MY EN

(င)-ဒေါက်တာရွှေပြည်စိုး[ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်]

2026-10-13
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာရွှေပြည်စိုး (ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံကြီးကို အထွေထွေပြည်သူ့ဆေးရုံကြီးအသွင် ပြုပြင်ရန် မည်သို့ဖြည့်ဆည်းပေးထားကြောင်း သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် စံကိုက်ဒေသန္တရဆေးခန်းအရေအတွက်၊ ကျန်းမာရေး ဝန်ထမ်းအင်အားနှင့် ဒေသန္တရစောင့်ရှောက်မှုလုပ်ငန်းသည် လက်တလောမြေပြင်အခြေအနေအရ အချိုးညီမှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ နွမ်းပါးသူပြည်သူများအတွက် ဒေသန္တရဆေးခန်း များ နှင့် ပြည်သူ့ဆေးရုံကြီးများသည် အားကိုးရာဌာနများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် စံကိုက်ဒေသန္တရ ဆေးခန်းများ အဆင့်မြှင့်တင်ပြုပြင်ပေးရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး ကိုလည်း မြို့နယ်အဆင့်နှင့် လျော်ညီအောင် ရုပ်ပိုင်း၊ ကျန်းမာရေးပစ္စည်းပိုင်း၊ အဆောက်အဦပိုင်း၊ နည်းစနစ်ပိုင်းစသည့် ဆေးဝါးနှင့်တကွ ကျန်းမာရေးကျွမ်းကျင်များအထိ ဖွဲ့စည်းပုံနှင့် အညီမဟုတ်ဘဲ ဖြစ်နိုင်သည့်အရေအတွက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိကို သိရှိလိုပါကြောင်း။ 

ဒဂုံ(ဆိပ်ကမ်း)မြို့နယ်သည် မြို့တွင်းပိုင်းနှင့် လမ်းပိုင်းအရ အချိတ်အဆက် မိသော်လည်း ခရီးအား ဖြင့် ဝေးကွာပါကြောင်း၊ အချိန်မီအသက်ကယ်ရန်အတွက် အရေးပေါ်လူနာများ အတွက် မြို့နယ် ဆေးရုံကြီး ကို ယခုထက်ပိုမိုအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်နေသည်ဟု ယူဆပါကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ ကုသရေးဌာန၊ ကုသရေးဝန်ထမ်းများ အတွက် ခြောက်ခန်းတွဲ လေးထပ်ဆောင် လူနေတိုက်တန်းတစ်ခု အသစ်တည်ဆောက်နိုင်ရန် အမှန်တကယ် လိုအပ်နေပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ ခြောက်ခန်းတွဲ လေးထပ်ဆောင် လူနေတိုက်တန်း ဝန်ထမ်းအိမ်ရာတစ်ခု လိုအပ်သည်ကို ကွင်းဆင်း ကြည့်ရှုစေလိုပါကြောင်း၊ တည်ဆောက်ပေးရန် စီစဉ်ပြီးဖြစ်ပါကလည်း ကျန်းမာရေးဦးစီးဌာနအနေဖြင့် မည်သို့စီစဉ်ထားရှိကြောင်း သိရှိလိုပါကြောင်း။ 

