(ဃ)- ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)
မန္တလေးငလျင်ဘေးဒဏ်သင့်မြို့နယ်များတွင် ထပ်တိုးစာရင်းများ ကောက်ယူခဲ့ခြင်းရှိ မရှိနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည့်အဖွဲ့များဖွဲ့စည်း၍ ငလျင်ဘေးဒဏ်သင့်စာရင်းများကောက်ယူပြီး နိုင်ငံတော်က ကူညီထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်များစွာ ဆုံးရှုံးနစ်နာခဲ့ကြရပါကြောင်း၊ ၎င်းဖြစ်စဉ်အပေါ် နိုင်ငံတော်အနေဖြင့်လည်း အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်တွင်း အားနှင့်သာမက ပြည်ပအကူအညီများဖြင့်ပါ ဆောင်ရွက်ပေးခဲ့သည့်အပြင် ထိခိုက်ပျက်စီး ဆုံးရှုံးနစ်နာသူစာရင်းများကို အန္တရာယ်များကြားမှ အချိန်တိုအတွင်း အဆောတလျင် ကောက်ယူ ခြင်း များ ဆောင်ရွက်ပြီး ကူညီထောက်ပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လက်ရှိ အချိန်ထိ လုပ်ဆောင်လျက်ရှိသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူတို့အတွက် ပြန်လည် ထူထောင်ရေး ကူညီထောက်ပံ့ခြင်း လုပ်ငန်းစဉ်များသည် အချိန်တိုအတွင်း ကောက်ယူရရှိသည့် စာရင်းများကို အခြေခံပြီး လုပ်ဆောင်နေရခြင်းများကြောင့် တချို့သော ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသူ ပြည်သူများမှာ နိုင်ငံတော်၏ကူညီထောက်ပံ့မှုများ မရရှိကြကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ ထံသို့ အကူအညီတောင်းခံတင်ပြလာမှုများအရ သိရှိရပါကြောင်း၊ ပြည်သူများ၏ တင်ပြရင်ဖွင့်သံ တို့ကို လွှတ်တော် စလျှင်စချင်း မေးခွန်းမေးမြန်းရန်စီစဉ်နေစဉ် ၁၂-၃-၂၀၂၆ ရက်နေ့တွင် အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကျန်ရှိ နေ သေးသည့် ထပ်တိုး စာရင်းများကို သတ်မှတ်ချက်များနှင့်အညီ ကောက်ယူပြီး ၁၆-၃-၂၀၂၆ ရက် မနက် ၁၀ နာရီ အရောက်ပေးပို့ကြရန် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လမ်းညွှန် ကြောင်း၊ တစ်ဆင့် စကားကြားသိရ၍ ပြည်သူတို့၏ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ထပ်တိုးစာရင်း ကောက်ယူရက်ကို သေချာတွက်မည်ဆိုလျှင် ၄ ရက်ကျော် ၅ ရက်စွန်းစွန်းသာရှိ၍ တိုတောင်းနေမည်ကိုစိုးရိမ်မိပါကြောင်း၊ သို့ဖြစ်ပါ၍ ငလျင်ဘေးဒဏ်သင့် အခြားမြို့နယ်များ တွင်လည်း အမရပူရမြို့ ကဲ့သို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အချိန်နှင့်တစ်ပြေးညီ စာထုတ် အကြောင်းကြား၍ ထပ်တိုးစာရင်းများ ကောက်ယူခဲ့ခြင်း ရှိ မရှိ၊ အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ငလျင် ဘေးဒဏ်သင့်ပြည်သူတို့၏ စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည့် အဖွဲ့များ ဖွဲ့စည်း၍ စာရင်းများကောက်ယူပြီး နိုင်ငံတော်က ကူညီထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ
