သဲကုန်းမြို့နယ်၊ ဘောလုံးကွင်းအား ပွဲကြည့်စင်နှင့် အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ သဲကုန်းမြို့နယ် ဘောလုံး ကွင်းသည် အမှတ် (၄) ပေါက်တောရပ်ကွက် တွင်တည်ရှိ၍ မြေစာရင်း မြေပုံအရ အမှတ် ၈၅၅ C ပေါက်တောကွင်းဖြစ်ပြီး ၁၉၁၃-၁၉၁၄ ခုနှစ် တိုင်းထွာချက်အရ မြေကွက်အမှတ် ၂၁၂၊ မြေဧရိယာ ၅.၉၇ ဧကကျယ်ဝန်းခဲ့ပါကြောင်း၊ မူလကတည်းက ဘောလုံးကွင်း မြေအဖြစ် မြေပုံရေးဆွဲသတ်မှတ် ထားရှိပြီး ၎င်းဘောလုံးကွင်းသည် ၁၉၀၈ ခုနှစ်၊ BOC တည်ရှိခဲ့ပြီး ရေနံတွင်းပို့စက်ရုံမှ နိုင်ငံခြားသားများကစားသည့် ကွင်းလည်းဖြစ်ခဲ့ပါကြောင်း၊ မိုးရွာမိုးကြီးသော် လည်း ရေမဝပ်စေရန်နှင့် ရေမတင်စေရန် စီမံဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ ယခင်က သဲကုန်းမြို့ ကန်သာယာဘုရားပွဲ ကျင်းပရာမြေနေရာ တွင် အားကစားကွင်းတစ်ခုတည်ရှိခဲ့ပြီး ယခုအခါ စုပေါင်းရုံး မြေနေရာများဖြစ်သည့်စည်ပင်ရုံး၊ တိုင်းရင်းဆေးရုံး၊ လဝကရုံး၊ ပါတီရုံး၊ တရားရုံးနှင့် မူလတန်းကြို ကျောင်းများ တည်ဆောက်ထားရှိပြီး ယခုအခါ BOC ပိုင် အားကစားကွင်းကိုသာတည်ရှိပါကြောင်း၊ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ၊ အခြားအားကစားပြိုင်ပွဲများလည်း ကျင်းပလျက်ရှိပါကြောင်း၊ သဲကုန်းမြို့တွင် အားကစားအဆင့်အတန်းမြှင့်တင်ရန်အတွက် စဉ်ဆက်မပြတ်ဆက်လက် ဆောင် ရွက်လျက်ရှိပါကြောင်း။
မိမိတို့မြို့နယ်တွင် မြို့နယ်လက်ရွေးစင် ဘောလုံးအသင်းသည် မြို့နယ်ပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲ ၌လည်း ပထမဒိုင်းဆုကိုရရှိခဲ့ပါကြောင်း၊ ထို့အပြင် ခရိုင်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်ရာ ဒေသဖြစ်၍ နိုင်ငံ့ဂုဏ်ကိုလည်း ဆောင်နိုင်ခဲ့ကြ ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်အာရှ သည် ကစားပြိုင်ပွဲ ဆီးဂိမ်း၌လည်း ဗဟိုပြည်နယ် အားကစားအဖြစ် ရွှေတံဆိပ်နှစ်ခုကိုရရှိခဲ့ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့ဗဟိုပြည်နယ်ပြိုင်ပွဲ၌လည်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ရရှိခဲ့သည့်မြို့နယ်လည်း ဖြစ်ပါကြောင်း၊ သဲကုန်းမြို့နယ်သည် လက်ရွေးစင် အားကစားသမားကောင်းများပေါ်ထွက်သကဲ့သို့ ဗိုလ်ရှုအားကစား၊ ပိုက်ကျော်ခြင်းအားကစား များတွင်လည်းရွှေတံဆိပ်ဆုများ စွတ်ခူးရရှိခဲ့ပါကြောင်း၊ ယခု ၎င်းအားကစားကွင်းသည် ယခင်ကပွဲ ကြည့်စင်နှင့် နံရံလေးဘက်အုတ်တံတိုင်းများရှိခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် နှစ်ကာလကြာမြင့် သည်ဖြစ်သည့်အတွက် ပွဲကြည့်စင်သည်ပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများပျက်စီးနေခြင်း ကြောင့် ယနေ့အချိန်ထိ ပြန်လည်ပြုပြင်နိုင်စွမ်းမရှိသေးသော်လည်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည့်အတွက် သဲကုန်းမြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် လူငယ်၊ လူရွယ်များ စာရိတ္တမြှင့်တင်ရန် ရည်ရွယ်၍ အားကစားကွင်း ပွဲကြည့် စင်နှင့် အဆင့်မီအားကစားကွင်းဖြစ်လာစေရန်အတွက် ဆောင်ရွက်ပေးနိုင် ပါရန် မေးမြန်း ခဲ့ပါသည်။
