MY EN

(င)-ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်)

2026-10-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးစိုးဝင်း (မြို့သစ် မဲဆန္ဒနယ်) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

တောင်တွင်း-မြို့သစ်ကားလမ်းမနှင့် ဆက်သွယ်ထားသည့် ကံကြီးကျေးရွာ ဘုရား(ဆူ)အနီး ကားလမ်းမှ ထနောင်းကွင်းကျေးရွာထိလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

          မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အတွင်းရှိ တောင်တွင်းကြီး-မြို့သစ်ကား လမ်းမကြီး နှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် ကံကြီး ကျေးရွာ၊ ဘုရားငါးဆူအနီး ကားလမ်းမကြီးမှ ဒန့်ဒလွန်ပင် ကျေးရွာအုပ်စု၊ ထနောင်းကွင်းကျေးရွာအထိ  လမ်းမကြီးအား ကျောက်ချောလမ်း၊ ကတ္တရာလမ်း အဆင့်သို့ လာမည့်ဘဏ္ဍာရေးနှစ်မှစတင်၍ ပြီးဆုံးအောင်မြင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ ကြယ်ပွင့်ပြ မေးခွန်းအား ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမည် ဖြစ်ပါကြောင်း။ 

          မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် ယခင်က မြန်မာပြည်အလယ်ပိုင်းသည် ဒေသ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးမြို့နယ် တစ်မြို့နယ်ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးရေးမှာလည်း မိုးလေဝသ အခြေအနေအရ စိုက်ပျိုးရေးအောင်မြင်မှု အလွန်နည်းပါးခဲ့ကြောင်း။ ယခု လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရအဆက်ဆက်တို့၏ လမ်းပန်း ဆက်သွယ်ရေး အထူးအလေးပေး ဆောင်ရွက်ချက် များကြောင့် အဝေးပြေးပင်မလမ်းများဖြစ်သည့် မြို့သစ်မြို့နယ်ကိုဖြတ်သွားသည့် နေပြည်တော်-မကွေး-ကံပြားလမ်းမကြီးနှင့် နတ်မောက်- မြို့သစ်-တောင်တွင်းကြီးလမ်းမကြီးများ ဖောက်လုပ် ထားပြီးဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးမှုများရရှိလာပါ ကြောင်း။ သို့သော် မြို့သစ်မြို့နယ်သည် အလယ်ရိုးမတောင်တန်း၏ အခြေခံအနီးစပ်ဆုံး လက်ရင်း ဒေသဖြစ်ပြီး တောင်တန်းများမှမိုးရေများ များစွာစီးဝင်လာသည့် ယင်းချောင်းရေလှောင်တမံ၊ ပုလင်း ချောင်းဆည်ရေလှောင်တမံ၊ စွန်ချောင်းဆည်ရေလှောင်တမံ၊ ဆဒ္ဒန်ချောင်းဆည် ရေလှောင်တမံ စသည့် ဆည်တမံကြီး ၄၀ ခု၏ ရေပေးဝေမှုအကျိုးများစွာခံစားရပြီး ရေများရာမိုးရွာဆိုသလို မိုးရေ ကြီးမှုနှင့် ရေလွှမ်းမှုများ များစွာခံစားရ၍ အဝေးပြေး လမ်းမကြီး များဖြစ်သည့် မကွေး-ကံပြား-နေပြည်တော်လမ်းနှင့် နတ်မောက်-မြို့သစ်-တောင်တွင်းကြီး ဖောက်လုပ်ထားသည့် ပင်မလမ်းမကြီး များမှအပ မြို့နယ်တွင်းရှိ ကျေးရွာချင်းဆက်လမ်းများ၊ အုပ်စုချင်းဆက်လမ်းများကို နှစ်စဉ် တတ်နိုင်သမျှ ဖောက်လုပ်ပြုပြင်ဆောင်ရွက်ခဲ့သော်လည်း ပြုပြင်သည့် မြေအမျိုးအစားပေါ်မူတည် ၍ လမ်းများပိုမိုဆိုးရွားမှုများဖြစ်နေသည်ကို ကြုံတွေ့နေရ ပါကြောင်း။ မိုးများသော မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှ လမ်းများကဲ့သို့ ရေရှည်ခံနိုင်စွမ်းရှိသော အဆင့်မြင့်လမ်းများ တည်ဆောက်ပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်း။ 

          မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၅ မြို့နယ်ရှိသည့်အနက်မှ မြို့သစ်မြို့နယ်သည် မိုးရေ နှင့် ဆည် ၄၀ တို့မှရေများ ဖြတ်သန်း လွှမ်းမိုးစီးဆင်းမှုကြောင့် ရွာချင်းဆက်လမ်းများ၊ အုပ်စုချင်း ဆက်လမ်းများ ပျက်စီးမှုအဆိုးရွားဆုံး နယ်မြေဖြစ်သညိဆိုလျှင် မှားမည်မဟုတ် ကြောင်း၊ သို့ဖြစ်ပါ၍ အဓိကတင်ပြနေသည့် တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းမကြီး ပေါ်သို့ တိုက်ရိုက်ဖောက်လုပ် ထားသည့် ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ ထနောင်းကွင်း ကျေးရွာ လမ်းမှာ ၈ မိုင်၊ ၄ ဖာလုံခန့်ရှိသောလမ်း ဖြစ်ပါကြောင်း။ ၎င်းလမ်းသည် ယခင်က လမ်းအရှည် ၇ မိုင်ခန့် ကျောက်ကြမ်းလမ်းဖြင့် ဖောက်လုပ် ထားပြီးဖြစ်သော်လည်း ကားလမ်းသည် စပါးစိုက်သည့် လယ်ကွင်း၏အောက်၌ရောက်ပြီး လမ်းမြေ နိမ့်ကျနေပါသဖြင့် ရေလွှမ်းမိုးမှု၊ ဖြတ်ကျော်မှုဒဏ်ခံရပြီး လမ်းအသုံးချမှု အလွန်များပြားသောလမ်း ဖြစ်ပါ၍ လမ်းလွန်စွာ ပျက်စီးနေခြင်းကို ခံစားနေရပါ ကြောင်း၊ ၎င်းလမ်းမှာပေါ်သို့ အဓိကအသုံးပြု သွားလာရသူများမှာ-

(၁)     သံဃာ၊ ရဟန်းသာမဏေများ၊ သာရေး၊ နာရေး၊ ဘာသာရေးကိစ္စ၊ သာသနာရေးကိစ္စ များဆောင်ရွက်ခြင်း၊ 

          (၂)      ဆဒ္ဒရေလှောင်တမံဆည်အား အဓိကကြီးကြပ်စောင့်ရှောက်နိုင်ခြင်း၊ 

(၃)     ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံကြီးအား မှီခိုအုပ်စု ၁၃ အုပ်စုနှင့် ကျေးရွာ ပေါင်း ၄၄ ရွာတို့မှ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များအသုံးချခြင်း၊ 

(၄)     ဒန့်ဒလွန်ပင်ကျေးရွာ၊ ရဲစခန်းပိုင်နယ်မြေ၊ အုပ်စု ၃၀ အုပ်စု၊ ရွာပေါင်း ၄၄ ရွာတို့မှ လုံခြုံရေးကိစ္စမှန်သမျှ သွားလာရေးမြန်ဆန်စွာ အသုံးပြုနိုင်ခြင်း၊ 

(၅)  ဒန့်ဒလွန်ပင် အ.ထ.က၊ ဂွေ့ကြီး အ.ထ.က(ခွဲ)၊ ထနောင်းကွင်းကျေးရွာ အ.လ.က၊ ကျောင်းကုန်းကျေးရွာမူလွန် ကျောင်းများရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒဟတ်ကုန်းကျေးရွာ၊ ဖလန်တိုင်းကျေးရွာ၊ ပေပင်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မလွှကုန်းကျေးရွာ၊ ကံကြီးကျေးရွာမူလတန်းကျောင်းများရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေး၊ ‌ရောင်းဝယ်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အရေးပေါ်ကိစ္စမှန်သမျှကို အချိန်အခါမရွေး အရေးပေါ်အဓိက အသုံးပြု နေရသည့် အထူးလမ်းပိုင်းဖြစ်နေသည့်အတွက် ယခု အလွန်ဆိုးရွား နေသည့် တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်း ကားလမ်းမကြီးနှင့်ဆက်သွယ် ထားသော ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ ထနောင်းကွင်းကျေးရွာထိ ဖောက်လုပ်ထားသော လမ်းမကြီးအား ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်းအဆင့်သို့လာမည့် ဘဏ္ဍာရေးနှစ်မှစတင်၍ လမ်းပြီးစီး အောင်မြင်သည်အထိ အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် အဆိုပါလမ်းသည် တောင်တွင်း ကြီး- မြို့သစ်လမ်းမကြီးမှ ထနောင်းကွင်းကျေးရွာအထိ ဆက်သွယ်ဖောက်လုပ် ထားသော လမ်းအရှည် ၉ မိုင် ၃ ဖာလုံရှိသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း။ လက်ရှိ လမ်းအခြေအနေမှာ ကျောက်လမ်းသည် ၇ မိုင်ရှိပါကြောင်း။  အမာခံလမ်းမှာ ၂ မိုင် ၃ ဖာလုံ ရှိပြီး စုစုပေါင်း ၉ မိုင် ၃ ဖာလုံဖြစ်ပါကြောင်း။ မကွေးတိုင်းဒေသကြီးတွင် လမ်းမိုင်ပေါင်း ၄,၆၀၀ မိုင်၁ ဖာလုံ ရှိပြီး ကွန်ကရစ်ကတ္တရာလမ်းမဖြစ်သေးသည့်လမ်းမှာ ကျောက်ခင်းလမ်း ၄၄၈ မိုင်၊ ၁ ဖာလုံကျန်ရှိ ကြောင်း။ အမာခံလမ်း ၁,၂၂၂ မိုင်နှင့် ၆ ဖာလုံ၊ မြေသားလမ်း ၅ဝ၆ မိုင်နှင့် ၄ ဖာလုံ၊ ဆိုင်ကယ်လမ်း ၁၂၄ မိုင်နှင့် ၄ ဖာလုံ ရှိပါကြောင်း။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် အမာခံလမ်း ပိုင်းအရှည် ၁ မိုင်အား ကျောက်ခင်းလမ်းအဖြစ်ဆောင်ရွက်ရန် လျာထားသွားမည် ဖြစ်ပါကြောင်း။ ကျန်ရှိသည့် အမာခံလမ်းအားလုံး ကျောက်ခင်းလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပြီးပါက ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် နှစ်အလိုက် ဆက်လက်လျာထားသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

မိမိတို့ မြို့သစ်မြို့နယ်သည် ဆည် ၄၀ ဝိုင်းပြီး စောစောက မိမိတင်ပြသကဲ့သို့ ရေများရာ မိုးရွာသလိုဖြစ်ပြီး ယာမှလယ်ပြောင်းဘဝ များများဖြစ်သွားသည့် နယ်မြေဖြစ်သည့်အတွက် ၂၅ မြို့နယ်ထဲမှ ဖွံ့ဖြိုးမှုနောက်အကျဆုံးမြို့နယ်၊ လမ်းပန်း ဆက်သွယ်ရေးမကောင်းဆုံးမြို့နယ်ဟု သုံးသပ်ရရှိနေသည့် အနေအထားရှိသည့်အတွက် လာမည့်စီမံချက်များမှာ အထူးသဖြင့် မြို့သစ် မြို့နယ်၏ ယခုလမ်းသည် အများအသုံးချနေသည့်လမ်းဖြစ်ပါကြောင်း။  မြို့သစ်မြို့နယ်၏လမ်းများ သည်အရေးပါပြီး အလွန်ဆိုးရွားနေသည့်လမ်းဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အစိုးရ အဖွဲ့ကပူးပေါင်းပြီး မြို့သစ်မြို့နယ်အား အတတ်နိုင်ဆုံး အထူးအလေးပေးဆောင်ရွက် ပေးလို သည်ကို တင်ပြလိုပါကြောင်း။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

          လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားသည်ကို မိမိတို့ အစိုးရအဖွဲ့နှင့်ပေါင်းစပ်ပြီး  အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။