MY EN

(ဂ) - ဦးအောင်ကျော်သူ(မလှိုင်မဲဆန္ဒနယ်)

2026-10-14
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်ကျော်သူ (မလှိုင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မလှိုင်မြို့နယ်ရှိ မိတ္ထီလာ-မလှိုင်-မြင်းခြံလမ်းမကြီးမှ ထန်းပင်ကန်ကျေးရွာသို့ ဆက်သွယ်သည့် ကတ္တရာ လမ်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

လက်ရှိ မိတ္ထီလာ-မလှိုင်-မြင်းခြံကားလမ်းမှ မိုင်တိုင်အမှတ် ၁၆ မိုင် ၆ ဖာလုံတွင်ရှိ လမ်းမကြီးမှ ထန်းပင်ကန်ကျေးရွာကို ဆက်သွယ်ဖောက်လုပ်ထားသည့် ပုဂ္ဂလိကအလှူရှင် လှူဒါန်းထားပြီး ပျက်စီးနေသည့် လမ်းမကြီးကို လွန်ခဲ့သည့် ၂၂ နှစ် မှစပြီး ပုဂ္ဂလိက အလှူရှင် လှူဒါန်းခဲ့ တာဖြစ်ပြီး စတင်ဖောက်လုပ်ခဲ့သည့်အချိန်မှ ယနေ့အချိန် အထိ ပြန်လည်ပြုပြင်မွမ်းမံ ထိန်းသိမ်းမှု မရှိသည့်အတွက် လမ်း၏မျက်နှာပြင်များ ဆိုးရွားစွာပျက်စီး နေပြီး တချို့နေရာတွင် ရေတိုက်စား သည့် အတွက် ရေစီးကြောင်းများနှင့် ရေကျော်များ ဖြစ်ပေါ်နေခြင်း တို့ကြောင့် လမ်းအသုံးပြုသူ ပြည်သူလူထုသွားလာမှု ခက်ခဲခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါလမ်းမကြီး အလုံးစုံ ပျက်စီးသွားမှုမဖြစ်စေရေး လိုအပ်သောပြုပြင်မွမ်းမံမှုများ အချိန်မီဆောင်ရွက်ရန်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း။ 