တည်ဆောက်ပေးမည်ဆိုပါက ကုသရေးဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ်ဆောင်ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုတည်ဆောက်ပေးမည်ကို သိရှိ လိုပါကြောင်း၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၏ ကျန်းမာရေစောင့်ရှောက်မှုကဏ္ဍ အထူးတိုးတက်မြှင့်တင် နိုင်ရန် မြို့နယ်အဆင့်ဖွဲ့စည်းပုံကို ဆေးဝါး၊ ‌ထောက်ကူပစ္စည်း၊ ရာသီအလိုက်ဖြစ်ပွားတက်သော ကူးစက် ရောဂါများအတွက် ထိုးဆေး၊ သွင်းဆေး၊ သောက်ဆေးစသည့် လိုအပ်မည့်ပစ္စည်းများကို ဒဂုံ (ဆိပ်ကမ်း) မြို့နယ် ပြည်သူများ၏ Pablic Health အတွက် မည်သို့ပံ့ပိုးပေးပို့ ထောက်ပံ့ ဖြည့်ဆည်းပေးထား ကြောင်းကို သိရှိလိုပါကြောင်း ဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူဦးရေ ၂၅၄,၃၆၄ ဦးရှိပြီး မြို့နယ်ဆေးရုံသည် ၂၀၁၀ ပြည့် နှစ်၊ ဇူလိုင်လတွင် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး နှင့်အတူ ကျန်းမာရေးဝန်ထမ်း ၂၆ ဦးတို့ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း တစ်နေ့ပျမ်းမျှ အတွင်းလူနာ ၁၁ ဦး၊ ပျမ်းမျှ ပြင်ပလူနာ ၇၁ ဦး ရှိပါကြောင်း၊ မြို့နယ်ဆေးရုံမှ လိုအပ်ပါက နီးစပ်ရာ မြောက်ဥက္ကလာပ ပြည်သူ့ ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးနိုင်လျက်ရှိပြီး ၎င်းမြို့နယ် အတွင်းတွင် အမျိုးသားကင်ဆာရောဂါကုသရေးဗဟိုဌာနကဲ့သို့ ဌာနကြီးများကိုဖွင့်လှစ်ပြီး ကင်ဆာ ရောဂါလူနာ များနှင့် အရေးပေါ်ဖျားနာလူနာများကို ကုသမှုပေးမှုရှိသည့်အတွက် မြို့နယ်ဆေးရုံမှ ပြည်သူ့ဆေးရုံကြီး အဆင့်သို့ လက်တလောအဆင့်မြှင့်တင်ရန် လိုအပ်မှုမရှိသေးပါကြောင်း။ 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့သည့်အတိုင်း ဆေးရုံ ဝင်း အတွင်း မြို့နယ်ကုသရေးဝန်ထမ်းများအတွက် လေးခန်းတွ လေးထပ်ဝန်ထမ်းအိမ်ရာ တစ်လုံးနှင့် နှစ်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ရှိပါကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအောက်ရှိ ခန့်ထားသည့်ဝန်ထမ်း ၂၂ ဦး နေထိုင်ရန် ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံး လိုအပ်လျက်ရှိသည့်အတွက် ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး ကို ၂ဝ၂၇-၂၀၂၈ လာမည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်တွင် စံကိုက်ဒေသန္တရ ကျန်းမာရေးဌာနခွဲ နှစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ နှစ်ခုရှိပါကြောင်း၊ ထို့ကြောင့် လူဦးရေ ၂၅၄,၃၆၄ ဦးရှိသည့် မြို့နယ်တစ်ခုအတွက် ဧရိယာလွှမ်းခြုံမှုအရသော်လည်းကောင်း၊ လူဦးရေလွှမ်းခြုံမှု အရသော်လည်းကောင်း လက်လှမ်းမီစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဒေသန္တရကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများ အတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရရှိသော ခွဲတမ်းများအလိုက် (Logistic Plan)လုပ်ပြီး ဆေးဝါးထောက်ပံ့ရေးမူဝါဒကို လိုက်နာကျင့်သုံးပြီး ဖြန့်ဝေပေးခဲ့ပါကြောင်း၊ အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအခြေအနေများတွင်လည်း ပြည်သူလူထုအား ထိရောက်စွာ ကုသစောင့်ရှောက်မှုပေးနိုင်ရန် မြို့နယ်အဆင့် အရေးပေါ်သီးသန့် ဆေးဝါးများ သိုလှောင်ထားရှိနိုင်ပါကြောင်းနှင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် သုံးစွဲခွင့်ပြုထား သော ဘတ်ဂျက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးပဒေသာပင်ရန်ပုံငွေများမှ လည်းကောင်း ကျခံသုံးစွဲ၍ ပြည်သူလူထုအား လုံလောက်စွာကုသစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြား ခဲ့ပါသည်။