MY EN

(ဈ)-ဒေါ်မော်မော်ခိုင်(ဒီးမော့ဆိုမဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်မော်မော်ခိုင် (ဒီးမော့ဆို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သက်တမ်းလွန် မော်တော်ယာဉ်၊ ဆိုင်ကယ်များအား မှတ်ပုံတင်ခွင့်ပြုမည့်အစီအစဉ်နှင့် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံလက်မှတ်များ ပျက်စီး၊ ပျောက်ဆုံးခြင်းများအတွက် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ယနေ့မေးမြန်းမည့်မေးခွန်းကတော့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး (၃၀)ရက်မြောက်နေ့တွင် လွိုင်ကော်မဲ‌ဆန္ဒနယ်မှ ဦးမောင်ရွှေ ကိုယ်စား‌မေးမြန်းခဲ့သည့် ငါးနှစ် ကျော်သက်တမ်းလွန် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပြန်လည် မှတ်ပုံတင် ဆောင်ရွက် ပေးသွားမည့် အစီအစဉ်  ရှိ မရှိမေးခွန်း၏ ဖြေကြားချက်အပေါ် ပြည်သူများက များစွာဝမ်းသာကျေနပ် ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်း မေးမြန်းဖြေကြားချက်အပေါ် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်သူများကလည်း ဆောင်ရွက်ပေးစေလိုသည့်ဆန္ဒ ရှိနေကြသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ဒေသ အသီးသီးတွင် ဆူပူဆန္ဒပြမှုများ၊ ဖိအားပေးခြိမ်းခြောက် ခံရမှုများကြောင့် အစိုးရဌာနများ၏ ရုံးလုပ်ငန်းများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံ များတွင် အဟန့်အတားများစွာဖြင့် ပုံမှန်ပြန်လည်ပတ်နိုင်အောင် ကျားကန်ပြီး ကြိုးစားခဲ့ကြရတာ အားလုံးအသိဖြစ်ပါကြောင်း၊ အစိုးရယန္တရားပျက်စီးအောင် လုပ်ဆောင်ခဲ့ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးမှ ပြည်သူများနစ်နာရတယ်ဆိုတာ ယနေ့မေးမြန်းရသည့်မေးခွန်းက သက်သေပြနေပါ ကြောင်း။