ဖော်ပြပါလမ်းသည် မိတ္ထီလာ- မလှိုင်-မြင်းခြံကားလမ်းမကြီး မိုင်တိုင် ၁၆ မိုင် ၆ ဖာလုံတွင် တည်ရှိပြီး ထန်းပင်ကန်ကျေးရွာကို ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းဖြစ်ပြီး အရှည် ၂.၁ မိုင် ရှည်လျားပါကြောင်း၊ လွန်ခဲ့သည့် ၂၂ နှစ်ခန့်က ပုဂ္ဂလိကအလှူရှင်မိသားစုတစ်ခုက ဖောက်လုပ် လှူဒါန်းခဲ့တာဖြစ်ပြီး ၎င်းလမ်းကို ဆက်စပ်အသုံးပြု နေသည့် ထန်းပင်ကန်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၆ ရွာ၊ အိမ်ခြေ၊ အိမ်ထောင်စု ၂,၀၁၉ စု၊ လူဦးရေ ၉,၇၄၆ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် တခြားသောလူမှုရေးကိစ္စများ ဆောင်ရွက်ရာ တွင် များစွာအကျိုးပြုအသုံးဝင်လျက်ရှိသည့် လမ်းမကြီးလည်းဖြစ်ပါကြောင်း၊ ကျေးရွာဒေသခံ ပြည်သူလူထုသာမက မလှိုင်မြို့ပေါ်မှ မန္တလေးမြို့ကို နေ့စဉ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် များ၊ တခြားကိုယ်ပိုင်ယာဉ်များလည်း အဆိုပါလမ်းကို အသုံးပြုပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင် ၃၀၁ မိုင် ၁ ဖာလုံကို ချိတ်ဆက်တက်ရောက်ပြီး သွားလာဆက်သွယ်မှုများ ပြုလုပ်နေ သည့်အတွက် ဒေသခံပြည်သူလူထုအတွက် အကျိုးပြုသည့် လမ်းမကြီး ဖြစ်ပါကြောင်း၊ အလှူရှင် ဖောက်လုပ်လှူဒါန်းပြီးနောက်ပိုင်းတွင် ကာလကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းနှင့် ရာသီဥတု၊ ရေစီးကြောင်းတိုက်စားမှုဒဏ်များကြောင့် ယခုအခါလမ်း မျက်နှာပြင်များ ဆိုးရွားစွာပျက်စီး လျက်ရှိ နေခြင်း၊ ချိုင့်ခွက်များဖြစ်ပေါ်ပြီး တချို့နေရာများတွင် လမ်းပေါ်ကို ရေများကျော်ပြီး ဖြတ်သန်း စီးဆင်းသည့် အတွက် လမ်းမှာ ပိုမိုဆိုးရွားစွာ ပျက်စီး လျက်ရှိပါကြောင်း၊ ၎င်းလမ်းမကြီးကို အချိန်မီ ပြုပြင်ထိန်းသိမ်းခြင်းမပြုပါက တန်ဖိုးကြီးမား သည့်လမ်းမကြီးတစ်ခုလုံး လုံးဝပျက်စီးသွား နိုင်သည့် အခြေအနေများဖြစ်သည့်အတွက်ကြောင့် ဒေသခံပြည်သူလူထု၏ လိုလားတင်ပြချက်၊ ဒေသဖွံ့ဖြိုး ရေးအတွက် များစွာအထောက်အကူ ပြုနေသည့် ပုဂ္ဂလိကအလှူရှင်လှူဒါန်းထားသော လူထုအကျိုး ပြု ကတ္တရာလမ်းမကြီးတစ်ခု ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးကို ရည်ရွယ်ပြီး အဆိုပါ လမ်းမကြီး အား အမြန်ဆုံးပြုပြင် ထိန်းသိမ်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းဆောင်ရွက်ခြင်းများ၊ Box Culvert များ ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် ပေး နိုင်မည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

မလှိုင်မြို့နယ်၊ မိတ္ထီလာ-မြင်းခြံလမ်းမှ ထန်းပင်ကန်ကျေးရွာလမ်းသည် အစမှ အဆုံးထိ ၆ မိုင်နှင့် ၁ ဖာလုံရှိပါကြောင်း၊ မိတ္ထီလာ-မလှိုင်-မြင်းခြံကားလမ်းဘေးမှ ထန်းပင်ကန်ကျေးရွာလမ်း သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ဆက်သွယ်ထားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်ပါကြောင်း၊ ကတ္တရာလမ်း၄ မိုင် ၁ ဖာလုံ၊ မြေသားလမ်းက ၂ မိုင် စုစုပေါင်း အရှည် ၆ မိုင်နှင့် ၁ ဖာလုံရှိပြီး Class A အဆင့်ရှိသည့် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ထန်းပင်ကန် ကျေးရွာမှ ရိုးကျေးရွာကြား ကတ္တရာလမ်း ၄ ဖာလုံကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် လမ်းသည် ၂ မိုင် ၁ ဖာလုံရှိပါကြောင်း။

၂၀၀၄ ခုနှစ်တွင် ထန်းပင်ကန်ကျေးရွာမှာရှိသည့် အလှူရှင်တစ်ဦးမှ လှူဒါန်းငွေဖြင့် ကတ္တရာ လမ်းခင်းခဲ့သော်လည်း ကျေးလက်လမ်းစံနှုန်းအတိုင်း ဆောင်ရွက်မှုမရှိခဲ့သဖြင့် နှစ်ကာလ ကြာမြင့် လာသည့်အခါ တချို့နေရာများသည် နိမ့်ကျပျက်စီးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ထန်းပင်ကန် ကျေးရွာကို ဆက်သွယ်ထားသည့် ၂ မိုင် ၁ ဖာလုံအနက် ပျက်စီးနေသော လမ်းပိုင်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ အကန့်အသတ်ဘောင်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်ကနေစပြီး ကတ္တရာလမ်း ၁ မိုင်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။