မင်းလှမြို့နယ်၊ သဲကောရွာမှ ထန်းပင်ကုန်းတံတားအထိ ပျက်စီးနေသောလမ်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၄ အုပ်စုရှိပြီး ရပ်ကွက်ကျေးရွာအုပ်စု စုစုပေါင်း ၆၆ အုပ်စုရှိပါကြောင်း၊ ကျေးရွာခွဲ ၂၄၇ ရွာနှင့် ဖွဲ့စည်းထားသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ နယ်နိမိတ်ချင်းထိစပ်နေသည့် လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်တို့နှင့် ဆက်သွယ်သည့် လမ်းများတွင်လည်းကောင်း၊ မြို့ပေါ်နှင့်ကျေးရွာ အုပ်စုကြီးများသို့ ဆက်သွယ်နိုင်သည့် အဓိကလမ်း ၇ လမ်း ရှိပါကြောင်း၊ ထိုလမ်းအနက်မှ မင်းလှ-မိုးညိုလမ်းသည် နှစ်မြို့နယ်လုံးအတွက် အဓိကကျသည့် လမ်းဖြစ်ကြောင်း၊ အဆိုပါလမ်းအား မင်းလှ မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စုမှ အိမ်ခြေ ၆၇၃ အိမ်၊ လူဦးရေ ၁,၅၀၀ ဦး၊ သဲကောကျေးရွာအုပ်စုမှ အိမ်ခြေ ၈၀၉ အိမ်၊ လူဦးရေ ၂,၇၈၈ ဦး၊ အင်းဘုတ်ကုန်းကျေးရွာအုပ်စုမှ အိမ်ခြေ ၄၅၈ အိမ်၊ လူဦးရေ ၁,၅၅၂ ဦး၊ ထန်းပင်ကုန်းကျေးရွာအုပ်စုမှ အိမ်ခြေ ၈၅၂ အိမ်၊ လူဦးရေ ၄,၇၀၀ ဦး စသည့် ကျေးရွာ အုပ်စုကြီး ၄ အုပ်စုမှ အိမ်ထောင်စု ၂,၇၉၂ စုနှင့် လူဦးရေ ၁၀,၅၄၀ ဦးကျော် နေထိုင်အသုံးပြုနေသည့် အပြင် မိုးညိုမြို့နယ်မှ လူဦးရေ ၁ သိန်းကျော်သည်လည်း နေ့စဉ်သွားလာအသုံးပြုနေပါကြောင်း။
သို့ဖြစ်ပါ၍ စုစုပေါင်း လူဦးရေ ၁၁၁,၀၀၀ ကျော်၊ ၁၂၀,၀၀၀ ခန့်က စဉ်ဆက်မပြတ် ကူးလူး သွားလာနေသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ထို့ပြင် မိုးညိုမြို့နယ်မှ ရန်ကုန်မြို့သို့လည်းကောင်း၊ ပြည်မြို့သို့လည်းကောင်း ပြေးဆွဲနေသည့် ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၂၀ ကျော်သည် လည်း နေ့စဉ်သွားလာနေသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ဒေသထွက်ကုန်များနှင့် အခြေခံ စားသောက်ကုန်များ သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များစွာလည်း နေ့စဉ် စဉ်ဆက်မပြတ် သွားလာနေသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်နှစ်မြို့လုံးရှိ ပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း အလွန်အရေးပါသည့် လမ်းတစ်လမ်းဖြစ် သော်လည်း ယခုအခါ တင်ပြပါလမ်းပိုင်းအားလုံးနီးပါး ပျက်စီးပေါက်ပြဲနေပြီး ချိုင့်ခွက်ကြီးများ ဖြစ်နေသောကြောင့် ကူးလူးသွားလာရန် ခက်ခဲသည့်အခြေအနေမျိုး ရောက်ရှိနေပြီဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မင်းလှမြို့နယ်နှင့် မိုးညိုမြို့သို့ဆက်သွယ်သည့်လမ်းပေါ်ရှိ မင်းလှမြို့နယ်၊ သဲကောရွာအနောက်ထိပ်မှ ထန်းပင်ကုန်းတံတားအထိလမ်းပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
မေးခွန်းပါလမ်းပိုင်းသည် မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်တို့အား ဆက်သွယ်ထားသည့် ၁၇ မိုင်၊ ၁ ဖာလုံအရှည်ရှိသော ရှမ်းတော-မင်းလှ- အင်းဘုတ်ကုန်း-မိုးညိုလမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ မင်းလှမြို့နယ်အတွင်း ၁၀ မိုင်၊ ၅ ဖာလုံနှင့် မိုးညိုမြို့နယ်အတွင်း ၆ မိုင်၊ ၄ ဖာလုံရှိပါကြောင်း၊ ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း (မင်းလှမြို့နယ်အပိုင်း)၏ လက်ရှိလမ်းအခြေအနေသည် ကွန်ကရစ်လမ်း ၁ မိုင်၊ ၇ ဖာလုံနှင့် ကတ္တရာလမ်း ၈ မိုင်၊ ၆ ဖာလုံဖြစ်ပါကြောင်း၊ မေးခွန်းတွင်ပါရှိသည့် သဲကောရွာ အနောက်ထိပ်မှ ထန်းပင်ကုန်းတံတားအထိလမ်းပိုင်းသည် ၄ မိုင်အရှည်ရှိသည့် ကတ္တရာလမ်းဖြစ် ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လမ်းမိုင်ပေါင်း ၂,၄၃၀ မိုင်ရှိပြီး ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းမဖြစ်သေးသည့် ကျောက်ခင်းလမ်း ၂၇၈ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၂၇၁ မိုင် ၆ ဖာလုံနှင့် မြေသားလမ်း ၃၂၄ မိုင် ဖြစ်ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သဲကောရွာမှ ထန်းပင်ကုန်းရွာအထိလမ်းပိုင်း၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ၁ ဖာလုံ၊ လမ်းအနိမ့် အမြင့် ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၂ ဖာလုံ လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြု ထားပြီးဖြစ်ပါကြောင်း၊ သဲကောရွာအနောက်ထိပ်မှ ထန်းပင်ကုန်းတံတားအထိလမ်းပိုင်းတွင် ပျက်စီးမှု ဖြစ်ပေါ်နေသော နေရာများအား သွားလာမှု အဆင်ပြေချောမွေ့စေရန် လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လည်း ဆောင်ရွက်နိုင်ရန် နှစ်အလိုက် ရန်ပုံငွေ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားခဲ့ပါသည်။
ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
မင်းလှ-မိုးညိုလမ်းသည် အားလုံးပေါင်း မင်းလှ-သရက်တစ်ပင်တာဆုံကနေပြီး မိုးညိုအထိ ၁၈ မိုင်လောက်ရှိပြီး မင်းလှအပိုင်မှ ဒုတိယဝန်ကြီးတင်ပြသွားသလို ၁၀ မိုင်လောက်ရှိပါကြောင်း၊ မိမိ မေးသည့် လမ်းပိုင်းသည် မင်းလှအပိုင်ထဲတွင် ၄ မိုင်ရှိပါကြောင်း၊ ဒုတိယဝန်ကြီးပြန်ဖြေသည့်အချိန် တွင် ကွန်ကရစ် ၁ ဖာလုံဆောင်ရွက်ပြီး ကတ္တရာပိတ်လုပ်ငန်း ၂ ဖာလုံဆောင်ရွက်ပေးမည်ဟု ပြန်လည် ဖြေကြားသည့်အတွက် ဒေသခံပြည်သူများကိုယ်စား များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်ပါကြောင်း၊ သို့သော် ထိုလမ်းသည် မိုးညိုနှင့်မင်းလှအတွက် အရေးပါသည့်လမ်းဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် ကွန်ကရစ်လမ်း ၁ ဖာလုံလောက်၊ ကတ္တရာပိတ် ၂ ဖာလုံ လောက်လုပ်မည်ဆိုလျှင် မင်းလှအပိုင်မှာတင် ၄ မိုင်ရှိပါကြောင်း၊ ပျက်နေသည်မှာ ၄ မိုင်၊ ကောင်းသည်မှာ ၆ မိုင်ရှိပါကြောင်း၊ ပျက်နေသည် ၄ မိုင်ကိုရရန် တစ်နှစ် ၁ ဖာလုံလောက်ဆိုလျှင် နည်းနည်း အဆင်မပြေသည့် အနေအထားရှိပါကြောင်း၊ ထို့ကြောင့် အစိုးရမှဆောင်ရွက်ပေးနေသည်ကို သိသော်လည်း တစ်ဖက်ပိတ်ဖြစ်နေသည့် မိုးညိုနှင့် မင်းလှတို့မှ အသုံးပြုရန် အရေးကြီးသည့် လမ်းဖြစ်သည့်အတွက် နောင်နှစ်များတွင် ပိုမိုလျာထားပြီး ဆောင်ရွက် ပေးရန် မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
သွားရေးလာရေးသည် လမ်းပိတ်နေသည်ကို အခြေအနေအရ သိပါကြောင်း၊ ထို့ကြောင့် ပျက်နေသည့် ၄ မိုင်အတွင်းတွင်လည်း ထည့်ပေးရန် ဆက်၍ဆောင်ရွက်ပေးနေမည်ဖြစ်သလို လာမည့်နှစ်တွင်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရနှင့် ထပ်၍ ပေါင်းစပ်ညှိနှိုင်းပြီး ရသလောက် ထပ်ပြီးကြိုးစားကြည့်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။