MY EN

(ဂ)- စိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်)

2026-10-23
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
မေးခွန်း
စိုင်းဝန်းဆမ် (မိုင်းခတ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုင်းခတ်မြို့နယ်၊ ခြောက်ထပ်ကွေ့တောင်လမ်းမကြီးမှ ဝမ်ကောင်းကျေးရွာသို့ ဆက်သွယ်သော အားခေဝမ်ကောင်းမြေသားလမ်းအားအဆင့်တိုးမြှင့်ခင်းပေးခြင်းကိုမည်သည့်အချိန်တွင်ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းခတ်မြို့နယ်၊ မိုင်းကာ(ရှေ့)ကျေးရွာ အုပ်စုတွင် ကျေးရွာပေါင်း ၁၂ ရွာရှိ အိမ်ခြေ ၆၂၉ အိမ် လူဦးရေစုစုပေါင်း ၂,၃၃၀ ဦး နေထိုင်လျက် ရှိပါကြောင်း၊ အများအားဖြင့် အာခီလူမျိုး၊ လားဟူ လူမျိုးများ အများဆုံးနေထိုင်လျက် တွေ့ရှိရပါကြောင်း၊ တောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် အတွက် မွေးမြူရေးလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကထား၍ အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင် နေထိုင်လျက်ရှိပါကြောင်း၊ ၎င်းတို့၏နှစ်စဉ် ခြံထွက်ကုန် သီးနှံများဖြစ် သော ပြောင်း၊ မြေပဲ၊ စပါးတို့တွင် နှစ်စဉ်ပိုလျှံသည့်အတွက် သယ်ယူပို့ဆောင် ရောင်းချရာတွင် အား ခေဝမ်ကောင်း လမ်းကိုသာ အဓိကထား၍ အသုံးပြုလျက်ရှိပါကြောင်း၊ ထို့အပြင် ကျေးရွာသူ ကျေးရွာ၏သားများ၏ လူမှု ဆက်သွယ်ရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စ ရပ်များတွင်လည်း ၎င်းလမ်းကိုသာ နေ့စဉ်နှင့်အမျှ ဆက်သွယ်သွားလာသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလို မိုးရာသီတွင် မြေသားလမ်းဖြစ်သည့် အတွက် တောင်တက်၊ တောင်ဆင်းနေရာတွင် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ၊ ကားများ သွားလာမှုအခက်အခဲရှိပါကြောင်းကို ကျေးရွာ သူ ကျေးရွာသား များမှ တင်ပြလာပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့်အတိုင်း လွှတ်တော်သို့ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းတွင် အတက်၊ အဆင်း မတ်စောက်သည့်နေရာသည် ကွန်ကရစ်ခင်းပေးမည်ဆိုလျှင် ပြည်သူများ သွားလာမှုအဆင် ပြေလာမည်ဖြစ်ပါကြောင်းနှင့် ၎င်းတို့ ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ကိစ္စရပ်များ ဆောင်ရွက်ရာ၌လည်း အဆင်ပြေချောမွေ့ လာမည်ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာများ ရှိလျှင် ဆေးရုံသို့အချိန်မီပို့ဆောင်နိုင်မည်ဖြစ်ပါ ကြောင်း။

မိုင်းခတ်မြို့နယ်၊ မိုင်းကာ(ရှေ့)ကျေးရွာ အုပ်စု၊ ခြောက်ထပ်ကွေ့တောင်လမ်းမကြီးမှ ဝမ်ကောင်းကျေးရွာသို့ ဆက်သွယ်ထားသော အားခေ ဝမ်ကောင်း မြေသားလမ်း ၁၀ မိုင်တွင် တောင်တက်၊ တောင်ဆင်း မတ်သည့်နေရာ၌ ကွန်ကရစ် ခင်းခြင်းအဆင့်သို့ တိုးမြှင့်ခင်းပေးရန် အစီအစဉ် ရှိ မရှိ၊ ရှိလျှင် မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် က 

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်လမ်းသည် မိုင်းခတ်မြို့နယ်၊ မိုင်းကာ(အရှေ့) အုပ်စု၊ ခြောက်ထပ်ကွေ့လမ်းမကြီးမှ ဝမ်ကောင်းကျေးရွာသို့ ဆက်သွယ်ထားသောလမ်းဖြစ်ပြီး မြေပြင် စိစစ်ချက်အရ မိုင်းခတ်-မိုင်းယန်းလမ်းမကြီး ခြောက်ထပ်ကွေ့မှ ဝမ်ကောင်းမိုင်-ဝမ်ကောင်း-ဝမ်ကန်-အားခေဝမ်ကောင်းကျေးရွာများသို့ ဆက်သွယ်ထားပြီး ၄ မိုင်၊ ၄ ဖာလုံရှိရာ အဆိုပါလမ်းကို နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်နယ်ရန်ပုံငွေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၄ မိုင်၊ ၄ ဖာလုံ ဖောက်လုပ်ခြင်း၊ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၄ မိုင်၊ ၄ ဖာလုံ လမ်းတာချဲ့ခြင်း၊ ပေ ၅၀၀ ကျောက်စီရေမြောင်းနှင့် ၅ ပေ Box Culvert ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၁၇၉ အိမ်၊ လူဦးရေ ၁,၀၇၄ ဦးအတွက် အကျိုးပြုလျက်ရှိသည်ကိုသိရှိရပါကြောင်း၊ မိုင်းခတ်-မိုင်းယန်းလမ်းမကြီး ခြောက်ထပ် ကွေ့မှ ဝမ်ကောင်းမိုင်-ဝမ်ကောင်း-ဝမ်ကန်-အားခေဝမ်ကောင်းကျေးရွာချင်းဆက်လမ်း ၄ မိုင်၊ ၄ ဖာလုံ အနက် အတက်အဆင်းမတ်စောက်သည့် ၁ မိုင်၊ ၄ ဖာလုံသည် ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့် မြှင့်တင်ပေးရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။