MY EN

(ဇ)-ဒေါ်ကြူကြူမော်(သာစည်မဲဆန္ဒနယ်)-မေးခွန်း

2026-06-18
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ကြူကြူမော်(သာစည်မဲဆန္ဒနယ်)
သာစည်မြို့တောင်ဘက် သာစည်- ညောင်ရမ်းလမ်းပေါ်ရှိ အရှည် ၁၂၀ ပေ၊ အကျယ် ၁၈ ပေရှိ ပျက်စီးနေသော ဉာဏ်ကန်သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

သာစည်မြို့နှင့် ညောင်ရမ်းတိုက်နယ် သို့ ဆက်သွယ်ထားသော ဉာဏ်ကန်ကျေးရွာအနီး အရှည် ၁၂၀ ပေ၊ အကျယ် ၁၈ ပေရှိသည့် ဉာဏ်ကန်သစ်သားတံတားသည်သာစည်မြို့အနီး တွင်ရှိ သည့် ရပ်ကွက်၊ ကျေးရွာများ၊ ညောင်ရမ်း တိုက်နယ်အတွင်းရှိ ကျေးရွာများ စုစုပေါင်း ရပ်ကွက်၊ ကျေးရွာ ပေါင်း ၈၀ ကျော်အတွက် ဒေသထွက်ကုန်များရောင်းဝယ်ရာတွင်လည်းကောင်း၊ လူမှုရေး၊ ပညာရေး ကိစ္စရပ်များအတွက် သွားလာရာတွင်လည်းကောင်း ဖြတ်သန်းသွားလာကြရပြီး အလွန် အရေး ပါသည့် တံတားတစ်စင်း ဖြစ်ပါကြောင်း၊ ထို့အပြင် သာစည်မြို့နယ် တောင်ဘက် တွင်ရှိသည့် ပျော်ဘွယ်မြို့နယ်သို့ မြို့နယ်ချင်းဆက်လမ်းအဖြစ် သွားလာရာတွင်လည်း ၎င်းတံတား မှ ဖြတ်သန်း သွားလာရပါကြောင်း၊ အဆိုပါ ဉာဏ်ကန်သစ်သားတံတားသည် ယခုအချိန်အခါတွင် နှစ်ကာလ အချိန်ကြာမြင့်လာခြင်း၊ သွားလာမှု၊ အသုံးပြုမှုများပြားခြင်းတို့ကြောင့် ကြံ့ခိုင်မှုအားနည်းနေပြီး ပျက်စီးယိုယွင်းလျက် ရှိပါကြောင်း၊ ထိုသို့ ကြံ့ခိုင်မှုအားနည်းနေခြင်းကြောင့် ၎င်းတံတားအား အသုံးပြုသွားလာနေကြသော ပြည်သူများအတွက် အန္တရာယ်ဖြစ်ပေါ်နေသောအနေအထားသို့ ရောက်ရှိနေပါကြောင်း၊ ၎င်းသစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးမည်ဆိုပါက သာစည်မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွက် မြို့နယ်ချင်း ဆက်လမ်း အဖြစ် အသုံးပြုရာတွင်လည်းကောင်း၊ သာစည်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားကိစ္စများအတွက် သွားလာရာတွင်လည်းကောင်း ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့ လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရှည် ၁၂၀ ပေ၊ အကျယ် ၁၈ ပေရှိ ယိုယွင်းပျက်စီးနေသော ဉာဏ်ကန်သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင် တည်ဆောက်ပေးနိုင် ပါရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ် တွင် တည်ဆောက်ပေးမည် ကိုသိလိုပါကြောင်း မေးမြန်းပါသည်၊။ 

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်

သာစည်-ညောင်ရမ်းလမ်းသည် အရှည် ၈မိုင်ရှိသည့် ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး မြို့နယ်၊ ကျေးရွာများကို ဆက်သွယ်ထားသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်တွင်ရှိသည့် ဉာဏ်ကန်တံတားသည် ၃ မိုင်၊ ၇ ဖာလုံနှင့် ၄ မိုင် အတွင်း တည်ရှိပြီး ခန်းဖွင့် ၄၀ ပေ x ၃ ခန်း စုစုပေါင်းတံတားအရှည် ၁၂၀ ပေ၊ အကျယ် ၁၄ ပေရှိပြီး ကျောက်စီကမ်း ကပ်ခုံ၊ ကျောက်စီရေလည်တိုင်၊ သံပေါင်ယက်မနှင့် ကြမ်းခင်းများနှင့် တည်ဆောက် ထားခြင်း ဖြစ်ပါကြောင်း။ တံတားကြံ့ခိုင်မှုစစ်ဆေးချက်အရ တံတားအောက်ထည်နှင့် သံပေါင်ယက်မ များပျက်စီးခြင်း မရှိဘဲ အပေါ်ကြမ်းခင်းများပြုပြင်ခြင်းအား ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံ ငွေဖြင့် တံတား၏ သစ်သားကြမ်းခင်းနှင့် လက်ရန်းများအား Steel Structure ဖြင့် အစားထိုး လဲလှယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးသည့်နောက် တံတားသည် အဆင် ပြေ ချောမွေ့စွာ သွားလာလို့ရ ပြီဖြစ်ကြောင်း။ 

သာစည်-ညောင်ရမ်းလမ်းပေါ်ရှိ  ဉာဏ်ကန်တံတားသည် လက်ရှိအခြေအနေအရ တံတား အောက်ထည်နှင့် သံပေါင်ယက်မများကြံ့ခိုင်မှုရှိပါသဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး တံတားအပေါ်ထည်ကြမ်းခင်းနှင့် လက်ရန်းအစားထိုးလဲလှယ်ခြင်းများကို အကောင် အထည် ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်တံတား အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် ပဏာမကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သံကူကွန်ကရစ်တံတား အသစ်တည်ဆောက်ရန်လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းဆောင်ရွက်နေသည့် တံတားအထူးအဖွဲ့များမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လျာထားတင်ပြပေး သွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူ တည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။