၂၈-၃-၂၀၂၅ ရက်နေ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ၂၉-၃-၂၀၂၅ ရက်နေ့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများကို နေ့စဉ်ပေးပို့ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့များသို့ အကြောင်းကြား ခဲ့သည့်အတွက် တိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့များက နေ့စဉ် စာရင်းပြုစုပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့် နိုင်ငံတော်အကြီးအကဲထံသို့ နေ့စဉ် တင်ပြ ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း အများပြည်သူနေအိမ်အဆောက်အဦ ထိခိုက်မှုများ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ သင့်လျော်သည့်ထောက်ပံ့မှုများကို ပျက်စီးသည့် နေအိမ်အမျိုးအစားအလိုက် ဆောင်ရွက် ပေးရန်အတွက် လမ်းညွှန်ခဲ့သည့်အတွက် ၁၉-၄-၂၀၂၅ ရက်နေ့မှစ၍ ထိခိုက်နေအိမ်များကို အမျိုး အစားခွဲခြား၍ လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့်စာရင်းများ ပြုစုပေးပို့နိုင်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ပါဝင်သည့် အဖွဲ့များဖွဲ့စည်းပြီး ကနဦး လိုအပ်ချက် စီစဉ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စာရင်းများကို မိမိတို့ ပြုစုခဲ့ပါကြောင်း။
ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီး ၁ ဦး ဦးဆောင်ပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံအတွင်းရေးမှူးပါဝင်သည့် ကနဦးစစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းပြီး ငလျင်ဘေးသင့် ထိခိုက်ပျက်စီးမှု စာရင်းများကို သက်ဆိုင်ရာ ကနဦးစစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ရပ်ကွက်/ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး စာရင်းကောက်ယူရေးအဖွဲ့များကို ဖွဲ့စည်းပြီး ထိခိုက်ပျက်စီးမှု စာရင်းများ ကောက်ယူခြင်းအနေဖြင့် ပြုစုဆောင်ရွက်ခဲ့ကြပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များမှ ကနဦးကောက်ယူရေးလုပ်ငန်းအဖွဲ့များက နယ်မြေ အလိုက် အိမ်အမျိုးအစားတွေခွဲခြားသည့်အခါ ဝါးထရံကာအိမ်၊ ၁ ထပ်နေအိမ် စသည်ဖြင့် အိမ် အမျိုးအစားများခွဲခြားပြီး ပျက်စီးဆုံးရှုံးမှုစာရင်းများကို ပြည်ထောင်စုအဆင့်တွင်ရှိသည့် ကောက် ယူပြီး ပြည်ထောင်စုအဆင့် လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေး အတွက် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီကိုပေးပို့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကိုလည်း တင်ပြခဲ့ပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီမှ နေအိမ်အမျိုးအစားအလိုက် အနည်းဆုံး လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်း အရေအတွက်နှင့် ကုန်ကျနိုင်မည့် ငွေကြေးများကို တွက်ချက်ပြီး ဒေသအားလုံး ယေဘုယျ တစ်ပြေးညီ ထောက်ပံ့နိုင်ရန်အတွက် ယေဘုယျနှုန်းထားများ တွက်ချက်ပြီးမှ တင်ပြ ဆောင် ရွက်ခဲ့ပါ ကြောင်း၊ နှုန်းထားအရ လိုအပ်သည့် ငွေကျပ် ၁၆၀၂.၇၉၂ ဘီလီယံကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ သုံးစွဲခွင့်ပြုနိုင်ပါရန် နိုင်ငံတော်အကြီးအကဲထံ တင်ပြခွင့်ပြုချက်ရယူပြီးမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေများကို စာရင်းများဖြင့် လွှဲပြောင်းခြင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၈ ခုတွင် ပျက်စီးနေသည့် နေအိမ် ၅၁၄၀၂ လုံး ပြုပြင်နိုင်ရန် အတွက် စုစုပေါင်းငွေကျပ် ၁၆၀၂.၇၉၂ ဘီလီယံကို ထောက်ပံ့ပေးခဲ့ပြီး နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့သည့် လူဦးရေ ၃.၆၄၀ ဦးအတွက်ကိုလည်း တစ်ဦးလျှင် ကျပ် ၁၀ သိန်း နှုန်းနှင့် ကျပ် ၃,၆၄၀ ဘီလီယံကိုလည်း ထောက်ပံ့ ပေးခဲ့ပါကြောင်း။
