MY EN

(ဃ)- ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)

2026-10-21
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မြင့်နိုင် (နောင်ချို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များအပါအဝင် တချို့မြို့ရွာများ၌ ပျက်စီးခဲ့ရသည့်ဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ မည်သို့ကုစားဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိမြို့ရွာတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ၁၀၂၇ အမည်ခံ ကျူးကျော်မှု စတင်ခဲ့သည့်နေ့မှ ရက်ပေါင်း ၈၅၀ ပြည့်မြောက်သည့်နေ့ဖြစ်ပါကြောင်း၊ ဖြစ်ပြီးခဲ့ခြင်းများသည် အတိတ်တွင်ကျန်ခဲ့သော်လည်း အသစ်ပြန်စရန် လျှောက်ရမည့်လမ်းနှင့် သွားရမည့်ခရီးသည် အခက်အခဲများပြီး  ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခြင်း၏ အတွေ့အကြုံနှင့် သင်ခန်းစာလည်း ဖြစ်သည်ဟု ယူဆပါကြောင်း၊ မိမိဒေသကို အခြေခံပြီး တင်ပြရသော်လည်း နယ်မြေတည်ငြိမ် အေးချမ်းပြီး ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် မြန်မာ ပြည်တစ်ဝန်းရှိ မြို့ရွာများအားလုံးအတွက်လည်း ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ပါကြောင်း၊ ၁၀၂၇ အမည်ခံ ကျူးကျော်စစ်သည် နောင်ချိုမြို့နယ်တစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ကျေးရွာအများစု သည် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တချို့ကျေးရွာအုပ်စုများတွင် ရွာလုံးကျွတ်နီးပါး အိုးအိမ်ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ၇ လပိုင်း တွင် မြန်မာ့တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ပေါင်းစုံကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့ သောကြောင့် ငြိမ်းချမ်းစွာနေထိုင်လိုသူ စစ်ဘေးရှောင်ပြည်သူ အများစုသည် မိမိရပ်ရွာ၊ မိမိဒေသများသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခဲ့ကြပါကြောင်း၊  စစ်ပွဲတစ်ခုဖြစ်ရခြင်းရဲ့ဆိုးကျိုးများကို နဖူးတွေ့၊ ဒူးတွေ့ခံစားလိုက်ရသည့် ပြည်သူအများစုကလည်း ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကို ဉာဏ်ပညာအသိနှင့်စဉ်းစားပြီး စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်း မှန်ပေါ် ပြန်ရောက်ရေး၊ နိုင်ငံတော်နှင့်အတူ လက်တွဲရှေ့ဆက်လျှောက်လှမ်းရန် အသင့်ဖြစ်နေ ကြကြောင်း။

