရသည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွာသူရွာသားများကိုယ်တိုင် ကိုယ်ထူ ကိုယ်ထလမ်းကို‌ မြေသားဘေးကိုချဲ့ပြီးမှ သုံးစွဲရသည့် အခြေအနေဖြစ်ပါကြောင်း၊ မိုးတွင်းဆိုလျှင် အဆိုပါ လမ်းများသည်   ပြည်သူလူထုအတွက် အခက်အခဲဖြစ်ပါကြောင်း၊ Honda Fit ကားနှစ်စီး ရှောင်ရန် အခက်အခဲရှိသည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များဒေသခံများကို ကွင်းဆင်းကြည့်ရှု သည့်အချိန်တွင် ဒေသခံပြည်သူလူထုမှ အဓိကတင်ပြသည့်အချက်ထဲတွင် နံပါတ်တစ်ဦးစားပေးသည် အဆိုပါ ဟဲဟိုး-ဘော်ဆိုင်းလမ်းကြီးကို အဆင့်မြှင့်တင်ပေးရန် ဒေသခံများမှ မိမိတို့ကွင်းဆင်းသည့် အချိန်တိုင်းတွင် ထိုဟာကို ဦးစားပေးတောင်းဆိုပါကြောင်း၊ သတ္တုကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံများသည် အဆိုပါလမ်းကို အဆင့်မြှင့်တင်ပေးရန် မိမိတို့ကို အားကြိုး မာန်တက်၊ အားကိုးတကြီးနှင့် တင်ပြနေခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ အဆိုပါဘော်ဆိုင်းကျေးရွာ အုပ်စုမှ ဟဲဟိုးကျေးရွာအုပ်စုကို ဆက်သွယ်ထားသည့် အရှည် ၁၉ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာ လမ်းကို ၁၈ ပေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင်တင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုမှ ဟဲဟိုးမြို့သို့ အထွက်လမ်းပိုင်းတွင် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယလမ်း၏ ဟဲဟိုး-ဘော်ဆိုင်းလမ်းပိုင်းဖြစ်ပြီး ဟဲဟိုး မှ ပင်းတယအထိ စုစုပေါင်း ၂၅ မိုင်၊ ၇ ဖာလုံ ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ၀ မိုင်ကနေ ၂၀ မိုင်၊ ၄ ဖာလုံအထိအား ကလောခရိုင်၊ ကလောမြို့နယ်မှ တာဝန်ယူဆောင်ရွက်ပြီး ၂၁ မိုင်၊ ၄ ဖာလုံမှ ၂၅ မိုင်၊ ၇ ဖာလုံအထိ ၄ မိုင်၊ ၃ ဖာလုံ အား တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟဲဟိုးမြို့နယ်မှ ဘော်ဆိုင်းကျေးရွာအထိ ၂၁ မိုင်၊ ၄ ဖာလုံအရှည်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၈ မိုင်၊ ၂ ဖာလုံနှင့် ၁၈ ပေအကျယ် ကတ္တရာလမ်း ၃ မိုင်၊ ၂ ဖာလုံဖြစ်ပါကြောင်း၊  လက်ရှိတွင် ယာဉ်အစီးရေ တစ်နေ့လျှင် ၃၃၀ စီးခန့် သွားလာနေပါကြောင်း။

          ဟဲဟိုး-ဘော်ဆိုင်းလမ်းပိုင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာလမ်းချဲ့ရန် ဒု-အခြေခံလွှာခင်းခြင်းလုပ်ငန်း ၅.၄၆ ဖာလုံ၊ ကတ္တရာလမ်းပြုပြင်ခြင်း ၁.၆၈ ဖာလုံ၊ လမ်းပုခုံးပြုပြင်ခြင်း ၄.၇၂ ဖာလုံနှင့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများအား လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၁၈ ပေအကျယ်ချဲ့ရန် ကျန်ရှိသော ၁၈ မိုင်၊ ၂ ဖာလုံအနက် ၁ မိုင်၊ ၂ ဖာလုံ၌ ဟဲဟိုးလေယာဉ်ကွင်းပြေးလမ်း တိုးချဲ့မည့် လျာထားလမ်းကြောင်းတွင် ပါနေကြောင်း၊ ထိုသို့ပါနေသည့်အတွက် ၎င်းကို ချန်ထားခဲ့၍ ကျန် ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းတွင် တွက်ချက် လျာထားပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရှမ်း ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြ၍ ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားအပ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ရန်ပုံငွေရရှိရေး အဆိုပါပြည်နယ်ကို ခရီးသွားသည့်အခါ ပြည်နယ်ဝန်ကြီးချုပ် များကိုပါ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ 

မေးခွန်း
မေးခွန်း

ဒေါက်တာနန္ဒာလှမြင့်(ကလောမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါလမ်းပိုင်းသည် ပြည်နယ်စီမံခန့်ခွဲမှုထဲတွင် ပါသည့်အတွက် ထိုပြည်နယ်၏ ဘတ်ဂျက် ရရှိမှုအပေါ် မူတည်၍ လုပ်မည်ဆိုလျှင် အချိန်ယူပြီး ကြာမည့်အနေအထားရှိပါကြောင်း၊ ထို့ကြောင့် မိမိ တင်ပြလိုသည်မှာ အခြေအနေပေးမည်ဆိုလျှင် ပြည်ထောင်စုရန်ပုံငွေမှ ဖြည့်စွက်ပံ့ပိုးပြီး အမြန်ဆုံးလမ်းကောင်းသွားအောင် ဆောင်ရွက်ပေးပါနိုင်ရန် ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုမှ  စီမံခန့်ခွဲသည့်လမ်းနှင့် ပြည်နယ်မှ စီမံ ခန့်ခွဲသည့်လမ်း နှစ်မျိုးရှိပါကြောင်း၊ ယခုလမ်းသည် ရှမ်းပြည်နယ်မှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ပြည်ထောင်စုမှ ထည့်၍ရသလားဆိုသည်မှာ ပုံမှန်ထည့်၍ မရပါကြောင်း၊ ထို့ကြောင့် မိမိက ရှမ်းပြည်နယ်ကို ခရီးသွားသည့်အခါတွင် ရှမ်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိပြီးပြီဖြစ်ကြောင်း၊ လမ်းကိုလည်း ပိုကောင်းအောင် ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။