၂၇-၄-၂၀၂၆ ရက် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းခဲ့သည့် ၄ လပိုင်းအထိ ကူညီဆောင်ရွက်မှုအခြေအနေမှာ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ ခွင့်ပြုငွေရန်ပုံငွေဖြင့်လည်း ငလျင်ဘေးသင့် တိုင်းဒေသကြီး/ပြည်နယ် များရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အဆင့်ဆင့်မှ စာရင်းကောက်ယူပေးခဲ့သည့် ကိန်း ဂဏန်းများနှင့်အညီ ထိခိုက်ဆုံးရှုံးသည့် နေအိမ်များအတွက်ကိုလည်း ထောက်ပံ့ငွေကျပ် ၃,၉၁၂.၈၆ သန်း၊ ထိခိုက်သော ဘာသာရေးကျောင်းများအတွက် ထောက်ပံ့ငွေကျပ် ၅၁၆.၇၀ သန်း၊ သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ် ၁,၂၂၆.၁၀ သန်း၊ ဘေးသင့်ပြည်သူများ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၉၁၇.၉၆၈ သန်း၊ မီးဖိုချောင်သုံးပစ္စည်းနှင့်တစ်ကိုယ်ရည်သုံးပစ္စည်း များနှင့် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၉၃၈.၈၆၈ သန်း၊ စုစုပေါင်းငွေကျပ် ၇,၅၁၂ သန်းကိုလည်း ထောက်ပံ့ ပေးခဲ့ကြောင်း။
ငလျင်ဘေးဒဏ်သင့် အခြားမြို့နယ်များတွင် အမရပူရမြို့နယ်ကဲ့သို့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ အချိန်နှင့်တစ်ပြေးညီ စာဖြင့်အကြောင်းကြားပြီး ထပ်တိုးစာရင်းများ ကောက်ယူနိုင်ခြင်းရှိ မရှိမေးမြန်းလာသည့်ကိစ္စနှင့် စပ်လျဉ်း၍ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအနေဖြင့် ပျက်ဆီးဆုံးရှုံးမှုများရှိနေသေးသည့် ထပ်တိုးစာရင်းများကို သတ်မှတ်ချက်နှင့်ကောက်ယူပေးပို့ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စာထုတ်အကြောင်းကြားခဲ့ရာ ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် ထပ်တိုးစာရင်းများကို ကောက်ယူရန် အထက်ဌာနများမှ တောင်းခံလာသည့်အခါ အချိန်နှင့်တစ်ပြေးညီ ပေးပို့တင်ပြနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ အမရပူရမြို့နယ်ကဲ့သို့ အခြားမြို့နယ်များတွင်လည်း ထပ်တိုးစာရင်းကောက်ယူရန် အတွက် မေးမြန်းထားသည့်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြား စာများရရှိသည့်အခါ မညွှန်ကြားသေးသော်လည်းပဲ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီမှမှ ဆုံးရှုံးနစ်နာခဲ့သည့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ စာရင်းများ မကျန်ရှိရေး အတွက် ထပ်တိုးစာရင်းများ ထောက်ပံ့ပေးနိုင်ရေး ညွှန်ကြားလာသည့်အခါ မြေပြင်တွင် မှန်ကန်မှု ရှိ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ပူးပေါင်းပါဝင်သော အဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ထောက်ပံ့ သည့် လုပ်ငန်းစဉ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ နှစ်စဉ် ရရှိသည့် ဘတ်ဂျက်ရန်ပုံငွေများဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး နှုန်းထား များအတိုင်း ထောက်ပံ့လျက်ရှိပြီး မိုခါမုန်တိုင်းဘေး၊ ရာဂီတိုင်ဖွန်း