နိုင်ငံတော်အစိုးရ စေတနာ၊ မြန်မာ့တပ်မတော်နှင့် ပြည်ထောင်စုအကျိုးလိုလားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၏ ပေးဆပ်မှုနှင့်အတူ အသစ်တစ်ဖန်ပြန်လည်ရုန်းထရန်ကြိုးစားနေသည့် နောင်ချိုမြို့ တွင် စစ်ပွဲအတွင်း ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းခံလိုက်ရသည့် ဌာန ဆိုင်ရာရုံးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံနှင့် လမ်း၊ တံတားများကို ၇၅ ရာခိုင်နှုန်းခန့် ပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန် ဘဏ္ဍာငွေနှင့် ဘတ်ဂျက်များကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများမှရသည့် အမြတ်ငွေများဖြင့်လည်းကောင်း၊ ပြည်သူလူထုထံမှ ကောက်ခံရရှိ သည့် အခွန်ငွေများဖြင့်လည်းကောင်း ဆောင်ရွက်ရခြင်းဖြစ်သည်ဟု နားလည်ပါကြောင်း၊ ရွေး ကောက်ပွဲကာလနှင့် လွှတ်တော်သို့ရောက်ရှိပြီး မိမိဒေသကိုပြန်ရောက်ချိန်အထိ နောင်ချိုမြို့ရှိ သာသနိကအဆောက်အဦများနှင့် ပြည်သူများ၏ နေအိမ်များသည် ယခုထိ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ခွင့် မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများ၏ စကားသံ၊ ၎င်းတို့၏ဆန္ဒနှင့် အခက်အခဲများသည် တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးစားနေရသည့်ဒီတိုင်းပြည်တွင် တစ်ရိပ်ရိပ် တက်မြဲတက်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခါးစည်းခံရသည်ကို ကျင့်သားရနေပြီဖြစ် ကြောင်း၊ စုဆောင်းငွေမရှိ လက်လုပ်နေ့စားနှင့် ဘဝကို ခက်ခဲစွာဖြတ်သန်းနေရသော်လည်း ညအိပ် ချိန်တွင် အမိုးအကာလုံလုံခြုံခြုံနှင့် စိတ်အေးချမ်းသာစွာ အနားယူချင်ပါကြောင်း၊ ထမင်းတစ်နပ် အတွက် ခပ်စရာမရှိသည့် ဒီတိုင်းပြည်တွင် စေတနာနှင့် ကိုယ်ချင်းစာနာ နားလည်ပေးမှုသာလို ကြောင်း စသဖြင့် ပြည်သူ့ရင်ထဲမှ စကားသံ တချို့ကိုလည်း ထုတ်နုတ်တင်ပြအပ်ပါကြောင်း။

ပါတီ၏ရည်မှန်းချက်ထဲတွင် ပြည်သူ့အရေးကိစ္စနှင့်စပ်လျဉ်း၍ ပါတီသည် ပြည်သူများ ၏ အကျိုးစီးပွားနှင့် လိုအင်ဆန္ဒကို အစဉ်ထာဝရဦးထိပ်ထားဆောင်ရွက်မည်ဟု ကတိကဝတ် ပြုထားပါကြောင်း၊ ထို့ကြောင့် “လူမှာကတိ၊ မင်းမှာသစ္စာ” ဆိုသလို ဒီထိုင်ခုံနှင့် ဒီနေရာသည် ပြည်သူများမှ ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် ဒုက္ခနှင့်အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဟု ယူဆ၍ တာဝန်ပေးထားခြင်းလည်းဖြစ်ပါကြောင်း၊ အစိုးရ၏အခက်အခဲကို ပြည်သူ့ဘဏ္ဍာနှင့်ဖြေရှင်းသလို ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲကိုလည်း အစိုးရ၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ပြည်သူ များ ပြန်လည်ထူထောင်ရေးလုပ်ရန် လိုအပ်နေသည့် သစ်၊ ဝါးနှင့် အိမ်ဆောက်ပစ္စည်းတွေကို ဈေးနှုန်း သက်သာစွာဖြင့် ဆောင်ရွက်ပေးရန်သော်လည်းကောင်း၊ တခြားနည်းပံ့ပိုးပေးရန်သော်လည်းကောင်း၊ စဉ်းစားပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

နိုင်ငံတကာတွင်လည်း ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် ပျက်စီးသွားသည့်ပြည်သူများ၏ နေအိမ် နှင့်ဆုံးရှုံးမှုများအတွက် ရေတို၊ ရေရှည် အစီအမံများ၊ အစားထိုးနည်းလမ်းများ၊ ပြန်လည်ထူထောင် ရေးရန်ပုံငွေများ၊ ပြန်လည်ထူထောင်ရေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ဥပမာအနေ ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ဂွါတီမာလာ နိုင်ငံ၊ ဆီရာလီယွန်နိုင်ငံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံများတွင်ဖြစ်ပါကြောင်း၊ သမိုင်းကို သင်သည်မှာ မအဖို့ရယ်၊ အမှားကိုမြင် အမှန်ကိုသိကာ နောင်ကိုဒါမျိုးမဖြစ်အောင် သင်ခန်းစာယူပြီး ပြင်ဆင်နိုင်ရန်လည်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၁၀၂၇ အမည်ခံကျူးကျော်စစ်အတွင်း ဖျက်ဆီးခံခဲ့ရတဲ့သည့် မြန်မာ ပြည်တစ်ဝန်းရှိ ပြည်သူများ၏နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ မည်သို့ ကုစားဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက

          ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်များတွင် ၁၀၂၇ အမည်ခံအကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူလူထုများ၊ အိုးအိမ်များ၊ သာသနိကအဆောက် အဦများ၊ ဌာနဆိုင်ရာရုံး၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခြင်းများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ အကြမ်းဖက်အဖွဲ့များ၏ ဝင်ရောက် တိုက်ခိုက် မှု၊ ဖျက်ဆီးမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့များ၊ ပြည်သူ့စစ်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက် ပြီး မိုင်းရှင်းလင်းခြင်းနှင့် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲသည့်အတွက် ယခုအချိန်တွင် ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး နေအိမ်စွန့်ခွာတိုက်ပွဲရှောင်သည့် ပြည်သူများအနေဖြင့် လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နယ်အတွင်းရှိ နေအိမ်များတွင် ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိပါကြောင်း။

ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ၏ အိုးအိမ်အဆောက် အဦများ ပျက်စီးဆုံးရှုံးမှုအနေဖြင့် ကျောက်မဲမြို့နယ်တွင် အိမ်ခြေ ၄၃၅ လုံး၊ သီပေါမြို့နယ်မှာ ၇၁၉ လုံး၊ နောင်ချိုမြို့နယ်တွင် ၁,၉ဝ၄ လုံးနှင့် လားရှိုးမြို့နယ်တွင် ၆၀၁ လုံး စုစုပေါင်းနေအိမ် ၃,၆၅၉ လုံး၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၂၇၄,၁၄၄ ၊ သာသနိကအဆောက်အဦ ပျက်စီးဆုံးရှုံးမှုအနေဖြင့် ကျောက်မဲမြို့နယ်တွင် ၈၇ လုံး၊ သီပေါမြို့နယ်တွင် ၂၁ လုံးနှင့် နောင်ချိုမြို့နယ်တွင် ၂၇၉ လုံး စုစုပေါင်း ၃၈၇ လုံး၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်သန်းပေါင်း ၁၃,၆၁၆၊ ဌာနဆိုင်ရာရုံး၊ အဆောက်အဦ များ ပျက်စီးဆုံးရှုံးမှုအနေဖြင့် ကျောက်မဲမြို့နယ်တွင် ၆၆ လုံး၊ သီပေါမြို့နယ်တွင် ၁၇၀ လုံး၊ နောင်ချို မြို့နယ်တွင် ၂၃၅ လုံးနှင့် လားရှိုးမြို့နယ်တွင် ၄၁ လုံး စုစုပေါင်း ၅၁၂ လုံး၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ်သန်းပေါင်း ၁၄,၆၈၈၊ တံတားများပျက်စီးဆုံးရှုံးမှုအနေဖြင့် သီပေါမြို့နယ်တွင် တံတား ၄ စင်း၊ နောင်ချိုမြို့နယ်တွင် တံတား ၂ စင်းနှင့် စုစုပေါင်း တံတား ၆ စင်း၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ်သန်း ၈,၂၄၂ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျောက်မဲမြို့နယ်တွင် စုစုပေါင်း လူဦးရေ ၇,၅၀၁ ဦးအတွက်ကို ဆန် ၁,၂၉၁ အိတ်၊ ဆီ ၁,၇၀၀ ပိဿာ၊ ဆား ၇၈၀ ပိဿာ၊ ပဲ ၁,၇၀၀ ပိဿာနှင့် ငါးပိ ၁၄၀ ပိဿာ၊ သီပေါမြို့နယ်တွင် လူဦးရေ ၄,၆၈၇ ဦးအတွက်ကို ဆန် ၇၉၁ အိတ်၊ ဆီ ၁,၇၀၀ ပိဿာ၊ ဆား ၇၈၀ ပိဿာ၊ ပဲ ၂,၀၀၀ ပိဿာ၊ ငါးပိ ၁၄၀ ပိဿာ၊ နောင်ချိုမြို့နယ်တွင် လူဦးရေ ၁၀,၉၃၀ ဦးအတွက် ဆန် ၁,၂၉၂ အိတ်၊ ဆီ ၂,၇၀၀ ပိဿာ၊ ဆား ၁,၀၃၇ ပိဿာ၊ ပဲ ၈၆၀ ပိဿာ၊ ငါးပိ ၁,၂၄၀ ပိဿာ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ခရိုင်ဆေးရုံကြမ်းခင်းပြုပြင်ခြင်းနှင့် နမ့်တုံရေထွက်ပြုပြင်ခြင်း၊ ဌာနဆိုင်ရာတံတိုင်းများပြုပြင်ခြင်း တို့အတွက်ဘိလပ်မြေအိတ်များထောက်ပံ့ပေးခြင်းများကိုလည်းဆက်လက်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်လည်း အခြေခံစားသောက် ကုန်များအနေဖြင့် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များမှာ တစ်မြို့နယ်မှာ လူဦးရေ ၂,၀၀၀ ဦး အတွက် စုစုပေါင်းလူဦးရေ ၆,၀၀၀ ဦးစာ ဆန် ၈၇၃ အိတ်၊ ဆီ ၂,၁၀၀ ပိဿာ၊ ဆား ၈၄၀ ပိဿာ၊ ပဲ ၄,၂၀၀ ပိဿာ၊ ငါးပိ ၄၂ဝ ပိဿာ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ပါတဲ့ကစ်ပုံးများကို နောင်ချိုမြို့နယ်တွင် ၁,၀၀၀ ပုံး၊ ကျောက်မဲမြို့နယ်တွင် ၅၀၀ ပုံးနှင့် သီပေါမြို့နယ်တွင် ၅ဝဝ ပုံး ထောက်ပံ့ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများအတွက်ကိုလည်း ကျောက်မဲ မြို့နယ်မှာ လုပ်ငန်းပေါင်း ၁၆၀ ခုအတွက်ကို ငွေကျပ်သန်းပေါင်း ၂,၃၇၉ သန်းနှင့် လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၁.၈၄ သန်းအားလည်းကောင်း၊ သီပေါမြို့နယ်တွင် လုပ်ငန်းပေါင်း ၈၀ ခုအတွက် ငွေကျပ်သန်းပေါင်း ၁,၁၃၉ သန်းနှင့် နောင်ချိုမြို့နယ်တွင် လုပ်ငန်း ပေါင်း ၄၄၂ ခုအတွက်ကို ကျပ်သန်းပေါင်း ၆,၄၃၄ သန်းကိုလည်းကောင်း၊ လားရှိုးမြို့နယ်တွင် လုပ်ငန်း ပေါင်း ၁၃၄ ခုအတွက် ငွေကျပ်သန်းပေါင်း ၂,၇၁၂ သန်းကို ခွင့်ပြုချထားပေးပြီး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အခါ လက်ရှိအချိန်တွင် ၁၀၀ ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း။

