MY EN

(စ)-ဦးအောင်မြင့်သန်း(ကျောက်ဆည်မဲဆန္ဒနယ်)

2026-10-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်မြင့်သန်း (ကျောက်ဆည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျောက်ဆည်-တံစိုး-ကျောက်ဆောက်ကုန်းလမ်းပိုင်းအားမည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျောက်ဆည်မြို့နှင့်ဆက်သွယ်ထားသည့် ကျောက်ဆည်-တံစိုး-ကျောက်ဆောက်ကုန်းလမ်း ကတ္တရာ လမ်းပိုင်း ၉ မိုင်၊ ၄ ဖာလုံသည် ၂၀၂၅ ခုနှစ်အတွင်း ရာဂီမုန်တိုင်း ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပျက်စီး ယိုယွင်းနေပါသဖြင့် ကျောက်ဆည်မြို့နှင့်ဆက်သွယ်ထားသောလမ်းပိုင်းများမှာ အခက်အခဲ ရှိနေပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ကျောက်ဆည်မြို့နယ် ဒေသခံ ပြည်သူ ၅၀,၀၀၀ ကျော်၏ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေး အတွက် တစ်ခုတည်းသော အားကိုးရာ အဓိကလမ်းမကြီးဖြစ်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဒေသထွက်ကုန်များ ဈေးကွက် သို့ အချိန်မီမရောက်ရှိနိုင်ဘဲ ဖြစ်နေပါကြောင်း၊ ၎င်းလမ်းကို အဆင့်မြှင့် တင်ပေးနိုင်မည် ဆိုပါက ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်လာပြီး ဒေသတွင်းစီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ဆည်-ကျောက်ဆောက်ကုန်းလမ်းပိုင်းအား ပြန်လည်ပြုပြင် ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် ဆောင်ရွက်ပေးနိုင်ပါကလည်း မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

မြစ်သားမြို့နယ်၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျောက်ဆည်မြို့ကို ဆက်သွယ်ထားသော လမ်းအရှည် ၉ မိုင်၊ ၄ ဖာလုံရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေ အနေမှာ ကတ္တရာလမ်း ၉ မိုင်၊ ၄ ဖာလုံ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လမ်းမိုင်ပေါင်း ၃,၁၁၇ မိုင်နှင့် ၃ ဖာလုံရှိပြီး ကတ္တရာလမ်းမဖြစ်သေးသည့်လမ်းမှ ကျောက်လမ်း ၄၄၃ မိုင်၊ အမာခံလမ်း ၁၇၇ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၅၃၇ မိုင် ၄ ဖာလုံ ရှိပါကြောင်း။ 

၎င်းလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် ၄ ဖာလုံ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် စမုံတံတား ပေအရှည် ၂၅ဝ အပေါ်ကိုလည်း ကတ္တရာခင်းပေးသွားမည်ဖြစ်ပါကြောင်း၊ တံတား၏ချဉ်းကပ်လမ်း အဝင်၊ အထွက်ပေ ၃၀၀ ကိုလည်း ကတ္တရာခင်းခြင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ရေကျော်နေသည့် နေရာများတွင် ရေများဆက်လက်စီးဆင်းနိုင်အောင် Box Culvert ၃ စင်းကိုလည်း တည်ဆောက်ပေးလျက်ရှိပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် ၄ ဖာလုံလည်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားပေးထားပြီးဖြစ်ပါကြောင်းနှင့်ဆက်လက်၍ ကျန်လမ်းပိုင်းများ အားလည်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို နှစ်အလိုက်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။