ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (တာဟန်း)နှင့် ကျေးလက်ကျန်းမာရေးဌာန (တာဟန်း) တို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်နှင့် ကျန်းမာရေးဝန်ထမ်း များအား ခန့်ထား ပေးရန် အစီအစဉ် ရှိ မရှိတို့ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးလက်ကျန်းမာရေးဌာန (တာဟန်း)သည် ၁၉၆၀ ပြည့်နှစ်တွင် ကလေးမြို့၊ တာဟန်း ကျေးရွာ၌ ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ ၂.၅၀ ဧကခန့်ကျယ်ဝန်းပြီး ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ နယ်မြေ(၄)၌ တည်ရှိပါကြောင်း၊ အဆိုပါကျေးလက်ကျန်းမာရေးဌာန (တာဟန်း)ကို အကျိုးပြုသည့် ရပ်ကွက်များမှ တောင်ဖီလာရပ်ကွက်၊ တာဟန်းရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ အင်ဒိုင်းကုန်းရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ ဒိုးဝိုင်းချောင်း ကျေးရွာများမှ အိမ်ထောင်စုအဖွဲ့ဝင် ၅,၀၀၀ ကျော် အားကိုးအားထားပြုသည့် ကျေးလက်ကျန်းမာရေး ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကာကွယ်ဆေးများထိုးနှံခြင်းများရှိသည်ကို တွေ့ရှိရပါကြောင်း၊၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ ဥပဒေပုဒ်မ ၃၆၇ တွင် နိုင်ငံသားတိုင်း သည် နိုင်ငံတော်ကချမှတ်သည့် ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှု ကို ခံယူခွင့်ရှိသည်ဟု အတိအလင်း ဖော်ပြထားပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကျန်းမာရေးဦးစီးမှူးရုံး၊ ကျေးလက်ကျန်းမာရေးဌာန (တာဟန်း) လေးထပ်အဆောက်အဦသည် အလျား ၁၂၀ ပေ၊ အနံ ၄၀ ပေ ဖြစ်ပြီး ၂၀၂၃ ဘဏ္ဍာရေး နှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အပ်နှင်းသည့်လုပ်ငန်းကိုဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်လုပ်ငန်းရှင်ဌာနသို့လုပ်ငန်း နှင့် ရန်ပုံငွေ ကျပ် ၃၁.၈၀၀ သန်းအား ပြန်လည်အပ်နှံကြောင်း သိရှိရပါကြောင်း။
သို့ဖြစ်ပါ၍ (၁) ကျန်ရှိနေသည့်လုပ်ငန်း များဖြစ်သည့် အမိုးမိုးခြင်း၊ ပြူတင်းပေါက်များ တပ်ဆင်ခြင်း၊ မီးလိုင်း၊ ရေလိုင်းများတပ်ဆင်ခြင်း၊ မျက်နှာကြက်နှင့်ဆေးသုတ်ခြင်း စသည့်လုပ်ငန်း များကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောက်လုပ်ပေးမည်၊ (၂)ဖော်ပြပါ အဆောက်အဦ ဟောင်းများကို ဖျက်သိမ်းပြီး ဝန်ထမ်းအိမ်ရာသစ်များနှင့်ဆိုင်သည့် အဆောက်အဦများ ဆောက် လုပ်ပေးရန်နှင့် ဆေးရုံလုံခြုံရေးအတွက် ခြံစည်းရိုးအား အုတ်တံတိုင်းဖြင့်ကာရံပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်ပေးမည်ကို သိရှိ လိုပါကြောင်း၊ (၃) အဆိုပါကျေးလက်ကျန်းမာရေးဌာန တာဟန်းတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်ကျန်းမာရေးမှူးတစ်ဦး၊ သားဖွားဆရာဝန်မများ၊ ဌာနစောင့်တစ်ဦးတို့အား မည်သည့် အချိန်တွင် ခန့်အပ်ထား မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး(တာဟန်း) လေးထပ် ဆောင်ဆောက်လုပ်နေမှုအား ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ဆောက် လုပ်နိုင် ရန်အတွက် ၂၀၂၆-၂ဝ၃ဝ (၅)နှစ်တာစီမံကိန်းတွင် ထည့်သွင်းလျာထားပြီးဖြစ်ပကြောင်း၊ ကျေးလက် ကျန်းမာရေးဌာန(တာဟန်း) စံကိုက်အဆောက်အဦဆောက်လုပ်ပေးနိုင်ရန် ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးမှူး ၄၃ ဦး ခန့်ထားပေးလျက်ရှိပြီး တာဟန်း ကျေးလက်ကျန်းမာရေးဌာနတွင် အမျိုးသမီးကျန်းမာရေးဆရာမ ၁ ဦး၊ သားဖွားဆရာမ ၁ ဦး၊ ကျန်းမာ ရေးမှူး(၄) ၂ ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၃၇ မြို့နယ်ရှိပြီး တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် မိမိတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျန်းမာရေးမှူးများအား လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို ပြောင်းရွှေ့တာဝန်ချထားပေးခြင်း များ ဆောင်ရွက်လျက်ရှိရာ တာဟန်းကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူး ဒေါ်နန်းမိုး ထွေး အား ၆-၁၀-၂၀၂၆ ရက်နေ့တွင် တာဝန်ချထားပြီးဖြစ်ပါကြောင်း ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကလေးခရိုင်၊ တာဟန်းကျေးလက်ကျန်းမာရေးဌာနတွင် လစ်လပ် လျက် ရှိ သည့် ဌာနစောင့် ၁ ဦး ခန့်ထားပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ နေ့စားဝန်ထမ်း ၇ ဦးကို အမြဲတမ်းဝန်ထမ်းများအဖြစ်သို့ ခန့်ထား ပေးရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးလက်ကျန်းမာရေးဌာနများလည်း သားဖွားဆရာမများ တိုးမြှင့် ခေါ်ယူလျက်ရှိပါကြောင်း၊ ဥက္ကဋ္ဌကြီးထံသို့လည်း ပထမအကြိမ်လာတုန်းက တင်ပြပြီး ဖြစ်ပါ ကြောင်း၊ နောင်တွင်လည်း သားဖွားများက ပိုပြီး မွေးထုတ်လာနိုင်မည်ဖြစ်သည့်အတွက် တချို့ သားဖွားဆရာမလိုအပ်ချက်ရှိသည့် နေရာများတွင်လည်း ဖြည့်ဆည်းခန့်ထားပေးမည် ကြောင်း ကိုတစ်ပါတည်းတင်ပြလိုပါကြောင်း၊ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့် ပျက်စီး နေ သည့် အဆောက်အဦများကို အမြန်ဖျက်သိမ်းပြီး လုံခြံရေးအတွက် ခြံစည်းရိုးကာရံမည့် ကိစ္စများ ကိုလည်း လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဘဏ္ဍာငွေရရှိမှုအခြေအနေပေါ်မှာမူတည်ပြီး ဆက်လက် ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။