ပညာရေးကဏ္ဍတွင် သီပေါမြို့နယ်အတွင်း သာမန်ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ဆောင်ရွက် သည့်လုပ်ငန်း ၅၅ ခု ကျပ်သန်းပေါင်း ၈၈၂ သန်းဖြင့်လည်းကောင်း၊ ကျန်းမာရေးကဏ္ဍမှာ ဆေးရုံအဆောက်အဦများပြုပြင်ခြင်းလုပ်ငန်းနှင့် အသစ်တည်ဆောက်မှုအနေဖြင့် ကျောက်မဲမြို့နယ် မှာလုပ်ငန်း ၁၀ ခုအတွက် ငွေကျပ်သန်းပေါင်း ၃,၂၀၅ သန်းဖြင့်လည်းကောင်း၊ သီပေါမြို့နယ်မှာ လုပ်ငန်း ၁၁ ခုအတွက် ငွေကျပ်သန်းပေါင်း ၂၀၅၅ သန်းဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်မှာ လုပ်ငန်း ၂၂ ခုအတွက် ကျပ်သန်းပေါင်း ၂,၂၇၁ သန်းဖြင့်လည်းကောင်း ခွင့်ပြုရန်ပုံငွေများ ချထား ပေးခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ရေးကဏ္ဍအနေဖြင့် နောင်ချိုမြို့နယ်မှာ ဆက်သွယ်ရေးတာဝါတိုင် ၄၁ တိုင် ပျက်စီးဆုံးရှုံးခဲ့တဲ့အခါမှာ လက်ရှိအခြေ အနေတွင် ဒေသခံပြည်သူများ ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စွာအသုံးပြုနိုင်ရေးအတွက် တာဝါတိုင် ၃၅ တိုင်ကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် တာဝါတိုင် ၆ တိုင် ကိုလည်း ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း ။

ပညာရေးကဏ္ဍအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပညာသင်ကြားရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိုကျောင်းများတွင် လုံခြုံစွာသင်ကြားနိုင်ရေးအတွက်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့ များနှင့်ပူးပေါင်းပြီး လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ကြောင်း၊ ကျောင်းတွေ ဖွင့်လှစ်သင်ကြား နိုင်မှုအနေဖြင့် -

 (က)နောင်ချိုမြို့နယ်တွင် အထက်တန်းကျောင်း ၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၅ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်းနှင့် အလယ်တန်းကျောင်းခွဲ ၁၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၃၇ ကျောင်းနှင့် မူလတန်းကျောင်း ၁၀၁ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၅ ကျောင်း စုစုပေါင်း ၁၉၂ ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း၊ 

(ခ)   ကျောက်မဲမြို့နယ်တွင် အထက်တန်းကျောင်း ၅ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၂ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၉ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၆ ကျောင်း၊ မူလတန်းကျောင်း ၅၂ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၉ ကျောင်း စုစုပေါင်း ၁၀၄ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊

(ဂ)   သီပေါမြို့နယ်တွင် အထက်တန်းကျောင်း ၅ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၇ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်းနှင့် မူလတန်း ကျောင်း ၇ ကျောင်း စုစုပေါင်း ၂၂ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊

(ဃ)    လားရှိုးမြို့နယ်တွင် အထက်တန်းကျောင်း ၉ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၅ ကျောင်းနှင့် အလယ်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၉ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၂ ကျောင်း၊ မူလတန်းကျောင်း ၆ ကျောင်း စုစုပေါင်း ၄၃ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အခုနကတင်ပြခဲ့သည့်အထဲတွင် ပါရှိသလို လုံခြုံ‌စွာပညာ သင်ကြားနိုင်ရေးအတွက်ကိုလည်း မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ် အဖွဲ့များနှင့်ပူးပေါင်း၍ လုံခြုံရေးပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 

ပို့ဆောင်ရေးကဏ္ဍအနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တံတားများ အနက် ဂုတ်ထိပ်တံတားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ တံတားအမှတ် (၂၄၈) ဂုတ်ထိပ်တံတားကို ငွေကျပ်သန်းပေါင်း ၁၃၉ သန်းဖြင့် ပြင်ဆင်တည်ဆောက်ဆောင်ရွက်ခဲ့ပြီး နောင်ချို-ကျောက်မဲ-လားရှိုးလမ်းပိုင်းအတွင်းရှိ ဂုတ်တွင်းတံတားကို တံတားဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၉၀ သန်းဖြင့် ပြင်ဆင်တည်ဆောက်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာလည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း ၃,၅၄၉ သန်းဖြင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း။ 

