MY EN

(စ)-ဒေါ်မြင့်သန်း(ရေးမဲဆန္ဒနယ်)

2026-10-21
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
မေးခွန်း

မွန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်များမှ တရားမဝင် ဂိတ်ကြေးကောက်ခံနေမှုပပျောက်ရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မွန်ပြည်နယ်သည် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နယ်မြေချင်း ထိစပ်ဆက်သွယ်ထားသည့် လမ်းများစွာရှိပါကြောင်း၊ ၎င်းလမ်းများတွင် နယ်မြေ လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များစွာလည်းရှိပါကြောင်း၊ ထိုဂိတ်များက တရားမဝင် ကုန်ပစ္စည်း များ၊ မူးယစ် ဆေးဝါးများ၊ လိုင်စင်မဲ့ယာဉ်များ စသည့်ကုန်စည်များကို အဓိကထားစစ်ဆေးသည့် ဂိတ်များလည်း ဖြစ်ပါ ကြောင်း။ 

မွန်ပြည်နယ်သည် မြို့နယ်လူဦးရေထက် ကျေးရွာနေလူဦးရေက ပိုများနေပါသဖြင့် အဆိုပါ ကျေးရွာနေ ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများလိုအပ်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံးပစ္စည်း များကို ဝယ်ယူရန်အတွက်လည်းကောင်း၊ ထွက်ရှိသည့်ထွက်ကုန်များကို ဈေးကွက်သို့ရောက်ရှိရန် အတွက်လည်းကောင်း၊ ၎င်းလမ်းကြောင်းပေါ်ရှိ ဂိတ်ပေါင်းများစွာကို ဂိတ်ကြေးများပေးဆောင်နေ ရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဂိတ်ပေါင်းများစွာ ဂိတ်ကြေးပေးဆောင်နေရသည့်အတွက် ပြည်သူများ နေ့စဉ် စားသုံးကုန်စည်များ ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေတာကိုလည်း တွေ့ရှိခံစားနေ ရပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ဆေးရေးဂိတ်များ တရားမဝင်ကုန်စည်နှင့် လုံခြုံရေးအတွက် စစ်ဆေးရန် နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ရောင်းချဝယ်ယူသွားလာနေမှုကို ဂိတ်ကြေး မတရား ပေးဆောင်ရန်မလိုဘဲ ပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရောင်းချနိုင်မည်ဖြစ်ပါကြောင်း။ 

၎င်းမေးခွန်းကို ဇူလိုင်လ ၂၇ ရက်နေ့ တတိယအကြိမ် ဒုတိယပုံမှန် အစည်းအဝေးတွင် မေးထား သည့် မေးခွန်းဖြစ်ပါကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့ တွင် နေပြည်တော်မှ မွန်ပြည်နယ်ကို အထူးစုံစမ်း စစ်ဆေးရေးဆိုပြီး တရားမဝင်ဆိုသည့်ကုန်ပစ္စည်းကို ဖမ်းဆီးသည့်အနေအထားတစ်ခု ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ သို့သော် မိမိမေးသည့်မေးခွန်းသည် တစ်မျိုးဖြစ်ပါကြောင်း သို့သော် မိမိမေးခွန်းကြောင့် ယခုလို ဖမ်းဆီးတာခြင်းဖြစ်နေသလားဆိုတာ မိမိမသိရပါကြောင်း၊ ပြည်သူများ ကတော့ ယခုလိုဖမ်းဆီးသည့်အတွက်ကြောင့် ကုန်ဈေးနှုန်းများက မတရားမြင့် တက်လာပါ ကြောင်း၊ ပြည်တွင်းထွက် ဆန်တစ်အိတ်တောင်မှ ၁၀,၀၀၀ ကျော် ဈေးတက်သွားခြင်း ဖြစ်ပါ ကြောင်း၊ ၎င်းကုန်စည်များသည် ထိုင်းနိုင်ငံက တရားမဝင်ကုန်စည်များဖြစ်ပါကြောင်း၊ သို့သော် ၎င်း ကုန်စည်များသည် စားသုံးကုန်စည်များဖြစ်ပါကြောင်း။

လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးကို မေးချင်သည်မှာ ၎င်းကုန်စည်များ သည်  ထိုင်းနိုင်ငံမှကရင်ပြည်နယ် ပြီးသည့်အခါမှ မွန်ပြည်နယ်ကို ဂိတ်အဆက်ဆက် ဖြတ် သန်းပြီးမှ ရောက်လာခြင်း ဖြစ်ပါကြောင်း၊ ၎င်းဂိတ် များကို ဘာကြောင့်ဖြတ်သန်းလို့ရပြီး မိမိတို့ မွန်ပြည်နယ်ကို ရောက်လာပါသလဲ။ ထိုဂိတ်တွင်လည်း တာဝန်မရှိဘူးလား။ ဂိတ်စောင့်သည့် လူများ ၎င်းကိစ္စနှင့်စပ်လျဉ်းလို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါသလားလဲကို မိမိမေးမြန်းလိုခြင်းဖြစ်ပါ ကြောင်း၊ တရားဝင်မှ တရားမဝင်ကောက်ခံနေမှုကို ပပျောက်အောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်း အစီအစဉ်ရှိ /မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းပြီး နယ်စပ်ဒေသတွင် Trade Zone ဆိုပြီး ဖွင့်ရန် အစီ အစဉ်ရှိ /မရှိလည်း သိရှိလိုပါ‌ ကြောင်း ဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က 

