MY EN

(က)-ဦးအောင်မြသန်း(ညောင်တုန်းမဲဆန္ဒနယ်)

2026-10-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်မြသန်း (ညောင်တုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ညောင်တုန်းမြို့၏ ကမ်းနားလမ်းတစ်လျှောက် ကမ်းထိန်းတမံ/နံရံများအား မည်သည့် ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ညောင်တုန်းမြို့သည် ဧရာဝတီမြစ် နှင့် ပန်းလှိုင်မြစ်ဆုံရာ အောက်ဘက်ပန်းလှိုင်မြစ်ဘေး တွင်တည်ရှိသည့် မြစ်ကမ်းမြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့၏မြစ်ကမ်းဘက် မြေသားတာဖြင့် ကာရံထားခြင်းဖြစ်ပါကြောင်း၊ ၎င်းမြို့တွင် ရပ်ကွက် ၁၀ ခုရှိပြီး ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)နှင့် (၅)ရပ်ကွက်တို့သည် ပန်းလှိုင်မြစ်ကမ်းဘေးတွင် တည်ရှိနေပါကြောင်း၊ မြို့အနေဖြင့် မိုးတွင်းကာလ မြစ်ရေကြီးလာပါက မြစ်ရေလျှံမည်လား။ မြစ်ကမ်းတာ ကမ်းပြိုမလားဆိုတာ အမြဲတမ်းရေဘေး အတွက် စိုးရိမ်နေရသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့၏ Level သည် ပင်လယ်ရေ မျက်နှာပြင် အထက် ပျမ်းမျှ ၂၀.၄ ပေသာရှိပါကြောင်း၊ ပန်းလှိုင်မြစ်ရေသည် အများဆုံး ၂၆.၄ ပေအထိ မြင့်တက်ခဲ့ဖူးပါကြောင်း၊ မြစ်၏ကမ်းပတ်တာအမြင့်သည် ၃၀.၅ ပေဖြစ်ပြီး တာ၏ရေလွတ် အမြင့် သည် ၄.၁ ပေခန့်သာ ရှိပါကြောင်း၊ မြစ်ရေအမြင့်ဆုံးအချိန်တွင် မြို့၏ Ground Level သည် မြစ်ရေ၏ Level အောက် ၆ ပေခန့် ရှိနေပါကြောင်း၊ ရေဘေးကို ကြိုတင်ကာကွယ်ရန် အတွက် မြို့၏ မြစ်ကမ်းတစ်လျှောက် ကမ်းထိန်းတမံ၊ နံရံများ ပြီးစီးအောင်ဆောင်ရွက်ထားရန် လိုမည်ဖြစ်ပါ ကြောင်း။ 

  မိမိယခုလိုတင်ပြရခြင်းမှာ ညောင်တုန်းမြို့ကို စံကင်းကျွန်းနှင့် ညောင်တုန်းကျွန်း ကျွန်းနှစ် ကျွန်းဖြင့် ဖွဲ့စည်းထား၍ဖြစ်ပါကြောင်း၊ ပန်းလှိုင်မြစ်၏တစ်ဖက်ခြမ်းတွင် စံကင်းကျွန်း ဖြစ်ပြီး အခြား တစ်ဖက်ကမ်းသည် ညောင်တုန်းကျွန်းဖြစ်ပါကြောင်း၊ ညောင်တုန်းမြို့သည် ညောင်တုန်း ကျွန်းထဲတွင်တည်ရှိနေပါကြောင်း၊ ထို့ကြောင့်ညောင်တုန်းကမ်းပါး ခိုင်ခံ့အောင် မဆောင်ရွက်ထား သည့်အတွက် ပန်းလှိုင်မြစ်ရေများ မြို့ထဲဝင်ရောက်လာပြီး မြို့တွင်းသာမက ညောင်တုန်းကျွန်း တွင်ရှိသည့် မိုးစပါး စိုက်ဧက ၅၇,၀၀၀ ကျော်၊ ငါး၊ ပုစွန်မွေးမြူထားသည့် ငါးကန်ဧက ၇၀,၀၀၀ ကျော် နစ်မြှုပ်မည် ဖြစ်ပြီး ကြီးမားသည့်ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ရမည်ဖြစ်ပါကြောင်း။

