ပင်းတယမြို့၊ မြို့ရှောင်လမ်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ပင်းတယမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပြီး ဒေသဦးစီးရုံးစိုက်ရာမြို့လည်းဖြစ်ပါကြောင်း၊ ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု၂၇ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာတည်ရှိပြီး ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ ပလောင်၊ အင်းသား စသော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် တောင်ပေါ်မြို့လေးတစ်မြို့လည်းဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပခရီးသွားများ၊ ဘုရားဖူး ဧည့်သည်များဖြင့် စည်ကားသော မြို့လေးတစ်မြို့လည်း ဖြစ်ပါကြောင်း၊ သမိုင်းရာဇဝင်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့သော ပုန်းတလုပ်ရေကန်ကြီးနှင့် ရွှေဥမင်သဘာဝလှိုဏ်ဂူဘုရားကြီး တည်ရှိရာ မြို့လည်းဖြစ်ပါကြောင်း၊ အောင်ပန်း-ပင်းတယ-ရပ်စောက်သို့ ဆက်သွယ်ထားသော ကားလမ်းမကြီးပေါ်တွင် တည်ရှိပါကြောင်း၊ ပုန်းတလုပ် ရေကန်ကြီးသည် ရှေးယခင်ကတည်းက တည်ရှိခဲ့သည့်အတွက် ပင်းတယ-အောင်ပန်း-ရပ်စောက် ကားလမ်းမကြီးသည် ပုန်းတလုပ်ရေကန်ကြီး၏ မြောက်ဘက်ကန်ပေါင်ပေါ်မှ ဖြတ်သန်းသွားလာကြ ရပါကြောင်း၊ အဆိုပါ ကန်ပေါင်လမ်းမကြီးသည် ရှေးယခင်ကာလကတည်းက တည်ဆောက်ထား ခြင်းဖြစ်သည့်အတွက် နည်းပညာအရ အားနည်းခြင်း၊ နှစ်ရှည်လများ အသုံးပြုလာခြင်းတို့ကြောင့် ခိုင်ခံ့မှုအားနည်းလာပြီး ကုန်တင်ကားကြီးများ၊ တွဲကားကြီးများ၏ တုန်ခါမှုများကြောင့် အထူး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါကြောင်း။
နှစ်စဉ် မိုးများစွာရွာသွန်းမှုကြောင့် ပုန်းတလုပ်ရေကန်ကြီးမှ ရေများပြည့်လျှံပြီး အဆိုပါ ကားလမ်းမကြီးပေါ်သို့ နှစ်စဉ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို၊ ရပ်စောက်မြို့နယ်မှ ဒေသထွက်ကုန်များ တွဲကားကြီးများ ဖြတ်သန်းသွားလာ အသုံးပြု လျက်ရှိနေပါကြောင်း၊ ပင်းတယမြို့၏ မြို့မဈေးပတ်ဝန်းကျင်၌လည်း ကားလမ်းမကြီးသည် ကျဉ်းမြောင်းနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ပါကြောင်း။
ပင်းတယမြို့နယ်တွင် မြို့ရှောင်လမ်း ဖောက်လုပ်ပေးနိုင်မည်ဆိုပါက မြို့သန့်ရှင်းသာယာ လှပပြီး ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်များလည်း ကင်းဝေးသွားမည်ဖြစ်ပါကြောင်း၊ သဘာဝပုန်းတလုပ်ရေကန်ကြီးအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မည်ဖြစ်ပါ ကြောင်း၊ ခရီးသွားဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်လျက်ရှိသော ပင်းတယမြို့၏ မြို့ရှောင်လမ်းအား ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသော မြို့ရှောင်လမ်း ဖောက်လုပ်လို သည့် လမ်းပိုင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော အောင်ပန်း-ပင်းတယ-ရပ်စောက် လမ်း၏ ပင်းတယမြို့အဝင် မိုင်တိုင် ၂၂/၃ မှ မြို့အထွက် မိုင်တိုင် ၂၅/၁ အထိ ၂ မိုင်၊ ၆ ဖာလုံခန့်ရှိသော မြို့တွင်းလမ်းပိုင်းအား ရှောင်ကွင်းလမ်းဖောက်လုပ်လိုသောအပိုင်းဖြစ်ပါကြောင်း။
ပင်းတယမြို့တွင်းလမ်း၏ လက်ရှိ လမ်းအခြေအနေသည် အသင့်အတင့်ကောင်းမွန် ပါကြောင်း၊ ၃၀ ပေအကျယ်ကတ္တရာလမ်း ၄ ဖာလုံ၊ ၁၈ ပေ အကျယ် ကတ္တရာလမ်း ၂ မိုင်၊ ၂ ဖာလုံ ရှိပါကြောင်း၊ လက်ရှိတွင်လည်း ပျမ်းမျှ တစ်ရက်လျှင် ယာဉ်စီးရေ ၄၀၀ လောက်သွားလာ လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပင်းတယမြို့တွင်း ပျက်စီးနိုင်သောလမ်းပိုင်း များအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လမ်းပိုင်းများသည် စောစောက မေးခွန်းတွင် ဖြေကြားပြီးသည့်အတွက် ထည့်သွင်းမတင်ပြတော့ပါကြောင်း။
ပင်းတယမြို့နယ်၊ မြို့ရှောင်လမ်း ဖောက်လုပ်မည်ဆိုပါက လမ်းအူကြောင်းရှာဖွေခြင်း၊ ဒီဇိုင်းတိုင်းတာပုံထုတ်ခြင်း၊ စီမံကိန်းတန်ဖိုး တွက်ချက်ခြင်းနှင့် ခွင့်ပြုချက်တင်ပြတောင်းခံခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်နယ်နိမိတ်အကျယ်ရရှိနိုင်မှု ရှိ မရှိ၊ မြေယာပိုင်ဆိုင်မှုနှင့် မြေယာလျော်ကြေးကိစ္စများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြို့ရှောင်လမ်း ဖောက်လုပ် နိုင်ရေးအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ဖောက်လုပ်မည့် ကုန်ကျစရိတ်များစသည့် အချက်အလက်များကို တွက်ချက်စဉ်းစားသုံးသပ်ပြီးမှသာလျှင် ဆောင်ရွက် ရမည်ဖြစ်ပါသဖြင့် လတ်တလော ပင်းတယမြို့ရှောင်လမ်းဖောက်လုပ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဝင်းဇော်(ပင်းတယမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
မြို့ရှောင်လမ်းကိစ္စအတွက် လမ်းအူကြောင်းရှာဖွေပြီးသားလည်းဖြစ်ပါကြောင်း၊ အတိအကျ ဆိုလျှင် ၄ မိုင်နှင့် ၇ ဖာလုံ ရှိပြီး မြေယာကိစ္စများလည်း ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
ရှေ့တွင်ဖြေကြားခဲ့သလိုပဲဖြစ်ပါကြောင်း၊ ရှေ့ကကိစ္စရပ်များ ဆောင်ရွက်ပြီးလျှင် မိမိ ဆက်လက်စဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။