ချောင်းဦးမြို့၊ နတ်ရေကန်-ဘလွေ-ကျောက်ဆစ်ကန်လမ်းမှ ကျောက်ခင်းလမ်းအား ပြန်လည် ပြုပြင် ပေးရန်နှင့် ကျန်ရှိသော မြေသားလမ်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိသည့် နတ်ရေကန်-ဘလွေ-ကျောက်ဆစ်ကန်လမ်းသည် အရှည် ၆ မိုင် ၄ ဖာလုံခန့်ရှိသည် ဒေသခံပြည်သူများ အဓိက အသုံးပြုရသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း၊ မုံရွာ-မန္တလေးလမ်း ပေါ်တွင် ရှိသည့် နတ်ရေကန် ရွာသို့ဆက်သွယ်ထားသည့် ကျေးလက်လမ်းတစ်လမ်း လည်းဖြစ်ပါ ကြောင်း၊ နတ်ရေကန် ရွာသည် ချောင်းဦးမြို့၏ အရှေ့ဘက် ၆ မိုင်အကွာအဝေးတွင် တည်ရှိပါကြောင်း၊ အဆိုပါလမ်းကြောင်း ကို ကျေးရွာသုံးရွာမှ ပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိပြီး လူဦးရေ ၃,၅၈၆ ဦးတို့၏ လူမှုဘဝနှင့် တိုက်ရိုက်ဆက်စပ်နေပါကြောင်း။
အဆိုပါလမ်းသည် ၆ မိုင် ၄ ဖာလုံ ရှည်လျား၍ ကျောက်ခင်းလမ်း ၂ မိုင် ၄ ဖာလုံခန့်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ဆောင်ရွက်ထားပေးခဲ့ပါကြောင်း၊ ဒေသခံများသည် အဆိုပါလမ်းတစ် လမ်းကို အားထားအသုံးပြုရသည့်အတွက် ယခုအချိန်တွင် ပြန်လည်ပြုပြင်မွမ်းမံပေးရန်နှင့် ကျန် မြေသားလမ်းအပိုင်းကို အဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ မြေသားလမ်းပိုင်း ၄ မိုင်ခန့် သည်လည်း မိုးရာသီကာလတွင် ရွှံနွံများထူထပ်ပြီး သွားလာရေးခက်ခဲခြင်း၊ ကျောင်းသား/ ကျောင်းသူ များ ပညာသင်ကြားရေးအတွက် ကန့်သတ်ချက်များဖြစ်ပေါ်စေခြင်း၊ နာမကျန်းဖြစ် လာလျှင် ဆေးရုံ ဆေးခန်းများသို့ အချိန်မီပို့ဆောင်ရန် အခက်အခဲရှိခြင်းနှင့် လယ်ယာနှင့် ထွက်ကုန်ပစ္စည်းများ ကို ဈေးကွက်သို့ သယ်ယူပို့ဆောင်ရာမှာလည်း ကုန်ကျစရိတ်မြင့်မားခြင်း စသည့် အခက်အခဲများကို ကျေးလက်နေပြည်သူများ ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း။
ဒေသခံပြည်သူ ၃,၅၈၆ ဦး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ပိုမို ကောင်းမွန်စေရန်အတွက် ချောင်းဦးမြို့နယ်အတွင်းရှိ နတ်ရေ ကန်-ဘလွေ-ကျောက်ဆစ်ကန်လမ်း ၆ မိုင် ၄ ဖာလုံမှ မြေသားလမ်း ၄ မိုင်ခန့်ကို ကျောက်ခင်းလမ်း ၁၆ ပေအကျယ်သို့ အဆင့်မြှင့်တင် ဖောက်လုပ်ပေးနိုင်ရေးနှင့် ကျောက်ခင်းလမ်းပိုင်း ၂.၄ မိုင်ခန့် ကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ရေး အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးသိုက်စိုး က
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်-ဘလွေ-ကျောက်ဆစ်ကန်လမ်း သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော အရှည် ၆ မိုင် ၄ ဖာလုံရှိသော Class A အဆင့်ရှိသည့်လမ်းဖြစ်ပါကြောင်း၊ ပျက်စီးနေသည့် ကျောက်လမ်း ၂ မိုင် ၃.၂၈ ဖာလုံကို ပြန်လည် ပြုပြင်ခြင်းနှင့် မြေသားလမ်း ၄ မိုင် ၀.၇၂ ဖာလုံကို ကျောက်လမ်းအဆင့်မြှင့် တင်နိုင်ရန်အတွက် နယ်မြေဒေသအခြေအနေအရ ကွင်းဆင်းပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်နိုင်ပါက ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။