ညောင်တုန်းမြို့၏ မြစ်ကမ်းထိန်း ဆောင်ရွက်ရမည့်အလျားမှာ ၆,၂၅၀ ပေဖြစ်ပြီး၊ ဆောင်ရွက်ပြီးသည့်အလျားမှာ ၃,၇၉၅ ပေ ဖြစ်ပြီး ကျန်ရှိသည့် ဆောင်ရွက်ရမည့် မြစ်ကမ်းအလျား သည် ၂,၄၅၅ ပေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြစ်ကမ်းနေရာများကို ပြုပြင်ပြီး၊ ဆောင်ရွက်ပြီး မြစ်ကမ်းနေရာများကိုလည်း လိုအပ်ပါက ပြုပြင်ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ညောင်တုန်းမြစ်ကမ်းပါးပြိုသည့်အခါစောက်ထိုးဖြစ်သည့်အတွက်ကျောက်စီနံရံများဆောင်ရွက်နိုင် ရန် အတွက် မြစ်ကမ်း ကမ်းလျှောဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကမ်းလျှော လုပ်ပြီးသည့်အခါ ကျောက်စီနံရံများ မဆောင်ရွက်နိုင်သည့်အနေအထားတွင် မြစ်ကမ်း ရေတိုက်စား မှု မဖြစ်အောင် သဲမွေ့ယာများဖြင့် ခင်းထားခြင်းပြီး ကျောက်စီနံရံများ ခင်းထားသည့် အနေအထားတွင် ဖြစ်ပါ ကြောင်း။ 

မြစ်ကမ်း ဆောင်ရွက်ရမည့်အလျားသည် ၆,၂၅၀ ပေဖြစ်ပြီး ဆောင်ရွက်ပြီးသည့်အလျားမှ ၃,၇၉၅ ပေဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်အလျားသည် ၂,၄၅၅ ပေ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပန်းလှိုင်မြစ်နှင့်ဆက်စပ်နေသည့် ညောင်တုန်းမြို့၏ ကျန်ရှိနေသည့် မြစ်ကမ်း ၂,၄၅၅ ပေကို ကမ်းထိန်းတမံ နံရံများ  ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ ဦးထွန်းလူ က

ညောင်တုန်းမြို့နယ်သည် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံသည့်နေရာတွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ပန်းလှိုင်မြစ်၏တောင်ဘက် မြစ်ကမ်းဘေးတွင်တည်ရှိပြီး ၁၈၈၄ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စု၊ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး လူနေထူထပ်သည့် မြို့တစ်မြို့လည်းဖြစ်ကြောင်းကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ညောင်တုန်းမြို့ကို ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်တို့၏ ရေကြီးရေလျှံမှုမှကာကွယ်ရန် အတွက် မြေသားမြို့ပတ်တာဖြင့် ကာရံထားတာကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ညောင်တုန်းမြို့၏ Average အမြင့်က မြစ်ရေမျက်နှာပြင်မှ ၂၀.၄ ပေရှိပါကြောင်း၊ ညောင်တုန်းမြို့၏ မြေသား Ground မှ မြစ်ရေ၏မျက်နှာပြင်မှ ၂၀.၄ ပေမြင့်ပါကြောင်း၊ တာ၏ ရေမျက်နှာပြင်ကနေ ၃ဝ.၅ ပေ မြင့်ပါကြောင်း၊ ထို့ကြောင့် တာအမြင့်သည် မြို့၏ Ground Level ထက်ကို ၁၀.၁ ပေ၊ ၁၀ ပေ လောက် ပိုပြီးတော့မြင့်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ညောင်တုန်းမြို့၏ စိုးရိမ်ရေအမှတ် ကို ၂၂.၅ ပေ သတ်မှတ်ထားပါကြောင်း၊ အကယ်၍ တာသာမရှိလျှင် စိုးရိမ်ရေ အမှတ်ရောက်လာ သည်နှင့် မြို့ထဲကို ရေ ၂.၁ ပေ ဝင်နေပြီဖြစ်ပါကြောင်း၊ တာရှိသည့်အတွက်ကြောင့် စိုးရိမ်ရေအမှတ် ရောက်နေသော်လည်း ညောင်တုန်းမြို့ထဲကိုမဝင်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စိုးရိမ်ရေ အမှတ်ကိုကျော်ပြီး ညောင်တုန်းမြို့မှာ အမြင့်ဆုံးရေ ၂၆.၄ ပေအထိရောက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့သော် တာသည် ၃၀.၅ ပေ ရှိသည့်အတွက် တာကိုရေကျော်ရန် အမြင့်ဆုံး ရေရောက်တာတောင်မှ ၄.၁ ပေလောက် လိုနေသေးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း ။  

