MY EN

(ဃ)-ဒေါက်တာဌေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)

2026-10-15
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာဌေးဝင်း (အင်္ဂပူ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အင်္ဂပူမြို့နယ်၊ မိုးကောင်းကွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် RC တစ်ထပ် ဆောင်ချထားပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းဒေသ၊ သက္ကယ်ပြင် (မဲ)အုပ်စု၊ မိုးကောင်း ကွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသားဦးရေနှင့် ကျောင်း ဖွဲ့စည်းပုံအရ စာသင်ဆောင်မလုံလောက်ပါသဖြင့် (၁၂၀ x ၃ဝ) ပေ RC တစ်ထပ်စာသင်ဆောင် တစ်ဆောင်ချ ထားပေးရန် အစီအစဉ် ရှိ မရှိ သိရှိလို ပါကြောင်း။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းဒေသ၊ သက္ကယ်ပြင်(မဲ)အုပ်စု၊ မိုးကောင်းကွင်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းသည် အခြေခံပညာဦးစီးဌာန၏ ၁၈-၈-၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ဌာနစု ၁(ခ)၇၄၂၀ ကျောင်းတုန်း ၂၀၂၂ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အလယ်တန်း ကျောင်းသက်တမ်းနုနယ်သေးသော်လည်း ဆရာ၊ ဆရာမများ၏ စည်းကမ်းကောင်းမွန်မှု၊ ကျောင်း သင်ခန်းစာများအားထည့်သင်ကြားမှု၊ ကျောင်းသားမိဘများပံ့ပိုးအားကောင်းမှုတို့ကြောင့် နှစ်စဉ် ကျောင်းသားများ အင်အားတိုးတက်များပြား လာ သည်ကိုတွေ့ရပါကြောင်း၊ ၎င်း အလယ်တန်း ကျောင်းတွင် မူလက (၁၂၀ x ၃ဝ) ပေ စာသင်ဆောင်တစ်ဆောင်ကို ၂၀၀၄ ခုနှစ်တွင် ဖွင့်လှစ် ဆောက်လုပ် ပေးခဲ့ပြီး နောက်ထပ် (၉ဝ x ၃ဝ)ပေ တစ်ဆောင်ကို ၂၀၁၄ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနမှ ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ဤကျောင်း၏ ကျောင်းသားဦးရေမှာ ၂၅၀ ကျော်ရှိပြီး စာသင်ခန်း ၁၀ ခန်း လိုအပ်သည်ဖြစ်ရာ ကျောင်းသားဦးရေနှင့် စာသင်ခန်း လုံလောက်မှုမရှိသည့် အတွက်ကြောင့် ရပ်ရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာမကြီးနှင့် ဆရာ ဆရာမ များ၏ငွေကြေးထည့်ဝင်မှု ကျေးရွာ လူထုအကူအညီဖြင့် ပေ ၃၀ ပတ်လည် ယာယီသစ်သားဆောင် နှစ်ဆောင်ဆောက်လုပ်ပြီး ကလေးများအား စာသင်စေခဲ့ရာ ကျပ်တည်းစွာဖြင့် စာသင်ကြား ခဲ့ရပါကြောင်း။

ယခုအခါ အထက်ပါယာယီသစ်သားဆောင် နှစ်ဆောင်မှာလည်း နှစ်ကြာလာသည် နှင့်အမျှ ရာသီဥတုဒဏ်၊ လေမိုးဒဏ်တို့ကြောင့် ယိုယွင်းပျက်စီးလာပြီဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသားဦးရေပိုမိုများပြား လာသည့်အတွက် စာသင်ဆောင်ထပ်မံ လိုအပ် မည်ဖြစ်ပါကြောင်း၊ ကျောင်းတိုးချဲ့ဆောက်လုပ်ရန်အတွက် အလှူရှင်တစ်ဦးမှာ ခြံမြေ လှူဒါန်း ထားပြီးလည်း ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းထားမှုအရ နောက်ထပ်တိုးချဲ့ ဆောင် အဖြစ်နှင့်  (၉ဝ x ၃ဝ)ပေ RC တစ်ထပ် စာသင်ဆောင် တစ်ဆောင်ချထားပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ပညာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်  က

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းတည်ဆောက်ရေး ခွင့်ပြုရန်ပုံငွေ ၅၇.၉၅ ဘီလီယံ ဖြင့် လုပ်ငန်း ၂၄၁ ခုကို လက်ရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက် သည့်နေရာတွင် အင်္ဂပူမြို့နယ်အတွက် လုပ်ငန်းစုစုပေါင်း ၁၀ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁,၆၀၀ သန်း ပါဝင်ပါကြောင်း။

အင်္ဂပူမြို့နယ်၊ မိုးကောင်းကွင်း - အခြေခံပညာအလယ်တန်းကျောင်း ၏ မြေဧကတွင် ၀.၅၂ ဧက ကျယ်ဝန်းပြီး လက်ရှိစာသင်ဆောင်များနှင့် လျာထားအဆောက်အဦ Google Map တည်နေရာ မြေပုံကို ဖော်ပြပါအတိုင်း တင်ပြအပ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မိုးကောင်း ကွင်း - အခြေခံပညာ အလယ်တန်းကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား ၁၅၀ ဦး၊ အလယ်တန်း အဆင့် ကျောင်းသား ၁၅၉ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၃၀၉ ဦးရှိပါကြောင်း၊ ကျောင်း ဆောင်များအနေနှင့်  အဆိုပါကျောင်းတွင် (၁၂၀ x ၃၀)ပေ အုတ်ညှပ်တစ်ထပ်၊ (၆၀ x ၃ဝ)ပေ RC တစ်ထပ် နှင့် ယာယီ ဆောင် တစ်ဆောင် စုစုပေါင်းကျောင်းဆောင် ၃ ဆောင်ရှိပြီး စာသင်ခန်း ၈ ခန်းနှင့်  သင်ကြားသင်ယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ကြောင့် အခြေခံပညာအလယ်တန်းကျောင်းရှိ ယာယီဆောင်တွင် စာသင်ခန်း ၃ ခန်း နှင့် ပညာ သင်ကြားနေရကြောင်း၊ ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် မြေအနေအထားအရလည်း လိုအပ်နေသည့် အတွက်ကြောင့် (၉ဝ x ၃ဝ) ပေ RC တစ်ထပ် ဆောက်လုပ်နိုင်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းတည်ဆောက်ရေးဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစားပေး အလိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။