(င) ဦးကျော်သန်း (မာန်အောင်မဲဆန္ဒနယ်)
မာန်အောင်မြို့ လျှပ်စစ်မီးရရှိရေးအတွက် ခအုန်းမော်ကျေးရွာ၌ရှိသော နေရောင်ခြည်စွမ်းအင်သုံးစက်ရုံအား ဖြန့်ဖြူးရေးပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် လုပ်ဆောင်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
မာန်အောင်ကျွန်းသည် ကျွန်းနက်တစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်တရာခက်ခဲသည့် ဒေသတစ်ခုဖြစ်ပြီး ကျေးရွာပေါင်း ၁၆၃ ရွာ၊ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် အုပ်စု ၃၆ အုပ်စုရှိပြီး လူဦးရေပေါင်း ၆၉၉၉၆ ဦး နေထိုင်လျက်ရှိပါကြောင်း၊ မာန်အောင်မြို့နယ်တွင် ယခင်က ဒီဇယ်အင်ဂျင်သုံးစက်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးခဲ့သည့်အတွက် သုံးစွဲခွင့်ရရှိခဲ့ပါကြောင်း၊
NLD အစိုးရလက်ထက်တွင် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာ၌ ၁.၁၁.၂၀၁၈ ရက်နေ့တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့ပါကြောင်း၊ ၁ နှစ်အကြာ ၁၃.၁၁.၂၀၁၉ ရက်နေ့တွင် မြို့ပေါ် ၅ ရပ်ကွက်ကို စမ်းသပ်ပေးနိုင်ခဲ့ပြီးနောက် ၂၃-၁၁-၂၀၁၉ ခုနှစ်တွင်လည်း ကျေးရွာ ၃ ရွာကိုပါ အလင်းပေးနိုင်ခဲ့ပြီး၂၀.၇. ၂၀၂၀ ရက်နေ့တွင် PCSPV Panel ရှိ Socket ပြားသည် Capacitor ချို့ယွင်းပြီး ဓာတ်အားပြတ်တောက်သွားခဲ့ရပါကြောင်း၊ ပြတ်တောက် ရသည့် အကြောင်းအရင်းမှာ ဘတ်ထရီအိုးများ အရည်အသွေးညံ့ဖျင်း၍ဖြစ်သည်ကို သိရပါကြောင်း၊ အရည်အသွေး ညံ့ဖျင်းသည့် ဘတ်ထရီအိုးများကို အသစ်ပြန်လည် အစားထိုးပေးမည် ဆိုပါက လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိမေးခွန်းတင်သည့်အချိန်တွင် လျှပ်စစ် ဓာတ်အား ရရှိမှု အခြေအနေမှာ ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် နေ့ဘက်တွင် ၁ နာရီ ၁၅ မိနစ် ညဘက်၌ ၁ နာရီ ၁၅ မိနစ်သာ ရရှိပါကြောင်း၊
ထို့ကြောင့် ခအုန်းမော်ကျေးရွာ၌ရှိသော နေရောင်ခြည်စွမ်းအင်သုံးစက်ရုံအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာ နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ၊ ဦးအေးကျော်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် မာန်အောင်မြို့၊ ခအုန်းမော် ကျေးရွာတွင် PV 500 KW ဆိုလာဘတ္ထရီနှင့် ဒီဇယ်သုံး Hybrid System ဓာတ်အားပေးစက်ရုံကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Posco International Corporation မှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်ဖြင့် တည်ဆောက်ခဲ့ပြီး ၁၃.၁၁.၂၀၁၉ နေ့မှစ၍ မြို့ပေါ်ရပ်ကွက် ၅ ခု၊ ၂၃.၁၁.၂၀၁၉ နေ့တွင် စက်ရုံကြီးမှ ယင်းကျေးရွာကို ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ Pocso Daewoo Co.,Ltd မှ လှူဒါန်းခဲ့သည့် 500 KW Solar Power Plant မှ PV Panel Eapacitor ချို့ယွင်းမှုကြောင့်လည်းကောင်း၊ Lead Acid Battery များ၏ လျှပ်စစ်သိုလှောင်နိုင်မှုစွမ်းရည် ကျဆင်းမှုကြောင့်လည်းကောင်း၊ 625 KW ဒီဇယ် ဓာတ်အားပေးစက်ချို့ယွင်းမှုကြောင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိသဖြင့် ပြန်လည်ပြုပြင်နိုင်ရန်အတွက် ညှိနှိုင်းခဲ့ပြီး Posco Daewoo Co.,Ltd မှ ပြည်တွင်းရှိ KST Co.,Ltd အား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုပြင်ခြင်း ပထမအဆင့်အနေဖြင့် Inverter များနှင့် 625 KW ဒီဇယ်ဓာတ်အားပေးစက် အသစ်လဲလှယ်ပြုပြင်ခြင်းနှင့် ဒုတိယအဆင့်အနေဖြင့် ဘတ္ထရီများ အစားထိုးလဲလှယ်ပေးခြင်း လုပ်ငန်းများကို Posco International Corporation ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် သဘောတူစီစဉ်ထားခဲ့ပါကြောင်း၊ ပြုပြင်ခြင်းပထမအဆင့်အရ Inverter များနှင့် 625 KV ဒီဇယ်ဓာတ်အားပေးစက် အသစ် တပ်ဆင်ခြင်းအား ၂၂.၁၂.၂၀၂၃ ရက်နေ့ တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ပြုပြင်ခြင်းဒုတိယအဆင့်အရ ဘတ္ထရီများ ဆက်လက် အစားထိုးလဲလှယ် ခြင်း လုပ်ငန်းကို ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် နယ်မြေဒေသအခြေအနေ များကြောင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းခဲ့ရပါကြောင်း၊ ဘတ္ထရီများ အစားထိုးလဲလှယ်မှုလုပ်ငန်းများ မရှိခြင်းကြောင့် Solar Hybird စနစ်ဖြင့် ဓာတ်အားပေး နိုင်ခြင်းမရှိဘဲ အသစ်လဲလှယ်တပ်ဆင်ပေးထားသည့် 625 KVA ဒီဇယ်ဓာတ်အားပေးစက်ဖြင့်သာ ၁.၁.၂၀၂၄ ရက်နေ့စ၍ ပြန်လည်ဖြန့်ဖြူးပေးခဲ့ပြီး လက်ရှိအချိန်တွင် မာန်အောင်မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၄ ရွာတို့ကို အုပ်စု ၄ ခုခွဲပြီး တစ်ရက်လျှင် အုပ်စု ၂ ခုကိုသာ ဓာတ်အားပေးနိုင်ခဲ့ပြီး အုပ်စု ၁ စုလျှင် ညအချိန်တွင် ၁ နာရီခွဲနှုန်းဖြင့်သာ အလှည့်ကျ ဓာတ်အားပေးလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ဆိုလာ၊ ဘတ္ထရီနှင့် ဒီဇယ် Hybrid System ဖြင့် အပြည့်အဝ ပြန်လည် ဓာတ်အားပေး နိုင် ရေး အတွက် ဆောင်ရွက်ပေးရန် ကျန်ရှိသည့် ဘတ္ထရီများ အစားထိုးလဲလှယ် ပေးခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ဘတ္ထရီလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါမှ KV 500 ကီလိုဝပ် ဆိုလာဘတ္ထရီနှင့် Diesel Hybrid System အား မောင်းနှင်၍ မာန်အောင်မြို့အား ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါ သည်။