ဧရာဝတီမြစ်သည် ဧရာဝတီမြစ်ကူးတံတား(ညောင်တုန်း)၏ အထက်ဘက် ၅,၂၀၀ မီတာတွင် ပန်းလှိုင်မြစ်အဖြစ် စတင်ခွဲထွက်ပြီး ပန်းလှိုင်မြစ်၏မြစ်ဝဘက်တွင် သဲသောင်ခုံများရှိသည့်အတွက် ရေလမ်းကြောင်းသည် တည်ငြိမ်မှုမရှိဘဲ တိုက်စားမှုများ၊ ပို့ချမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ပန်းလှိုင်မြစ်ဝတွင် ညောင်တုန်းမြို့ တည်ရှိသည့်အတွက် မြို့နှင့်ဆက်စပ်နေသည့် ပန်းလှိုင်မြစ်ကမ်းတာတစ်လျှောက် အလျား ၆,၂၅ဝ ပေကို အခိုင်အမာအကာအကွယ် ဆောင်ရွက် ပေးရန်လိုအပ်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ညောင်တုန်းမြို့ ရေကြီးရေလျှံမှု မှ ကာကွယ်ရန်၊ ကမ်းနားလမ်းပြိုကျမှုတွေကို ကာကွယ်ရန်အတွက် ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ညောင်တုန်းမြို့တွင် ကမ်းနားလမ်း၌ မြေသားမြို့ပတ်တာသာရှိပြီး ပန်းတာကို မြို့အခြေ အနေအရ ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ဘာဖြစ်လိုလဲ ဆိုတော့ သူ့မှာနေရာမရှိသည့်အတွက် နောက်မှာတာတစ်ခုထပ်လုပ်ရန် အခြေအနေမပေးတော့သည့်အတွက် တာတစ်ခုသာရှိပြီး ၎င်း တာ သာပြိုခဲ့ပါက မြို့ထဲကို တိုက်ရိုက်ရေဝင်မည်ဖြစ်သည့်အတွက် ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး က စိုးရိမ်သည့်အနေဖြင့် ၎င်းမေးခွန်းကိုမေးသည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ဘိုးပိုင်အခြေပြု ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှစပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အထိ ၃,၇၉၅ ပေ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စုစုပေါင်းကျန်သည့် အလျားမှ ၂,၄၅၅ ပေ ဖြစ်ပါကြောင်း၊  ပေ ၂၅၀ ကို ယခုနှစ် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေစီးကြောင်းကို တည်ငြိမ်အောင်လုပ်ပေးသည့် ရေကာတာဖြစ်ပြီး ရေစီးကြောင်းသည် ဧရာဝတီမြစ်မှ ပန်းလှိုင်မြစ်ထဲဝင်ပြီး ရေကာတာများ ထားသည့်နေရာကို တိုက်ရိုက်စားပါက ၎င်းနေရာသည် ကမ်းပြိုမှုများဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းရေကာ တာ ကို ထားပြီး ရေလမ်းကြောင်းလွှဲပြီး ၎င်း၏မူလပန်းလှိုင်မြစ်ထဲကို ချောချောမောမော စီးဝင်ရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။ 

ထို့ကြောင့် ၎င်းရေကာတာတစ်ခုနှင့် ခုနတုန်းက ကမ်းထိန်းနံရံအလျား ၂၅၀ ပေကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေများအရ ပန်းလှိုင်မြစ်ဝ ရေလယ်ခေါင်တွင်  ကမ်းထိန်းကျောက်စီ၊ ကမ်းထိန်းမြေထိန်းနံရံများကို ယခင်နှစ်က ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် ပန်းလှိုင်မြစ်ဝရေလယ်ခေါင်မှာ သောင်ပြင်များ ကြီးမားလာသည့် အတွက်ကြောင့် တိုးချဲ့ရပ်ကွက် ၄ နေရာရှိ မြစ်ကမ်းပါ ရေတိုက်စားမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိုးတွင်းကာလတွင် အရေးပေါ်ကာကွယ်ရေး အနေဖြင့်  ကမ်းထိန်းတမံ အလျား ၁,၀၀၀ ပေနှင့် သံမဏိကြိုးဆိုင်းရေကာ ၆ ချောင်းများကို ဆောင်ရွက် ပေးရသည့်အတွက် ကမ်းပြိုကာကွယ်ရေးကို အတိုင်းအတာတစ်ခုအထိ ထိန်းထားပေးနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ညောင်တုန်းမြို့ဝင်ရေလမ်းကို တည်ငြိမ်သည့်ရေလမ်းကြောင်းဖြစ်စေရေးအတွက် သဲအိတ်ခံကျောက်စီရေကာများနှင့် ထိန်းသိမ်းပြုပြင်ခြင်း ကို  ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရေနည်းကာလများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ။ 

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ညောင်တုန်းကမ်းနား တစ်လျှောက် ကျန်ရှိနေသည့် ကမ်းထိန်းတမံအလျား ၂,၄၅၅ ပေ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိဆိုသည်မေးခွန်းနှင့် စပ်လျဉ်းပြီး ၃,၇၉၅ ပေကို ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသွားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက လုပ်ပေးခြင်းမဟုတ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နှစ်အလိုက် နှစ်တိုင်းနှစ်တိုင်း ဆောင်ရွက်ပေးထားတာဖြစ်ကြောင်း လည်း ရှင်းလင်းဖြေကြားလိုပါကြောင်း၊ ဆက်လက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုနှစ်တွင်လည်း ခုနတုန်းကပြောသည့် ကမ်းထိန်းအလျား ၂၅၀ ပေနှင့် ရေကာတမံတစ်ခု တည်ဆောက်ပေးမည်ဖြစ်ပြီး နောက်နှစ်များတွင် လည်း ဆက်လက်ပြီး တမံကြီးကို ကမ်းထိန်း တမံအပြည့်ဖြစ် သွားအောင်လည်း ဆက်လက်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။