မွန်ပြည်နယ်တွင် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တံတား လုံခြုံရေး ၁၂ နေရာတွင် တံတားလုံခြုံရေးဆောင်ရွက်လျက်ရှိပြီး လက်နက်ခဲယမ်းနှင့်  မူးယစ် ဆေးဝါး၊ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်း များ သယ်ဆောင်မှုမရှိစေရေးနှင့် တရားခံပြေးများဖမ်းဆီးရမိစေရေးအတွက်  တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနအစရှိသည့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် သံလွင်တံတား(မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မော်လမြိုင်မြို့၊ ဟင်္သာအဝိုင်းပူပေါင်း စစ်ဆေးရေးဂိတ်၊ ကျိုက်မရော မြို့နယ်၊ နန္ဒာလှိုင်လမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံပူးပေါင်း စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ယခုလိုဆောင်ရွက်သည့်အခါတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်များမှာနေပြီး ၂၀၂၆ ခုနှစ်အတွင်း ဖမ်းဆီးရရှိဖော်ထုတ်မှုအနေဖြင့်  ၁-၁-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်အထိ ပြေး ၄ ပြေး ဖမ်းဆီး ရမိမှုမှ အမှုပေါင်း ၃၀ မှုရှိပြီး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃ မှု၊ လိုင်စင်မဲ့ မော်တော်ယာဉ်/ ဆိုင်ကယ်ဖမ်းဆီးရမိမှု ၁၁ မှုနှင့် တရားမဝင်ကုန်စည်ဖမ်းဆီးရရှိမှု ၆ မှု ရှိခဲ့ပါကြောင်း၊ ထို့အပြင် တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်း၊ သိုဝှက်သိမ်းဆည်းထားရှိခြင်းများကို စစ်ဆေး ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ရာ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ဖမ်းဆီးအရေးယူမှု ၂၂၇ မှု၊ တရားခံ ၃၁၉ ဦး စုစုပေါင်းကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၇၅ ဘီလီယံခန့်ကို ဖော်ထုတ်ဖမ်းဆီးပြီး  အရေးယူဆောင်ရွက်ခဲ့ခြင်းများရှိပါကြောင်း။

ထို့ကြောင့်  မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် နယ်မြေဒေသလုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပြီး ဒီလိုစစ်ဆေးဆောင်ရွက်သည့်အခါ တွင်လည်း ကုန်စည်စီးဆင်းမှု အဟန့်အတားမဖြစ်စေရေး၊ ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် ပြည်သူလူထုများနှင့်ဆက်ဆံသည့်အခါမှာ ယဉ်ကျေးပျူငှာစွာဆက်ဆံစေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးကော်မတီများက ဌာနဆိုင်ရာ များအလိုက် တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။ ငွေကြေးကောက်ခံမှုများရှိ၍ တိုင်ကြားလာမည်ဆိုရင်လည်း စိစစ်မှုတွေဆောင်ရွက်ပြီး တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ၏ ပေါင်းစပ်ဖြေကြားချက်များ ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားလိုပါကြောင်း။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားသွားသည့် အထဲတွင်ပါပါကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့ တွင် တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုမှာ ထိုင်းနိုင်ငံမှ ကုန်စည်များ ဖြတ်သန်းစီးဆင်းပြီး ကုန်သည်များအနေဖြင့် နိုင်ငံတော်ကနေ သတ်မှတ်ထားသည့်ကုန်ပစ္စည်းများကို သယ်ဆောင်ရန်လိုပါကြောင်း၊ သူ့ရဲ့သတ်မှတ်အခွန်၊ သတ်မှတ်ဥစ္စာမှာ ဆောင်ရွက်ပြီးတော့ သယ်ဆောင်တဲ့အခါမှာ သတ်မှတ် စည်းကမ်းအတိုင်းသွားတဲ့ ကုန်စည်တွေက တော့ ဖမ်းဆီးခြင်းမရှိပါဘူး။ တရားမဝင်သယ်ဆောင်မှုအတွက် တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်လာမည်ဆိုရင် ဖမ်းဆီးအရေးယူခြင်းတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံး ပစ္စည်းများဆိုတဲ့ အထဲမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စပ်လျဉ်းပြီး ဆန်သယ်ဆောင်တာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ ရှိတဲ့ ထုတ်ကုန်တွေနဲ့စပ်လျဉ်းပြီးတော့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရှိပါတယ်။ နိုင်ငံတော် ကနေပြီး သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကနေပြီး သတ်မှတ်ထားသည် ကန့်သတ်ကုန်တွေနဲ့စပ်လျဉ်းပြီး စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါ်မြင့်သန်း(ရေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေသွားသည်ကို မိမိ အရမ်းကျေးဇူးတင်ပါကြောင်း၊ ကျွန်မတို့ရဲ့ဒေသမှာဆိုရင် မူးယစ်ဆေးဝါးကတော့ ပဲလှော်ဝယ်သလို၊ ပဲလှော်ကမှ ဝယ်ရ တာခက်ပြီးတော့ မူးယစ်ဆေးဝါးက ပဲလှော်ဝယ်သလို ဝယ်ရလွယ်နေပါတယ်ရှင်။ ဒီကိစ္စကလည်း လွန်ခဲ့တဲ့ ၁၅ နှစ်လည်း လွှတ်တော်မှာလည်းပြောပါတယ်။ ပဲဝယ်သလိုဝယ်လို့လွယ်ပါတယ်ဆိုတာ မိမိတင်ပြဖူးပါကြောင်း၊ ဒါ ၁၅ နှစ်သက်တမ်းလည်းရှိနေပါပြီ။ ပပျောက်သွားသလားဆိုတော့ မပပျောက်တဲ့အပြင်ကို ပိုပိုဆိုးလာပါကြောင်း။ 

