တရားမဝင် ပြည်ပအလုပ်သမားများလျှော့ချရန်နှင့် ပြည်ပအလုပ်သမားများ၏ လစာဝင်ငွေ နိုင်ငံသို့ လွှဲပြောင်းရာတွင် အစိုးရဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်သူ ကိန်းဂဏန်းအရေအတွက်သည် အမျိုးမျိုးကွဲပြားလျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ခန့်မှန်းချက်မှ ၄.၃၂ သန်းခန့်၊ အလုပ်သမား ဝန်ကြီးဌာနမှ ၂.၅၈ သန်းခန့်ရှိကြောင်းနှင့် တခြားသောသတင်းအရင်းအမြစ်များမှ ၅ သန်းခန့်ရှိ ကြောင်း၊ အဆိုပါပမာဏသည် နိုင်ငံ့လူဦးရေ၏ ၇.၉၈ ရာခိုင်နှုန်းရှိပါကြောင်း၊ အဆိုပါ ပြည်ပရောက် အလုပ်သမားများ၏ နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးပို့ငွေသည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၂.၅၄ သန်းရှိ ကြောင်း၊ တစ်ဦးချင်းလွှဲပို့ငွေပျမ်းမျှ ၅၉၁ ဒေါ်လာရှိသည်ဟု သိရှိရပါကြောင်း။
နိုင်ငံတော်ဗဟိုဘဏ်စာရင်းဇယားအရ ပြည်ပအလုပ်သမားများ၏ မိသားစုထံသို့လွှဲပို့ငွေ Remittance သည် နိုင်ငံတော်၏ Non Trade ဝင်ငွေပမာဏ၏ ၁၅ ရာခိုင်နှုန်းပါဝင်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံခြားငွေစီးဝင်မှုသည် ပို့ကုန်ရငွေ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) နှင့် ပြည်ပရောက်အလုပ်သမားများ၏ ငွေလွှဲပြောင်းမှုတို့သည် အဓိကအစိတ်အပိုင်းတွင်ပါဝင်လျက်ရှိ ပါကြောင်း၊ ၊ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် Remittance သည် ဒေါ်လာ ၃၅.၄၃ ဘီလီယံရှိ၍ ပြည်ပတွင်လည်း အလုပ်သမားဦးရေ ၈ သန်းကျော် လုပ်ကိုင်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် Remittance သည် ဒေါ်လာ ၃၂.၈၀ ဘီလီယံ ရှိ၍ နိုင်ငံခြားအရံစုဆောင်းငွေပမာဏနှင့် ညီတူ ခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် တချို့နိုင်ငံတွင် ပြည်ပရောက်အလုပ်သမားများ အရေးသည် အရေးပါသည့်ကဏ္ဍတွင်ရှိသည့်အတွက် ဝန်ကြီးဌာန အဆင့်ဖွဲ့စည်းဆောင်ရွက်လာ သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ဦးစီးဌာနကြီး၏အောက်တွင် ဌာနတစ်ခုအဖြစ် ဖွဲ့စည်း ဆောင်ရွက်သည်ကို သိရှိရသည့်အတွက် ဝန်ကြီးဌာနတစ်ခုမဖွဲ့နိုင်လျှင်လည်း ညွှန်ကြားရေးမှူးချုပ် တစ်ယောက်ဦးစီး၏ဌာနကြီးတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြရပါကြောင်း။
နိုင်ငံမှ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် တရားဝင်လမ်းကြောင်းဖြစ်စေ၊ တရားမဝင်လမ်းကြောင်းဖြစ်စေ သွားရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်း၊ တရား ဝင်လမ်းကြောင်းသည် သွားရောက်လုပ်ကိုင်သည့်သူများ၏ သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးနှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ပါကြောင်း၊ တရားမဝင်လမ်း ကြောင်းမှ သွားရောက်လုပ်ကိုင်သူများအတွက် တစ်ဖက်နိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း များရှိသည့်အတွက် တရားမဝင် အလုပ်သမားများ လျော့ နည်းပပျောက်ရေးအတွက်လည်း နည်းလမ်းဆန်ဆန် ဆောင်ရွက်ပေးရန်လည်း တင်ပြလိုပါ ကြောင်း၊ ၎င်းတို့ကပေးပို့သည့်ငွေများသည်လည်း Hundi စနစ်ဖြင့် ပေးပို့ကြသည့်အတွက် နစ်နာမှုများ၊ ဆုံးရှုံးမှုများ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ထို့ကြောင့် တရားမဝင်သွားရောက် လုပ်ကိုင်သူများကိုလည်း အပြည့်အဝကာကွယ်စောင့်ရှောက်ရန်လိုပါကြောင်း၊ နိုင်ငံအစိုးရအချင်း ချင်း သဘောတူညီ ချက်ဖြင့် စေလွှတ်၍ အလုပ်လုပ်ခွင့်ရအောင် ဆောင်ရွက်ပေးရန်လည်း တင်ပြ ပါကြောင်း၊ နိုင်ငံတော်မှ အသိအမှတ်ပြုရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ဆိုလျှင် သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနကိုယ်တိုင် ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်ကြမည့် အလုပ်သမားများကို လေဆိပ်တွင်သွားရောက်တွေ့ဆုံသည်များ လုပ်ဆောင်သည်များရှိသလို သမ္မတ ကိုယ်တိုင် ၎င်းတို့ကို နိုင်ငံ၏သူရဲကောင်းများအဖြစ် အသိအမှတ်ပြုခြင်း ခံရသည်များလည်းရှိပါ ကြောင်း၊ ထိုသည်လည်း မိမိတို့နိုင်ငံ အတွက် အတုယူစရာနည်းလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊
မိမိအနေဖြင့် ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်သူများအတွက် ကြယ်ပွင့်ပြမေးခွန်းမေး မြန်းရသည့် ရည်ရွယ်ချက်မှာ -
(၁) ပြည်ပရောက်အလုပ်သမားတစ်ဦးချင်းစီကို မိမိနိုင်ငံ၏ အချုပ်အခြာသက်ရောက်စေမှုဖြင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်၊
(၂) ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊
(၃) ပြည်ပရောက်အလုပ်သမားများအတွက် ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရန်၊
(၄) နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေအရင်းအနှီးများ ပြန်လည်စီးဝင်စေရန်နှင့် သတ်မှတ် အခွန်အခများ ရရှိစေရန်အတွက် ဖြစ်ပါကြောင်း။
နိုင်ငံသားများ ပြည်ပသို့ အလုပ်အကိုင်သွားရောက်ရာတွင်ဖြစ်စေ၊ အကြောင်းတစ်ခုခု ကြောင့် မိမိနိုင်ငံသို့ ခေတ္တပြန်လာရာတွင်ဖြစ်စေ၊ အပြီးအပိုင် ပြန်လည်ဝင်ရောက်လာရာတွင်ဖြစ်စေ ကူညီစောင့်ရှောက်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ၎င်းတို့၏လုပ်ခလစာများ နှင့် မိသားစု ထံသို့ တခြားကိစ္စရပ်များအတွက်ဖြစ်စေ လွှဲပြောင်းပေးရာတွင်လည်း Hundi စနစ်အစား အစိုးရမှ အသိအမှတ်ပြုထားသည့် သက်ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းမှ လွှဲပြောင်းပေး ပို့နိုင်ရန် အားပေးတိုက်တွန်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်ပရောက် အလုပ်သမားများအရေးအတွက် ဖော်ပြပါအချက်အလက်များဖြင့် အောက်ဖော်ပြပါ ကြယ်ပွင့်ပြ မေးခွန်း ၃ ခုကို မေးမြန်းတင်ပြအပ်ပါကြောင်း-
(၁) ပြည်ပသို့ အလုပ်သမားများစေလွှတ်သည့်အခါ နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီချက် ဖြင့် ဆောင်ရွက်စေလွှတ်နိုင်ရေး အစီအစဉ် ရှိ မရှိ၊
(၂) တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် သွားရောက်သည့် ပြည်ပအလုပ်သမားများ လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်နှင့်
(၃) တရားဝင်ခွင့်ပြုထားသော ငွေကြေးဝန်ဆောင်မှုပေးနိုင်မည့် အဖွဲ့အစည်းများမှတစ်ဆင့် အပြည့်အဝလွှဲပြောင်းနိုင်ရေး အစီအမံတို့အား သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့”ဆိုသည့် မူဝါဒချမှတ်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင် တိုးတက်လာသည့်လုပ်ငန်းအသစ်များ အတွက် လိုအပ်လာသည့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းကောင်းများကိုရှာဖွေပြီး သင့်တော် သည့် အလုပ်သမားများခန့်ထားနိုင်ရေး၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးကောင်းမွန်၍ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားများ တိုးတက်လာ စေရန်နှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်အတွက် ဆောင်ရွက် သကဲ့ သို့ ပြည်ပ တွင်လည်း သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်း သစ်များရရှိ စေရန်နှင့် ဘေးကင်း လုံခြုံသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားများသွားရောက် အလုပ်လုပ်ကိုင် ရာတွင် ဘေးကင်းလုံခြုံသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် အလုပ်သမားစေလွှတ်သည့် နိုင်ငံနှင့် လက်ခံသည့် နိုင်ငံတို့အကြား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး ဆောင်ရွက် လျက်ရှိရာ ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက တယ်ဟုန်ပြည်နယ်အစိုးရခွဲ၊ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံတို့နှင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ Amendment ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ ကာတာနိုင်ငံ၊ ရုရှားနိုင်ငံ တို့နှင့်လည်း လက်မှတ်ရေးထိုး နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ပသို့ လုပ်သားများ တရားဝင်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်သမားလက်ခံ သည့်နိုင်ငံများကို အလုပ်သမားရေးရာဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်အညီ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ၏ တာဝန်ခံမှုနှင့်သာစေလွှတ်ခဲ့ခြင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက် လုပ်ကိုင်သည့်အလုပ်သမားများအတွက် လုပ်ငန်းခွင်၏ အလုပ်ခေါ်စာ မှန်ကန်မှုရှိစေရန်နှင့် အလုပ်သမားသံအရာရှိများမှ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်ခေါ်စာများသည် စိစစ်ပေးခြင်း၊ သံအရာရှိ မထားသည့်နိုင်ငံများအတွက် မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှတစ်ဆင့် စိစစ်ပေးပြီး လက်ခံနိုင်ငံများ၏ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်ပသို့အလုပ်သမားများ တရားမဝင်သွားရောက်လုပ်ကိုင်မှု လျှော့ချနိုင်ရန်အတွက်လည်း ဝန်ကြီးဌာနသည် တရားမဝင်လုပ်သားစေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ များကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်အရေးယူခြင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားအများစုသည် ပညာအရည်အချင်းအားနည်းသော်ကြောင့် တရားမဝင်သွားရောက်မှု သည် လူကုန်ကူးမှု၏ သားကောင်များဖြစ်နိုင်ကြောင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရရှိနိုင်ကြောင်း ဂျာနယ်၊ သတင်းစာ၊ Facebook၊ Telegram၊ Tiktok စသည့် Social Media များ အသုံးပြု၍ အသိပညာပေးခြင်း၊ ပြည်နယ် တိုင်းဒေသကြီးများတွင်ဖွင့်လှစ်ထားသည့် Migrant Resource Centre (MRC) ရုံးများမှတစ်ဆင့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် အလုပ်သမားလက်ခံရာနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှ ဆက် သွယ်ခြင်း၊ အလုပ်သမားဝန်ကြီး ဌာနများအချင်းချင်း ချိတ်ဆက်ခြင်းတို့ဖြင့် တရားမဝင်အလုပ်သမား များသည် အလုပ်ရှင်များမှ မခန့်ထားရန်ညှိနှိုင်းခြင်း၊ ILO မှ ပြဋ္ဌာန်းထားသော Convention များနှင့် မညီကြောင်း ပြောကြား ဆွေးနွေးခြင်းတို့သည် Bilateral Meeting များတွင် ထည့်သွင်း ပြောကြားလျက်ရှိပါကြောင်း၊ ရှေ့လျောက်လည်း ပြောကြားသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရားမဝင်အလုပ်သမား အများဆုံးသွားရောက် လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်၍ တရားမဝင်ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများသည် တရားဝင် အထောက်အထားများရရှိအောင် Certificate of Identity-CI စခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံတွင် CI စခန်း ၅ ခုကို မနေ့ကစတင်၍ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံများမှာရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အထောက် အထားများရရှိစေရေးကိုလည်း CI စခန်းများ ဖွင့်လှစ်ပေးရေးကို ဆက်လက်၍ နှစ်နိုင်ငံချင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာ ငွေများ ကို ၎င်းတို့၏မိသားစုများထံသို့လွှဲပို့နိုင်ရန်အတွက် နည်းလမ်း ၂ မျိုးဖြင့်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ AD လိုင်စင်ရဘဏ်များနှင့် နိုင်ငံတကာငွေလွှဲ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ဆောင် ရွက်သည့် ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း (Inbound) နှင့် ကုမ္ပဏီများသည် ပြည်ပငွေ လွှဲလုပ်ငန်း လိုင်စင် (Remittance Business