(က)- ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)
မော်တော်ကားဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းသတ်မှတ်ထားရှိသည့် ပေါက်ဈေးများထက် ထက်ဝက်ကျော်သော ဈေးနှုန်းထားများဖြင့် ရောင်းဝယ် လုပ်ကိုင်နေခြင်းများ အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/ မရှိ တို့နှင့် စပ်လျဉ် အစီအစဉ်မရှိပါက အဘယ့်ကြောင့်နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် စီမံ ဆောင်ရွက်သွားမည်တို့ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုလက်ရှိ မြန်မာနိုင်ငံမော်တော်ကားရောင်းဝယ်ရေး လောကတွင် မော်တော်ကားရောင်းဝယ် လုပ်ကိုင်နေကြသူများသည် ပြည်တွင်းအခွန်ဦးစီးဌာနမှ သတ်မှတ်ပြဋ္ဌာန်းထားရှိသည့် စည်းကြပ် ခွန်နှုန်းများထားထက် ထက်ဝက်ကျော် ဈေးနှုန်းများနှင့် မော်တော်ကားများကို ရောင်းဝယ်လုပ်ကိုင် နေ ကြတာကို အားလုံးအသိဘဲ ဖြစ်ပါကြောင်း၊ မော်တော်ကားများ ဈေးနှုန်းကြီးမြင့်နေမှုများကြောင့် အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ကားများ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ပြည်သူအများစုမှာ အခက်အခဲ များ ရှိသည့်အပြင် နယ်စပ်ဒေသများနှင့် မြို့ကြီးများအထိ လိုင်စင်မဲ့ မော်တော်ကားများ ကို မတက်နိုင်သည့် အဆုံး ဥပဒေနှင့်မညီ ရွေးချယ်ဝယ်ယူသုံးစွဲနေကြရသူများလည်း ရှိသည်ကို စုံစမ်းသိရှိရပါကြောင်း၊
ပြည်တွင်းအခွန် ဦးစီးဌာန၏ ၁-၁-၂၀၂၄ ရက်နေ့ မော်တော်ကားစည်းကြပ်ခွန် စာရင်းဇယားများတွင် Toyota Max II SaLoon နှင့် 2000CC 2004 Model မော်တော်ကားတစ်စီးကို မြန်မာကျပ်ငွေသိန်း ၄၀၀ နှင့် အခွန်စည်းကြပ်ကောက်ခံသော်လည်း မော်တော်ကား ရောင်းဝယ်ရေး လောကတွင် အမျိုးအစား မော်တော်ကားတစ်စီးကို လက်ရှိကာလပေါက်ဈေး မြန်မာကျပ်ငွေ သိန်း ၉၀၀ ကျော် ဝန်းကျင်ခန့် ပေါက်ဈေးရှိနေပြီး မကြားဘူးသည့်ဈေးနှုန်းများနှင့် ရောင်းဝယ်လုပ်ကိုင် နေကြတာကို အလွယ်တကူရှာဖွေ စုံစမ်းနိုင်ပါကြောင်း၊ ထိုကြောင့်မိမိသိလိုသည်မှာ ပြည်တွင်း အခွန်ဦးစီးဌာန၏ မော်တော်ကားဝယ်ယူ၊ ရောင်းချခြင်းများ အပေါ် အခွန်စည်းကြပ်ရန် စံနှုန်း သတ်မှတ်ထားရှိသည့် ပေါက်ဈေးနှုန်းများထက် ထက်ဝက်ကျော် ဈေးနှုန်းများဖြင့် မော်တော်ကားများကို ရောင်းဝယ် လုပ်ကိုင်နေကြခြင်းတို့အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စီမံ ကြပ်မတ် ဆောင်ရွက်သွားဖို့ရန် အစီအစဉ်ရှိ /မရှိကို သိရှိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါကလည်း မည်သည့်အတွက်ကြောင့် မရှိပါကြောင်းနှင့် အစီအစဉ်ရှိပါကလည်း မည်သည့်ကာလအပိုင်း အခြားမှစ၍ မည်သို့စီမံ ကြပ်မတ် ဆောင်ရွက်သွားမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဟန်ဝင်းအောင်
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ထ) တွင် အခြေပစ္စည်းဆိုသည့် စကားရပ်အဓိပ္ပါယ် ရှင်းလင်းဖွင့်ဆိုချက်တွင် “အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏အခန်းများ၊ ယာဉ်နှင့် လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းများနှင့် ယင်းစကားရပ်တွင် အစုရှယ်ယာနှင့် ကတိဝန်ခံချုပ် တို့အပြင် ငွေချေးသက်သေခံလက်မှတ်များ၊ ယင်းတို့ကဲ့သို့သော အလားတူစာချုပ်များလည်း ပါဝင်ကြောင်း” ပြဋ္ဌာန်းထားပါကြောင်း၊ မော်တော်ယာဉ်ဆိုသည့်စကားရပ်သည် ဝင်ငွေခွန်ဥပဒေပါ ရွှေ့ပြောင်းနိုင် သော အခြေပစ္စည်းဆိုသည့် အဓိပ္ပါယ်ရှင်းလင်းဖွင့်ဆိုချက်၌ အကျုံးဝင်လျက်ရှိပါကြောင်း၊ အဆိုပါ ရွှေ့ပြောင်းနိုင်သည့် အခြေပစ္စည်းဖြစ်သော မော်တော်ယာဉ် ဝယ်ယူ၊ ရောင်းချသူများ သည် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် အခွန်ထမ်းဆောင်ရန် အတွက် ကနဦးစိစစ်မှုများကို ဆောင်ရွက်ရပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်များဝယ်ယူခြင်း၊ ရောင်းချခြင်းများအပေါ် အခွန်ကင်းလွတ်မှု မရှိစေ ရေး အတွက် အခွန်ကိစ္စရပ်များဆောင်ရွက်ရန်အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် နှစ်စဉ် စံနှုန်းများ ကြိုတင်ပြုစုသတ်မှတ်ပြီး အခွန်စည်းကြပ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ် စံနှုန်းတန်းဖိုးများကိုလည်း အခွန်ထမ်းပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် မိမိဆန္ဒ အလျောက် အခွန်ပေးဆောင်နိုင်စေရေးတို့အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် တစ်ပြေးညီ ဖြစ်စေရန် သတ်မှတ်ထားသည့်စံနှုန်းများဖြစ်ပါသဖြင့် မော်တော်ယာဉ်ဈေးနှုန်း အတက်အကျ အခြေအနေ များအရ ပြင်ပပေါက်ဈေးနှုန်းနှင့် စံနှုန်းကွာဟမှုများရှိနိုင်ပါကြောင်း၊ ပြည်တွင်းအခွန် များ ဦးစီးဌာနအနေဖြင့် IDS (IRD Documentation System) စနစ်ကို လက်ရှိအသုံးပြုလျက်ရှိပြီး အဆိုပါစနစ်တွင် မြေပြင်တွင်အများဆုံး အရောင်းအဝယ်ဖြစ်နေသည့် မော်တော်ယာဉ်များ၏ ထုတ်လုပ် သည့် ခုနှစ်အလိုက် စံနှုန်း ၁၁၁၇၂ ခု၏ တန်ဖိုးများကို အတည်ပြုသတ်မှတ် ထည့်သွင်းဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ စံနှုန်းများသတ်မှတ်ရာတွင် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး ကော်မရှင်အသင်းနှင့် မော်တော်ယာဉ်အရောင်းပြခန်းများမှ သတင်းအချက် အလက်များ ရယူကာ စံနှုန်းသတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ မော်တော်ယာဉ်တန်ဖိုးစံနှုန်းများကို ၆ လ တစ်ကြိမ် ပြန်လည်သုံးသပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန အနေဖြင့် ပြည်သူများအဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမို ပွင့်လင်း မြင်သာသည့် စနစ်တစ်ခု ဖြစ်စေရန် မော်တော်ယာဉ်တန်ဖိုးအလိုအလျောက် စိစစ် အခွန်တွက်ချက် ပေးဆောင်သည့်စနစ် (Vehicle Automatic Valuation System- VAVS ) ကို Online မှတစ်ဆင့် အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ မော်တော်ယာဉ်ဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ရန် သတ်မှတ်ထားသည့် စံနှုန်းများကို အခွန်စည်းကြပ်ရာမှာ တစ်ပြေးညီဖြစ်စေရေး၊ မျှတမှုရှိစေရေးနှင့် ပြည်သူ့များ လိုက်နာကျင့်သုံးနိုင်မှုအနေအထားရှိစေရေးတို့အတွက် သတ်မှတ်ဆောင်ရွက်ထားရှိခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိမေးသည့်မေးခွန်းပေါ်တွင် ဒုတိယဝန်ကြီး အနေဖြင့် ရှင်းလင်းစွာဖြေကြားသွားသည်ကို မတွေ့ရသည့်အတွက် ရှင်းလင်း တိကျသည့် အဖြေတစ်ခု ကို ဖြေကြားပေးနိုင်ပါရန်အတွက် တစ်ဆက်တစ်စပ်တည်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ၊ ဦးဟန်ဝင်းအောင်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ကောက်ခံရန် အတွက် စံနှုန်းကို ပြုစုပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေး သည့် ရည်ညွှန်းဈေးကိုဆိုလိုခြင်းဖြစ်တယ်လို့ နားလည်ပါကြောင်း၊ ပြည်သူများတစ်ပြေးညီ ဖြစ်စေရေး အတွက် ဥပမာ အားဖြင့် အိမ်ခြံမြေရောင်းတဲ့အခါမှာ မြေဈေးကို ပြည်နယ်/တိုင်းအလိုက် သတ်မှတ်ထားသည့်စံနှုန်းများ ရှိပါကြောင်း၊ ၎င်းစံနှုန်းပေါ် မူတည်ပြီး အခွန်ကိုကောက်ခံ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြင်ပပေါက်ဈေးဖြင့် မိမိတို့ဝန်ကြီးဌာနမှ စိစစ်ဆောင်ရွက်မှု မရှိသော်လည်း ပြင်ပပေါက်ဈေးကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းချကြောင်းဖော်ထုတ်ရရှိသည့် အပေါ် အခွန်ကိုပြန်လည် ကောက်ခံခြင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်စံနှုန်းကို သတ်မှတ်ပြီးတစ်ပြေးညီဖြစ်စေရန်အတွက် မော်တော်ယာဉ် အမျိုးအစားအလိုက် အစောပိုင်းက မိမိတင်ပြထားခဲ့သလို ၁၁၁၇၂ ခု၏ ထုတ်လုပ်သည့်ခုနှစ် ယာဉ်အမျိုးအစား စံနှုန်းတွေကို သတ်မှတ် ဆောင်ရွက်ထားရှိခြင်း ဖြစ်ပါကြောင်း ၎င်းကိုလည်း ခြောက်လ တစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြင်ပပေါက်ဈေးနှင့် စံနှုန်း ကွာခြားနိုင်ပါကြောင်း၊ ပြင်ပပေါက် ဈေးသည် ရည်ညွှန်းဈေးကိုဆိုလိုခြင်းဖြစ်ပါကြောင်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရည်ညွှန်း ဈေး ကို သတ်မှတ်ဆောင်ရွက်ခြင်းမရှိပါကြောင်း ဆက်စပ်မေးခွန်း ကို ပြန်လည်ဖြေကြားပါသည်။