          မိမိတို့၏ ဒေသမှာဆိုရင် ကျွန်မက Trade Zone ပေါ့နော်။ ဘာလို့လဲဆိုတော့ အခုက ဒီထိုင်းနိုင်ငံကနေ လာတဲ့ပစ္စည်းတွေက နိုင်ငံတော်ကဖွင့်ထားတဲ့ တရားဝင်တော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံကို၊ ကျွန်မတို့ရဲ့ပြည်တွင်းကို၊ ကျွန်မတို့ရဲ့မော်လမြိုင်ကို နည်းလမ်းပေါင်းစုံနဲ့ ရောက်နေတာဖြစ်ပါကြောင်း၊ ဒါပေမဲ့ အဲဒါက ကျွန်မတို့နိုင်ငံရဲ့ အခွန်အကောက်လည်း မရခဲ့ပါ ကြောင်း၊  ဥက္ကဋ္ဌကြီး မှတစ်ဆင့် ဒုတိယဝန်ကြီးကိုမေးမြန်းချင်သည်မှာ မိမိတို့၏ မွန်ပြည်နယ် Trade Zone ကရင်ပြည်နယ်မှနေပြီး မွန်ပြည်နယ် ထိ နယ်စပ်မှနေ trade zone ဖွင့်ပေးရန် အစီအစဉ်ရှိ မရှိလည်းသိရှိလိုပါကြောင်း၊ Trade Zone မရှိသည့်အတွက်ကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှာ မှောင်ခိုဈေးကွက်ဖြစ်နေတာ ကိုလည်း သိရှိမှုုရှိပါသလားနှင့် နောက်တစ်ချက်မှ အဲဒီလိုမှောင်ခိုဈေးကွက်ဖြစ်နေတဲ့အခါကျတော့ ရလာတဲ့ဒီပစ္စည်း တွေက ပြည်တွင်းကိုဝင်လာရန်အတွက်၊ ရန်ကုန်တို့၊ နေပြည်တော်တို့ ဝင်လာရန်အတွက်ဆိုရင် Agent ဆိုတဲ့ကိစ္စလည်း ဖော်ဆောင်နေပါတယ်ရှင်။ အဲဒီ Agent တွေက ကားတစ်စီးဆိုရင် သိန်း ၁၀၀ ပေးနေရတာက အဲဒါကို သက်ဆိုင်ရာတွေကနေတစ်ဆင့် ပေးနေရတာကို သိရှိပါသလား။ သိရှိလို့ရှိရင်လည်း ပါဝင်ပတ်သက်သူကို စုံစမ်းစစ်ဆေးရန် အစီအစဉ်ရှိပါသလား။ နောက်တစ်ခုက ခုနတုန်းက ကျွန်မတို့ပြောတဲ့ စက်တင်ဘာလ ၅ ရက်ကိစ္စကလည်း တချို့တွေက ဖမ်းဆီးမိတဲ့ ကားအစီးရေ တချို့က အစီး ၉၀၊ တချို့က ၆၀၊ တချို့က ၅၀ ဆိုပြီးတော့ ပြည်သူတွေကလည်း ဒါတွေကို  အရမ်းကိုသိချင်နေတဲ့အတွက်ကြောင့် ကျွန်မက ပြည်သူ့ကိုယ်စား ဖမ်းဆီးမိတဲ့အစီးရေ ဘယ်လောက်ရှိပါသလဲလို့ လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် ဒုတိယဝန်ကြီးကို မေးမြန်းချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။  

