ကျိုင်းတောင်း-ဆိုင်းခေါင်လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် မည်သည့် ဘဏ္ဍာရေးနှစ်တွင်စတင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၀ -၂၀၁၅ ခုနှစ်၊ ပထမအကြိမ် ရှမ်းပြည်နယ်သက်တမ်းအတွင်း မိုးနဲမဲဆန္ဒနယ်၊ အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ရှမ်းပြည်နယ်လွှတ်တော်မှာ စတင်အဆိုတင်သွင်းရာ မိုင် ၇၀ အကွာအဝေးရှိသည့် နားခံ- ကျိုင်းတောင်း -ဆိုင်းခေါင်လမ်းပိုင်းအဆင့်မြှင့်တင်ပြုပြင်သည့် စီမံကိန်းလုပ်ငန်း ကို သက်ဆိုင်ရာဌာနကနေ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုလိုအဆင့်မြှင့် တင်ပြုပြင်သည့် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိုင် ၇၀ အကွာအဝေးရှိသည့် အဆိုပါ လမ်းပိုင်းအနက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ၄၅ မိုင် အကွာအဝေးရှိသည့် နားခံ-ကျိုင်းတောင်း လမ်းပိုင်းအထိကို ကတ္တရာလမ်းပိုင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် ၂၅ မိုင် အကွာအဝေးရှိ ကျိုင်းတောင်း-ဆိုင်းခေါင် လမ်းပိုင်း ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ မြေသားလမ်းအဆင့်ဖြင့် သာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ယခုလိုပြုပြင်ရန် ကျန်ရှိနေသေးသည့်လမ်းပိုင်းမှာ မိုင်းပန်-ကျိုင်းတောင်း-ကွန်ဟိန်း-တာကော်တံတားလမ်းကြောင်းနှင့် မောက်မယ်-လင်းခေး- မိုးနဲ-ကျိုင်းတောင်း-ကွန်ဟိန်း-တာကော်တံတားလမ်းကြောင်းတို့နှင့် ချိတ်ဆက်နေသည့် အချက်အချာကျ လမ်းအစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ အဆင့်မြှင့်တင်ရန် ကျန်ရှိနေသေးသည့် ၂၅ မိုင်အကွာအဝေး ရှိ ကျိုင်းတောင်း-ဆိုင်းခေါင် လမ်းကို မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်မည်ဆိုပါက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြား အဓိကကျသည့် ကုန်သွယ်ရေး လမ်း ကြောင်းသစ်တစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်း ပိုင်းပေါ်ပေါက်လာမည်ဆိုပါက ခရီးအကွာအဝေးလျော့နည်းသွားမည့်အပြင် ကုန်စည်ပို့ဆောင်ရေးကုန်ကျ စရိတ်များလည်း အများကြီး သက်သာလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအတွင်းရှိ ထွက်ကုန်များကို ဈေးကွက်အတွင်းကို ပိုမိုလျှင်မြန်စွာ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည့်အတွက် ကျိုင်းတောင်းဒေသခံပြည်သူများအပြင် ဆက်စပ်လျက်ရှိသည့် အခြားမြို့နယ်၊ ခရိုင်များအတွင်းမှာရှိ ပြည်သူလူထုများပါ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်ကို ထပ်တူခံစားရမည်ဖြစ်ပါကြောင်း၊ ယခုလိုလမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည် ဆိုပါက သဘာဝအလှတရားများနှင့် ကြွယ်ဝစွာပြည့်နှက်နေသည့် ကျိုင်းတောင်းမြို့၏ မြို့ဂုဏ်ဆောင် အထက်ကျိုင်းတောင်းရေတံခွန်နှင့် အောက်ကျိုင်းတောင်းရေတံခွန်ရှိ ၎င်းဒေသကို ခရီးသွားဧည့်သည် များ အလွယ်တကူလာရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားခြင်းစသည့် အကျိုးကျေးဇူး များစွာကို ထပ်ဆင့်ခံစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာဝန်ကြီးဌာနကို အောက်ပါ ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းလိုပါကြောင်း-