လျှပ်စစ်ကဏ္ဍအနေဖြင့် နောင်ချိုမြို့နယ်တွင် 11KV ဓာတ်အားလိုင်း ၁၀ မိုင်၊ 400KV ဓာတ်အားလိုင်း ၆ လိုင်း၊ ထရန်စဖော်မာ ၂၇ လုံး ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် လျှပ်စစ်မီးရရှိရေး အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကနေ ၂၀-၇-၂၀၂၅ ရက်မှစတင်ပြီး ဆောင်ရွက်ခဲ့တဲ့အခါမှာ ၂၈-၇-၂၀၂၅ ရက်မှာ လျှပ်စစ်မီးရရှိခဲ့ကြောင်း၊ လက်ရှိအခြေအနေမှာလည်း ပျက်စီးဆုံးရှုံး ခဲ့တဲ့ 11 KV, 400 KV ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာ ၂၂ လုံးပြုပြင်ပြီးဖြစ်ပါကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့် ထရန်စဖော်မာ ၅ လုံးကိုလည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဆက်လက်ပြုပြင်လျက် ရှိကြောင်း၊ သီပေါမြို့နယ်တွင် 66/33/11 KV သီပေါဓာတ်အားခွဲရုံမှ တိုက်ပွဲကာလများအတွင်း ပျက်စီးသွားသည့် ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများကို ပြန်လည်အစားထိုးတပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း ၂၄-၂-၂၀၂၆ ရက်တွင် ၁၀၀ ရာခိုင်နှုန်း ပြင်ဆင်ပြီးဖြစ်ကြောင်း၊ 66 KV မန်စံ-သီပေါဓာတ်အားလိုင်းသည် မိုင်အရှည် ၂၃.၁ မိုင်နှင့် ဓာတ်တိုင်ပေါင်း ၃၃၀ ဖြင့် တည်ဆောက် ထားရှိသည့်အခါ သီပေါမြို့နယ်အတွင်း တည်ရှိသည့် တိုင်အမှတ် ၂၂ မှ ၃၃၀ အား ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပြီး နမ္မတူမြို့နယ်အတွင်းမှာတည်ရှိသည့် တိုင်အမှတ် ၁ မှ ၂၁၉ သည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက 66/33/11 KV သီပေါဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပါကြောင်း။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျောက်မဲမြို့နယ်တွင် ကျောက်မဲခရိုင်ပြည်သူ့ ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု၊ နောင်ချိုမြို့နယ်မှာ ပြည်သူ့ဆေးရုံတစ်ရုံ၊ တိုက်နယ် ဆေးရုံနှစ်ရုံ၊ သီပေါမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံတစ်ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ တစ်ခု၊ လားရှိုးမြို့နယ်တွင် တပ်မတော်ဆေးရုံတစ်ရုံ၊ ခရိုင်ပြည်သူ့ဆေးရုံတစ်ရုံ နှင့် ပုဂ္ဂလိကဆေးရုံ လေးခုတို့အား ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ တာဝန်ချထားကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ နယ်မြေလုံခြုံရေးတာဝန်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(လားရှိုး)၏ ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များပါဝင်သော ပူးပေါင်းအဖွဲ့များ ဖြင့် လုံခြုံရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ။

အကြမ်းဖက်သောင်းကျန်းသူများ၏ ၁၀၂၇ အမည်ခံအကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ သာသနိကဆိုင်ရာ အဆောက်အဦများနှင့် ဓာတ်အားလိုင်းများကို နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့များဖြင့် အဆင့်လိုက်ဦးစားပေးပြီး ဆောင်ရွက်နေသည့်အပြင် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)မှ ဆက်စပ်မေးမြန်းခဲ့ပါသည်-