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က 

လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားတဲ့အထဲမှာတော့ ပထမတစ်ချက်အနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်စပ်လျဉ်းပြီးတော့ ပပျောက်ခြင်းမရှိသေးဘူး ဆိုပြီး ပြောတာရှိပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ ထိုင်းနိုင်ငံကနေ ကုန်စည်တွေ နည်းလမ်းပေါင်းစုံ နှင့်ဝင်လာပြီးတော့ Agent တွေကနေတစ်ဆင့် ဖြည့်စွက်ပြီးတော့ ဆောင်ရွက်နေတဲ့အနေအထား အပေါ်မှာ စိစစ်ဆောင်ရွက်မှုအနေအထားတွေကို မေးတာရှိပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု တွေနဲ့စပ်လျဉ်းပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီး Operation 42 ဆိုပြီး စီမံချက်ချပြီးတော့ ၄-၁-၂၀၂၆ ရက်ကစပြီးတော့ Operation 42 ချမှတ်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ Operation အကြောင်းလည်း မူးယစ်ဆေးဝါး တွေ သယ်ဆောင်ကြတဲ့အမှုတွေကို ဖမ်းဆီးရမိမှုတွေ အများကြီး ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ 

ဒုတိယတစ်ချက်ဖြစ်တဲ့ ထိုင်းနိုင်ငံကနေ ကုန်စည်တွေ နည်းလမ်းပေါင်းစုံနဲ့ဝင်လာတယ်။ Agent တွေကနေတစ်ဆင့် ဆောင်ရွက်တယ်ဆိုတဲ့ဥစ္စာမှာ ဒီဥစ္စာမှာလည်း ခုနကျွန်တော်တင်ပြတဲ့ အထဲမှာ ပါရှိပြီးဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အဓိကထားတယ်ဆိုတာကတော့ တရားမဝင် ကုန်စည်စီးဆင်းမှုမရှိစေရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုမရှိစေရေး၊ တရားခံပြေးတွေ ဖမ်းဆီးရမိမှု ဆိုတဲ့ရည်ရွယ်ချက်နဲ့ အဓိက စစ်ဆေးရေးဂိတ်တွေကို ဖွင့်လှစ်ပြီးတော့ဆောင်ရွက်ပါတယ်။ Agent တွေဆိုတဲ့ဥစ္စာမှာလည်း တရားဝင် နိုင်ငံတော်ကနေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကနေပြီး တရားဝင်ခွင့်ပြုထားတဲ့ ကုန်စည်တွေကို ဆက်သွယ်ပြီးတော့ နယ်စပ်ဂိတ်တွေရှိတယ်။ မြဝတီနယ်စပ်ဂိတ်ရှိတယ်။ ကော့သောင်းနယ်စပ်ဂိတ်ရှိတယ်။ ကော့သောင်း-ရနောင်းရှိတယ်။ တာချီလိတ်မှာလည်း နယ်စပ်ဂိတ်တွေရှိတယ်။ သူ့သက်ဆိုင်ရာနယ်စပ်ဂိတ်တွေကနေတစ်ဆင့် သတ်မှတ်ထားတဲ့ကုန်စည်ကို တိုးလာတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ စစ်ဆေးမှုတွေမရှိပါ ဘူး။ သူ့ရဲ့သက်ဆိုင်ရာ၊ သူ့ရဲ့ခွင့်ပြုမိန့်နဲ့သွားတာဖြစ်ပါကြောင်း။

သို့သော် ခွင့်ပြုထားခြင်းမရှိတဲ့ကုန်စည်များကိုတော့ ဘယ် Agent နဲ့ပဲဖြစ်ဖြစ် တိုင်လာပြီဆိုရင်တော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တင်ပြတဲ့ အထဲမှာလည်း ပါရှိပြီးဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဆိုရင် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဖော်ထုတ်အရေးယူမှု သည် ဒီလိုဖြစ်စဉ်တွေဖြစ်ပါတယ်။ အားလုံးပေါင်းဆိုရင် ၁ လပိုင်းကနေပြီး လက်ရှိ ၁၀ လပိုင်း ၆ ရက်နှင့် ၁၆ ရက်တွေမှာဆိုရင် ဖော်ထုတ်အရေးယူတဲ့ဖမ်းဆီးမှု ၂၂၇ မှုနဲ့ တရားခံ ၃၁၉ မှုနှင့် စုစုပေါင်းတန်ဖိုး ၁၇၅ ဘီလီယံဆိုတာ  ခုနလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ အဖြေဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။