(က) အဆင့်မြှင့်တင်ရန်ကျန်ရှိနေသေးသည့် ကျိုင်းတောင်း-ဆိုင်းခေါင်လမ်းပိုင်း ၂၅ မိုင်ကို မြေသားလမ်းကနေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ၊
(ခ) အစီအစဉ်ရှိမည်ဆိုရင် မည်သည့်အချိန်၊ မည်သည့်ကာလ၊ မည်သည့်ဘဏ္ဍာရေးနှစ်မှ စပြီး လုပ်ငန်းဆောင်ရွက်ပေးသွားနိုင်မလဲဆိုသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
ကျိုင်းတောင်း - ဆိုင်းခေါင်လမ်းပိုင်းအရှည် ၂၅ မိုင်သည် မိုးနဲ -ကျိုင်းတောင်း - ဆိုင်းခေါင် - ကွန်ဟိန်းလမ်း၏ အစိတ်အပိုင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ နားခံရွာမှ ကျိုင်းတောင်းမြို့အထိ ၁၂ ပေအကျယ် ကတ္တရာ လမ်း ၄၅ မိုင်ရှိပြီး မေးခွန်းပါမေးမြန်းထားသည့် ကျိုင်းတောင်းမြို့မှ ဆိုင်းခေါင်ရွာအထိ မြေလမ်း ၂၅ မိုင်ဖြစ်ပါ ကြောင်း၊ ဆိုင်းခေါင်ရွာမှ ကွန်ဟိန်းမြို့အထိ ၁၂ ပေအကျယ် ကတ္တရာလမ်း ၂၅ မိုင် ၄ ဖာလုံ ရှိပါ ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လမ်းမိုင်ပေါင်း ၃,၄၁၀ မိုင် ၃ ဖာလုံ ရှိပြီး ကတ္တရာ ကွန်ကရစ်လမ်းမဖြစ်သေးသည့် ကျောက်လမ်းမှ ၂၂၅ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၁၁၇ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၆၅၉ မိုင်နှင့် ဆိုင်ကယ်လမ်း ၁၅၉ မိုင် ဖြစ်ပါကြောင်း၊ ကျိုင်းတောင်း -ဆိုင်းခေါင် လမ်း ပိုင်းသည် တစ်ကြောင်းထိုးမြေသားလမ်းအဆင့်သာဖြစ်ပြီး လတ်တလောနယ်မြေ အခြေအနေအရ သွားလာရန်ခက်ခဲခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလာမှုလည်း နည်းသလောက်ဖြစ်နေပြီး လက်ရှိ အခြေ အနေတွင် ခရီးသွားလာသူများ၏ ကျိုင်းတောင်းမြို့မှ ကွန်ဟိန်းမြို့သို့သွားလာရာ တွင် ကျိုင်းတောင်း မြို့နယ်မှ ခိုလမ်မြို့၊ ခိုလမ်မှ ကျိုင်းတောင်းလမ်းမှလည်းကောင်း ခိုလမ်မြို့မှ ကွန်ဟိန်းမြို့သို့ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးမှလည်းကောင်း လုံခြုံစွာသွားလာလျက်ရှိပါကြောင်း။
ကျိုင်းတောင်း - ဆိုင်းခေါင်လမ်းပိုင်းကို ပုံမှန်သွားလာလို့ရသည့် အခြေအနေမြေပြင်တွင် မြေသား လမ်းအပိုင်းအား သတ်မှတ်လမ်းအကျယ်ရရှိစေရန် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မြေသား တာဘောင်ချဲ့ခြင်း၊ လိုအပ်သောနေရာများတွင် တံတား /ရေပြွန်များ တည်ဆောက်ခြင်း၊ မြေလမ်း အဆင့်မှ ကတ္တရာလမ်းအဆင့်သို့ အဆင့်ဆင့်တိုးမြှင့် တည်ဆောက်ပေးနိုင်ရန် နှစ်အလိုက် ရန်ပုံငွေ လျာထားသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားခဲ့ပါသည်။