မြန်မာနိုင်ငံ၏ဒေသအသီးသီးရှိ လိုင်စင်ရှိပြီး ငါးနှစ်ကျော်သက်တမ်းလွန်နေသော မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံတော် အတွက် အခွန်ငွေလည်းတိုးပွားလာမည်ဖြစ်သလို ပြည်သူများ၏ နစ်နာဆုံးရှုံးမှုကို အကာအကွယ် ပေးရာရောက်သည့်အပြင် မိမိတို့နိုင်ငံအတွင်းမှာ ရှိသည့် ရှိပြီးသားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု နည်းအောင် ထည့်သွင်းစဉ်းစားသင့်သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မှတ်ပုံတင်ထားသည့် ငါးနှစ်ကျော်သက်တမ်းလွန် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည့်အစီအစဉ် ရှိ/ မရှိနှင့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင် သက်သေခံလက်မှတ်များ ပျက်စီးပျောက်ဆုံးခြင်းများ အတွက် ဆောင်ရွက်ရာတွင် ပြည်သူများ၏ မသိနားမလည်မှုအပေါ်အခြေခံပြီး ကြားခံဝန်ဆောင်မှု ပေးနေကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပေးသွင်းရန်သတ်မှတ်နှုန်းထားများထက် အဆမတန် ကောက်ခံသည့်ဖြစ်စဉ်များ မပေါ်ပေါက် စေရေး အတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုသော မေးခွန်းအားဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်  ရှိ /မရှိ မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မှတ်ပုံတင်ထားသည့် ငါးနှစ်ကျော်သက်တမ်းလွန် မော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည့် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ ယာဉ်အစီးရေ ၁,၄၃၆,၄ဝ၂ စီးနှင့် မော်တော်ဆိုင်ကယ်အစီးရေ ၄,၁၇၀,၇၆၆ စီး မှတ်ပုံတင်ထား ရှိပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂ဝ၂ဝ ပြည့်နှစ်၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၃ အရ မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းတိုးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် တစ်ဆက်တည်း ငါးနှစ်ပျက်ကွက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး တစ်ဆက်တည်း ငါးနှစ်ပျက်ကွက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် နယ်မြေဒေသ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် မှတ်ပုံတင်ထားသည့် ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကိုသာ ပြည်သူများ၏ လူမှုစီးပွားဘဝအဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေး အတွက် အထူးကိစ္စတစ်ရပ်ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားသည့် ယာဉ် မှန် /မမှန်စိစစ်ခြင်း၊ ယာဉ်ပိုင်ရှင်များအနေနှင့် စစ်ဘေးရှောင်နေထိုင်ခဲ့သည့်ဒေသရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ ခိုင်လုံသည့်ဧည့်စာရင်း ထောက်ခံချက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အား အမှန်တကယ်ပိုင်ဆိုင်မှုဖြစ်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် သို့မဟုတ် မော်တော် ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်တို့ကို တင်ပြစေခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အား ယာဉ်စစ်ဆေး၍ ယာဉ်နှင့် ယာဉ်မှတ်တမ်း မှန်ကန်မှု ရှိ /မရှိ စိစစ်ခြင်းတို့ရယူပြီး သီးခြား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် သို့မဟုတ် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ပျက်စီး၊ ပျောက်ဆုံးခြင်းများနှင့်စပ်လျဉ်းပြီး မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) ပျောက်ဆုံး မိတ္တူထုတ်ပေးရာတွင် သက်ဆိုင်ရာရဲစခန်းမှ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) ပျောက်ဆုံးကြောင်း ပထမသတင်းပေးတိုင်ကြားချက်(FIR)နှင့် အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင်လာရောက်၍ ပိုင်ရှင်၏ ဓာတ်ပုံပါစိစစ်ရေးကတ်မူရင်း၊ မိတ္တူပါရှိရမှာဖြစ်ပါကြောင်း၊ ယာဉ်စစ်ဆေးပြီး မှတ်တမ်းနှင့်တူညီပါ က ကန့်ကွက်မည့်သူ ရှိ မရှိ မြန်မာ့အလင်းသတင်းစာတွင် ကြော်ငြာပြီး ရက်ပေါင်း ၃၀ ပြည့်ပြီး ကန့်ကွက်မည့်သူမရှိပါက မိတ္တူထုတ်ပေးပြီး ယာဉ်လက်ဝယ်ရှိသူကလျှောက်ထားလျှင် အမည် ပြောင်း ဆောင်ရွက်ရပါကြောင်း၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) ပျက်စီး၊ မိတ္တူထုတ်ပေးရာတွင် ပျက်စီးသည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) တင်ပြရမည်ဖြစ်ပြီး ပိုင်ရှင်လာရောက်နိုင်ခြင်း မရှိပါက ပိုင်ရှင်၏ ဓာတ်ပုံပါစိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ ဆောင်ရွက်သူ၏ ဓာတ်ပုံပါစိစစ်ရေး ကတ်မူရင်း၊ မိတ္တူပါရှိရမည်ဖြစ်ပြီး ယာဉ်စစ်ဆေးပြီး မှတ်တမ်းနှင့်တူညီပါက မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် (ကမ-၃)မိတ္တူ ထုတ်ပေးပါကြောင်း။

မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အဝိုင်း ပျောက်ဆုံးမိတ္တူထုတ်ပေးရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်အဝိုင်း နောက်ဆုံးထုတ်ပေးသည့်ရက်မှ သုံးလပြည့် မှသာ ထုတ်ပေးပါကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြစ်ချက်ဖြင့်သိမ်းယူထားခြင်းမရှိကြောင်း ထောက်ခံချက် ပါရှိရမည်ဖြစ်ပါကြောင်း၊ ပိုင်ရှင်လာရောက်နိုင်ခြင်းမရှိလျှင် ပိုင်ရှင်၏ ဓာတ်ပုံပါစိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ ဆောင်ရွက်သူ၏ ဓာတ်ပုံပါ စိစစ်ရေးကတ် မိတ္တူ၊ မူရင်းပါရှိရမှာဖြစ်ပါကြောင်း၊ မော်တော် ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အဝိုင်း ပျက်စီးမိတ္တူထုတ်ပေးရာတွင် ပျက်စီးမော်တော် ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်အဝိုင်း တင်ပြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သူ၏ ဓာတ်ပုံ ပါ စိစစ်ရေး ကတ်မူရင်း၊ မိတ္တူတင်ပြရမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိသည့် မှတ်ပုံတင်ထားသည့် ငါးနှစ်ကျော်သက်တမ်းလွန် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၃ အရ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေး၍ မရပါကြောင်းနှင့် နယ်မြေဒေသလုံခြုံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မှတ်ပုံတင်ထားသည့်ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော မော်တော်ယာဉ်၊ ဆိုင်ကယ်များကိုသာ နယ်မြေဒေသအခြေအနေအပေါ်မူတည်ပြီး အထူးကိစ္စတစ်ရပ် အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံလက်မှတ် ပျက်စီး၊ ပျောက်ဆုံးခြင်းများအတွက် သတ်မှတ်ထားသည့်အထောက် အထားများအားစိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။