License-RBL) ခွင့်ပြုခြင်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးဥပဒေအရ ပြည်ပငွေလွှဲလုပ်ငန်းဝန် ဆောင်မှုဆောင်ရွက်ရန် အတွက် AD လိုင်စင်ရဘဏ်များမှတစ်ဆင့်တင်ပြလာလျှင် စိစစ်ခွင့်ပြု ပေးလျက်ရှိ၍ ကုမ္ပဏီများမှ တစ်ဆင့်တင်ပြလာလျှင် စိစစ်၍ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လက်ရှိ တွင် AD လိုင်စင်ရဘဏ် ၁၆ ခုကို ဝန်ဆောင်မှုဆောင်ရွက်မည့် နိုင်ငံများအလိုက် နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပြည်ပငွေလွှဲလုပ်ငန်း ဆောင် ရွက်ခွင့်ပြုထားပါကြောင်း၊ ထို့အပြင် ကုမ္ပဏီ ၁၈ ခုကို ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်မည့် နိုင်ငံ အလိုက် ပြည်ပငွေလွှဲလုပ်ငန်းများ လိုင်စင်ခွင့်ပြုထားပါကြောင်း။
AD လိုင်စင်ရဘဏ် ၁၆ ဘဏ်နှင့် ပြည်ပငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုဆောင်ရွက်နိုင်သည့် နိုင်ငံများတွင် အမေရိကန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ UK ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနိုင်ငံ စသည့်နိုင်ငံများဖြစ်၍ Worldwide အနေဖြင့်လည်း ဆောင်ရွက်နိုင်ရန် ခွင့်ပြုထားပါကြောင်း၊ AD လိုင်စင်ရဘဏ်များနှင့် Worldwide အနေဖြင့် ငွေလွှဲ ဝန်ဆောင်မှုဆောင်ရွက်နိုင်သည့် နိုင်ငံတကာငွေလွှဲအဖွဲ့အစည်းများဖြစ်သော Western Unionı IME। Moneygramı LIGHTNETI Transfer To Mobile Financial Service L.t.d; ၊ Merchantrade Asia စသည်တို့မှ ငွေလွှဲခြင်းကိုလည်း ဆောင်ရွက်နိုင်ပါကြောင်း။
နိုင်ငံခြားကုန်သွယ်မှုဘဏ်အတိုင်း မြန်မာ့စီးပွားရေးဘဏ်သည်လည်း ပြည်ပအလုပ်သမား များထံမှ မိသားစုလွှဲပို့ငွေတရားဝင်လွှဲပြောင်းမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ စီးပွားရေး ဘဏ်သည် မလေးရှားနိုင်ငံနှင့် ပြည်ပငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုဆောင်ရွက်ရန် နိုင်ငံတ ကာငွေလွှဲ အဖွဲ့အစည်းများဖြစ်သော International Money Express-IME ခွင့်ပြုထား ပါကြောင်း၊ ပြည်ပ ငွေလွှဲလုပ်ငန်းလိုင်စင်ရကုမ္ပဏီ ၁၈ ခုများဖြင့် စင်္ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ပြည်ပငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ပရောက်မြန်မာအလုပ်သမားများ၏ မိသားစုပြန်လည်လွှဲပို့ ငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံကျော်ဖြစ်ပြီး ယခုနှစ်တွင်လည်း ထိုနည်းတူစွာ ရရှိအောင် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရရှိသည့် မိသားစုလွှဲပို့ငွေ Remittance များကိုလည်း နိုင်ငံတော်နှင့် နိုင်ငံသား များ၏အကျိုးအတွက် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးနှင့် လျှပ်စစ်ထုတ်လုပ်ရာတွင်အသုံးပြုသည့် LNG ဓာတ်ငွေ့များ ဝယ်ယူသည့်နေရာတွင် သုံးစွဲရန် အတွက် နိုင်ငံတော်မှ အကျိုးရှိရှိဆောင်ရွက်နေကြောင်း ကိုလည်း တစ်ဆက်တည်း တင်ပြလိုပါ ကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် အလုပ်သမားများ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရာ တွင် တရားဝင်လမ်းကြောင်းများမှ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး၊ တရားမဝင်လမ်းကြောင်းမှ သွားရောက်မှုလျှော့ချနိုင်ရေး၊ ပြည်ပကိုရောက်ရှိနေသည့် တရားမဝင်အလုပ်သမားများကိုလည်း တရားဝင် အထောက်အထားများရရှိရန်အတွက် နှစ်နိုင်ငံချင်းညှိနှိုင်း၍ ဆက်လက်ပြီး ဆောင်ရွက်ရန် နှင့် ပြည်ပရောက်အလုပ်သမားများထံမှ မိသားစုလွှဲပို့ငွေသည် တရားဝင်လွှဲပို့နိုင်ရန်အတွက် နိုင်ငံပိုင်ဘဏ် ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိက AD လိုင်စင်ရဘဏ်များမှတစ်ဆင့်၊ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရကုမ္ပဏီများမှတစ်ဆင့် လွှဲပြောင်းပေးပို့နိုင်ကြောင်း ပြန်လည်း ဖြေကြားခဲ့ပါသည်။