မုန်တိုင်းဘေးနှင့် မန္တလေး ငလျင်ကြီးကဲ့သို့ ကြီးမားသော ဘေးအန္တရာယ်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများအပြင် အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှလည်း နိုင်ငံတော်အကြီးအကဲ၏ခွင့်ပြုချက်ဖြင့် ထောက်ပံ့မှု များ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့စဉ်က အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် နေအိမ်ပျက်စီးမှုစာရင်းများအား ကောက်ယူရန် ထပ်မံညွှန်ကြားချက်များ ရရှိလာလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ စိစစ်ပြီး ပြည်သူ့ကိုယ်စားလှယ်များ နှင့် ပူးပေါင်းပြီး စာရင်းကောက်ယူခြင်း၊ နေအိမ်အမျိုးအစားအလိုက် လုံးဝ ပျက်စီး၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် ပျက်စီးမှုအခြေအနေများကို ခွဲခြားပြုစုပြီး ဆိုင်ရာအလိုက် ဆောင်ရွက်ပေး နိုင်မှု အခြေအနေများအပေါ် ဖော်ထုတ်ခြင်း၊ ငလျင်လှုပ်ခတ်မှုကာလ တစ်နှစ်ကျော်ကာလ ကြာမြင့် ပြီဖြစ်သည့်အတွက် ယခင်ကောက်ယူထောက်ပံ့ပေးပြီးသော စာရင်းများနှင့် ပြန်လည် နှိုင်းယှဉ် ချိန်ညှိခြင်း၊ သတ်မှတ်ချက်များနှင့်အညီ ကောက်ယူပြီး စာရင်းများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ မှ စိစစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ ထပ်တိုးစာရင်းများအား ထောက်ပံ့ပေးနိုင်ရေး တင်ပြသွားမည်ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ဖြေကြားချက်များနှင့်အတူ ပေါင်းစပ် ဖြေကြားခဲ့ပါသည်။
ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ပြည်ထောင်စုဒုတိယဝန်ကြီး ဖြေကြားသွားသည့်အပေါ် အင်မတန်မှ အားရစရာကောင်း ပါကြောင်း၊ သို့သော် နစ်နာသည့်ပြည်သူများသည် ၎င်းတို့တင်ပြချက်ကို မေးခွန်းအဖြစ် ထွက်ပေါ် လာမည်ဆိုသည့်အတွက် စိတ်ဝင်တစား နားစွင့်နေကြပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ဝန်ကြီးအနေဖြင့် အနီးစပ်ဆုံး မည်သို့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်မည်ကို ဖြေကြား၍ ရလျှင် ဖြေကြားပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ
ထပ်ဆင့်မေးမြန်းချက်များအပေါ် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းသည့် အခါ နိုင်ငံတော်၏ဖွဲ့စည်းမှုနှင့်အတူ အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ကို ဖွဲ့စည်းပြီးမှ ညွှန်ကြားချက်နှင့်အညီ ရန်ပုံငွေတောင်းခံပါကြောင်း၊ ထိုအပေါ်မူတည်ပြီးမှ အကြီးအကဲ ၏ ညွှန်ကြားချက်များအပေါ် မိမိတို့က တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးက မေးမြန်းခဲ့သည့်အပေါ် မိမိတို့က ဆက်ပြီး ထပ်တိုးစာရင်းအနေဖြင့် ဆုံးရှုံးနစ်နာမှုများနှင့်ပတ်သက်၍ ဘယ်လောက်ထိ ဆက်ပြီး ဆောင်ရွက် ပေးသွားမည်ဆိုသည့် အခြေအနေပေါ် မိမိတို့အကြီးအကဲများကို ဒီမှာတင်ပြခဲ့သည့် အချက်အလက်များအပေါ်မူတည်ပြီး ပြန်လည်ပြုစု၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ မှတစ်ဆင့် ဆောင်ရွက်နိုင်မည့် အနေအထားများကို လွှတ်တော်ဥက္ကဋ္ဌကြီးကနေတစ်ဆင့် ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။