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ က
အားကစားလှုပ်ရှားမှုပြုလုပ်ခြင်းသည် ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက်ပါ အထောက်အကူပြုပါကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါးကျန်းမာကြံ့ခိုင်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါကြောင်း၊ “ကျန်းမာကြံ့ခိုင် ပြည့် မဏ္ဍိုင်” ဆိုသည့် စကားအတိုင်း နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းမှသာလျှင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက် ရေးကို ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ရန်၊ မြန်မာ့အား ကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် တစ်နိုင်ငံလုံးတက်ကြွစွာ ပါဝင်လှုပ်ရှားလာရန်၊ ခေတ်မီအားကစားနည်းစနစ် များကိုအသုံးပြု၍ နိုင်ငံဂုဏ်ဆောင်ထူးချွန်ထက်မြက်သော အားကစား သမား ပေါ်ထွက်လာစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အားကစားပြိုင်ပွဲများ စဉ်ဆက် မပြတ်ကျင်းပပြုလုပ်ရန်နှင့် လူထုအားကစားလှုပ်ရှား မှုများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်စသည့် ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါရည်မှန်းချက် များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင် ရန်အတွက် အားကစားဆိုင်ရာ အခြေခံအဆောက်အဦ များကို စနစ်တကျတိုးချဲ့တည်ဆောက်ပေး လျက်ရှိပါကြောင်း။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အားကစားကွင်းသည် အမှတ်(၄)ရပ်ကွက်တွင် တည်ရှိ၍ စုစုပေါင်းမြေဧရိယာ ၅.၉၇ ဧကရှိပါကြောင်း၊ အဆိုပါ အားကစား ကွင်းသည် အားကစားရေးရာဝန်ကြီးဌာနပိုင်အမည်ဖြင့် အခမဲ့မြေလွှဲအမိန့်ရရှိရန်အတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အားကစားကွင်းအတွင်း၌ ရုံးနှင့်နေအိမ် တွဲလျက် အဆောက်အဦ အလျား ၄၀ ပေ၊ အနံ ၃၀ပေ တစ်လုံးသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ကျပ် ၁၆.၈ သန်း ဖြင့် ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ သဲကုန်းမြို့နယ်ဘောလုံးကွင်းအတွင်း ပွဲကြည့်စင်တည်ဆောက်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အလျား ၁၅၀ ပေ၊ အနံ ၂ဝ ပေ RC နှစ်ထပ် ပွဲကြည့်စင် တည်ဆောက်ခြင်း Apron & Drain၊ အတွင်း ရေ၊ မီး၊ မိလ္လာအပါအဝင် လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၉၀၀ သန်းသည် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား ထားရှိပြီး ခွင့်ပြုချက်ရရှိလျှင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည် တည်ဆောက်ပေးနိုင်ရန်အတွက် ကျန်ရှိသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သင့်လျော်သော ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် လျာထား တင်ပြတောင်းခံပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။