မှော်ဘီမြို့နယ်၊ အားကစားကွင်းအား ခရိုင်အားကစားကွင်းအဖြစ် မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တင်ပြထားသည်မှာမှော်ဘီမြို့နယ်၊ အားကစားကွင်း၏ လက်ရှိအခြေအနေဖြစ်ပါကြောင်း၊ မှော်ဘီမြို့နယ်၊ အားကစား ကွင်း၏ မြေနေရာသည် ၁၁.၅၉ ဧကရှိပြီး နိုင်ငံတော်မှလည်း ၂၀၂၀ ပြည့်နှစ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အပြီးအပိုင်လွှဲပြောင်းပေးထားသည့် မြေ နေရာဖြစ်ပါကြောင်း၊ အဆိုပါအားကစားကွင်း ကို ၁၉၉၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် “ခ”အဆင့် အားကစားရုံတစ်ရုံရှိကြောင်း၊ ၂၀၁၄ ခုနှစ် ကဖွင့်လှစ်ခဲ့သည့် ဘောလုံးကွင်းသည် လူဦးရေ ၃၀၀ ဆံ့သည့် ပွဲကြည့်စင်တစ်ခုရှိပြီး လက်ရှိတွင် ဝန်ထမ်းနေအိမ်များကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က တစ်လုံးဆောက်လုပ်ပြီး ဖြစ်ပါကြောင်း၊ “ခ”အဆင့် အားကစားရုံမှာ မိုးလုံလေလုံ မဟုတ်သည့် အတွက်ကြောင့် အကာအရံများနှင့်သာ ကာရံ၍ ကစားနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ လက်ရှိ ကြက်တောင်အားကစားကွင်းသည် မိုးလုံ လေလုံမဖြစ်သည့်အတွက်ကြောင့် ဘေးနား ကကာရံပြီး ကစားနေရပါကြောင်း၊ လက်ရှိမြို့နယ် အဆင့်ဘောလုံးကွင်းရော၊ “ခ”အဆင့် အားကစားရုံအပြင် ခရိုင်အဆင့်ဆိုသည်မှာ မှော်ဘီခရိုင်တွင် မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ် နှစ်မြို့နယ်ပါသည့်အတွက်ကြောင့် ခရိုင်အဆင့်နှင့်လိုက်လျော်ညီထွေသည့် အားကစားကွင်း တစ်ခု ဖြစ်ရန်အတွက် ဘောလုံးကွင်းကို အဆင့်မြှင့်တင်ပေးရန်လိုပါကြောင်း၊ ဘောလုံးကွင်းပတ်လည် တွင်ရှိသည့် မီတာ ၄၀၀ ပြေးလမ်း၊ “ခ”အဆင့်အပြင် “က”အဆင့်အားကစားရုံတစ်ရုံနှင့် တိုးချဲ့ဘောလုံး ပွဲကြည့်စင်၊ ပြေးလမ်းနှင့် ပြေးလမ်းပတ်လည်အကာအရံ များကို အားကစားရေးရာ ဝန်ကြီးဌာနမှဖြည့်ဆည်းပေးမည်ဆိုလျှင် ခရိုင်အဆင့်အနေဖြင့် တော်တော်လေး တင့်တင့် တယ်တယ် ဖြစ်မည်ဟု ယူဆပါကြောင်း။
Google မှ ထားသည့် လက်ရှိ မှော်ဘီမြို့နယ်အားကစားကွင်း၏ အခြေအနေ ဖြစ်ပါကြောင်း၊ ခွင့်ပြုဝန်ထမ်း ခြောက်ဦးရှိပြီး လက်ရှိတွင် အားကစားမှူးနှင့် နည်းပြအပါအဝင် လုံခြုံရေးတစ်ဦး စုစုပေါင်း သုံးဦးရှိပါကြောင်း၊ ထို့ကြောင့် မှော်ဘီမြို့နယ် ဒေသဖွံ့ဖြိုးရေးအပြင် နိုင်ငံတော်၏ အားကစားလောကဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားတွေ ကျန်းမာကြံ့ခိုင်ရေးအတွက်ပါ ရည်ရွယ်၍ မှော်ဘီမြို့နယ်၊ အားကစားကွင်းကို အဆင့်မြှင့်တင်ပေးပါရန် မေးမြန်းခဲ့ပါသည်။
အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးမျိုးကျော်သူ က
နိုင်ငံတော်အကြီးအကဲ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက် အမျိုးသားအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါ ဝင်စားစွာပါဝင်လှုပ်ရှားလာရန်၊ နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ဂုဏ်သိက္ခာကို အားကစား နည်း ဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ၊ လူရည်ချွန် များမွေးထုတ် ရန်နှင့်နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိရန် အတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အခြေခံကျသော အားကစားကွင်းများ၊ အားကစားရုံများ၊ ပွဲကြည့်စင်များနှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းနှင့် အသစ် ထပ်မံတည်ဆောက်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မှော်ဘီမြို့နယ်၊ အားကစား ကွင်းကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၁၃)၊ မြို့မအုပ်စု၊ အမှတ်(၁)ရပ်ကွက်တွင်တည်ရှိပါကြောင်း၊ စုစုပေါင်းမြေဧရိယာ ၁၁.၅၉ ဧကရှိပြီး အားကစား ရေးရာဝန်ကြီးဌာနပိုင်အမည်ဖြင့် အခမဲ့ မြေလွှဲမိန့် ရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါအားကစားကွင်း အတွင်းတွင် မီတာ ၄၀၀ မြေသားပြေးလမ်းပါ ဘောလုံးကွင်းတစ်ကွင်း၊ “ခ”အဆင့် အားကစားရုံတစ်ရုံ၊ ပွဲကြည့်စင်တစ်ခု၊ နှစ်ထပ်ဝန်ထမ်း အိမ်ရာနှင့် ဂါလန် ၃,၂၀၀ ဆံ့ အုတ်ရေကန်တစ်ကန်တို့ကို ဆောက်လုပ် ထားရှိပြီး အားကစားကွင်း အား အုတ်တံတိုင်းကာရံထားရှိပြီးဖြစ်ပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အားကစားကွင်းအား ခရိုင်အဆင့်အားကစားကွင်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ကနဦးအနေဖြင့် မီတာ ၄၀၀ ပြေးလမ်းအား ကျောက်မှုန့်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက်လက်ရှိပြေးလမ်းမှာ ဘောလုံးကွင်းထက် နှစ်ပေ ခန့်နိမ့်ကျနေသဖြင့် ပြေးလမ်းအား Level မြှင့်တင်ခြင်း၊ အပြင်ရေနုတ်မြောင်း တည်ဆောက်ခြင်းနှင့် အပြင် ကတ်တုံးတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ် ၉၄၇.၅၁၀ သန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားထားရှိပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိ သည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သင့်လျော်သော ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြု ရန်ပုံငွေ ရရှိမှု အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် လျာထားတင်ပြ တောင်းခံ ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။