ပြည်သူများ၏ နေအိမ်များဆုံးရှုံးသည့်အပေါ် အစိုးရမှ ဖဘယ်လိုစီမံထားသလဲဆို သည်ကို သိလိုပါကြောင်း၊ ပြည်သူလူထုကို အစားအသောက်များ၊ ဆန်၊ ဆီ၊ ဆေး၊ ဆားများ လှူခဲ့တယ်ဆိုသည်ကို သိပါကြောင်း၊ အမှန်တကယ် ပြည်သူလူထုများသည် နေ့စဉ် ပင်ပင်ပန်းပန်းနှင့် လုပ်ကိုင်စားသောက် ကြရကြောင်း၊ စားသောက်ပြီး အမိုးအကာလုံလုံခြုံခြုံနှင့် အိပ်နိုင်သည့်၊ လုံခြုံနိုင်သည့်အနေအထား မရှိသည့်အခါ အခက်အခဲဖြစ်ပါကြောင်း၊  နားခိုစရာနေအိမ်အတွက် သစ်၊ ဝါး၊ အိမ်ဆောက်ပစ္စည်းများကို ဈေးသက်သာအောင်လုပ်ပေးနိုင်ရန်လိုကြောင်း၊ တိုက်ပွဲများ ကြောင့် ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်များနှင့်စပ်လျဉ်း၍ မည်သို့သောအစီအမံများဆက်၍ လုပ်ထားသည်ကို သိရှိလိုကြောင်း ဆက်စပ်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက

        ပြည်သူများဆုံးရှုံးခဲ့သည့် နေအိမ်များ၏ နေ့စဉ်လူမှုဘဝအပေါ် ပင်ပင်ပန်းပန်း စားသောက်နေရသည့်အတွက် အမိုးအကာအောက်တွင် အေးအေးချမ်းချမ်း နေချင်သည့်အတွက် အစိုးရအနေဖြင့် ဘယ်လိုအကူအညီ၊ အထောက်အပံ့ပေးနိုင်မှုများ ဆက်လက်ဆောင်ရွက် ပေးနိုင်မလဲဆိုသည့် မေးခွန်းအပေါ် နယ်မြေဒေသအနေအထားအပေါ်မူတည်၍ သက်ဆိုင်ရာ ဒေသ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့မှ ၎င်းတို့၏နယ်မြေအပေါ်မူတည်၍ မည်သည့် ဒေသများတွင် ဘယ်လောက်လိုအပ်တာလဲ၊ ထိုဒေသရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် ပြည်နယ်အစိုးရကို တင်ပြရကြောင်း၊ ပြည်ယ်အစိုးရမှတစ်ဆင့်အစိုးရအဖွဲ့ကို တင်ပြပြီး ၎င်း၏ နေရာအပေါ်မူတည်၍ သဘာဝဘေးသော်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ရန်ပုံငွေအရသော်လည်းကောင်း၊ တခြားရန်ပုံငွေ၊ မည်သည့်ရန်ပုံ‌ငွေမှ သုံးမည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် လိုအပ်သည့်အခါ အကြမ်းဖျင်းမေးပြီး တင်ပြ၍မရဘဲ သက်ဆိုင်ရာနယ်မြေအပေါ် မူတည်၍ သက်ဆိုင်ရာနယ်မြေအလိုက်၊ သီပေါသော်လည်းကောင်း၊ လားရှိုးသော်လည်းကောင်း၊ နောင်ချိုသော်လည်းကောင်း၊ ဒီလိုနယ်မြေမှ သက်ဆိုင်ရာအစိုးရအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းမှတစ်ဆင့် မိမိတို့နယ်မြေတွင် ဘာတွေလိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကို တင်ပြ၊ ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ဆောင်ရွက်ပေးနိုင်မည့်ရန်ပုံငွေတွင် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံခန့်ခွဲနိုင်ခွင့်ရှိသည့် ရန်ပုံငွေမှ ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်သည့်အတွက် တစ်ခုချင်း Case by Case သွားနိုင်မှသာ အဆင်ပြေမှာဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။