MY EN

(င)- ဒေါ်မြင့်သန်း(ရေးမဲဆန္ဒနယ်)

2026-10-14
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဒေါ်မြင့်သန်း (ရေး မဲဆန္ဒနယ်) မွန်ညီညွတ်ရေးပါတီ

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ၃ခုတို့တွင်လိုအပ်နေသော ဆေးတက္ကသိုလ် ၁ ခု ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊  တနင်္သာရီ တိုင်းဒေသကြီး သုံးခုတို့တွင် လူဦးရေများပြားစွာနေထိုင်ကြပါကြောင်း၊ မိမိတို့ဒေသတွင် အထက်တန်းကျောင်းသား ကျောင်းသူများလည်း များပြားသည့်အပြင် ထူးချွန်ကျောင်းသားများစွာလည်း ထွက်ပေါ်ပါ ကြောင်း၊ မွန်ပြည်နယ်တွင် မြန်မာတစ်နိုင်ငံလုံး နှစ်ပေါင်းမြောက်မြားစွာ ပထမရသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ အထက်ပါဒေသကြီး ၃ ခုတွင် ဆေးတက္ကသိုလ်မရှိသဖြင့် ထူးချွန် ကျောင်းသား ကျောင်းသူများအတွက် ဆေးကျောင်းတက်ရောက်နိုင်ရန် အခက်အခဲများစွာ ရှိနေသည့် အပြင် တက်ရောက်နေသည့် ကျောင်းသားလူငယ်များသည် မကွေးဆေးတက္ကသိုလ်၊ ရန်ကုန်ဆေး တက္ကသိုလ် (၂)သို့ တက်ရောက်နေကြပါကြောင်း၊ မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ၏ တတိယမြို့ တော်ဖြစ်ခဲ့သည့်အလျောက် ဆေးတက္ကသိုလ်တစ်ခု အမြန်ဆုံးလိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တွင် အထက်မြန်မာပြည်ဟုပြောသည့် မန္တလေး၊ တောင်ကြီး၊ မကွေး၊ ရန်ကုန်ဆေး (၁)၊ ဆေး(၂) တို့ရှိပါကြောင်း၊ လူဦးရေထူထပ်သည့် အောက်မြန်မာပြည်တွင် ဆေးတက္ကသိုလ် ၁ ခု အမှန်တကယ် လိုအပ်လျက်ရှိနေပါ၍ အစိုးရအနေဖြင့် ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပြည်သူလူထု ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်များကို လုံလောက်စွာ မွေးထုတ်ပေးနိုင်ရေး အတွက် ဆေးတက္ကသိုလ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ခု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၁ ခု၊ ရှမ်းပြည်နယ်တွင် ၁ ခုတို့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း ဆေးသိပ္ပံပညာမဟာဌာန Faculty of Medicine ကို ၂၃-၁၁-၂၀၂၃ ရက်၌ ထပ်မံဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ လက်ရှိ မိမိ ဖော်ပြခဲ့သည့် တက္ကသိုလ်ကြီးများ သည် ဆေးပညာဘွဲ့ကြိုသင်တန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈,၄၇၅ ဦးတို့ကို ဆေးပညာသင်ကြားပေးလျက်ရှိပါကြောင်း။

တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆေးတက္ကသိုလ် ခွဲဝေနေရာချထားပေးရာတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးစသည့် မြန်မာ နိုင်ငံအောက်ပိုင်းရှိ တိုင်းဒေသကြီးပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင်သော ကျောင်းသားကျောင်းသူများအား သွားလာရေး အဆင်ပြေလွယ်ကူစေရန်နှင့် ပညာသင်ယူမှု အဆင်ပြေ စေရန်အတွက် မြန်မာနိုင်ငံအောက်ပိုင်းရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန် တို့ကို လွန်ခဲ့သော ၁၅ နှစ်ခန့်ကတည်းက ခွဲဝေနေရာချထား၍ တက်ရောက်စေပြီးဖြစ်သဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူဦးရေအနေဖြင့် တစ်နှစ် လျှင် ပျမ်းမျှ ကရင် ပြည်နယ်မှ ငါးဦး၊ မွန်ပြည်နယ်မှ ၄၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ခုနစ်ဦးသာ ရှိခဲ့သဖြင့် အဆိုပါ ဒေသကြီး ၃ ခုအတွက် နောက်ထပ်ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်းနှင့် နောင်အခါ နိုင်ငံတော်၏လိုအပ်ချက်အပေါ် မူတည်၍ စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။