MY EN

(ခ)- ဦးလှမြင့်(မတ္တရာမဲဆန္ဒနယ်)

2026-10-13
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးလှမြင့် (မတ္တရာ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မတ္တရာမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ ၅ ရုံအား ပြန်လည်ဖွင့်လှစ်ပေးနိုင်မည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မိမိတို့မြို့နယ်တွင် လူဦးရေ ၂၆၀,၀၀၀ ကျော်ရှိပါကြောင်း၊ မြို့၏အကျယ်အဝန်း စတုရန်းမိုင် ၂၅ မိုင်ပတ်လည် ကျယ်ဝန်းပြီး လယ်ယာကောက်ပဲသီးနှံအထွက်နှုန်းကောင်းသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံကြီးနှင့်အတူ တိုက်နယ်ဆေးရုံ ၅ ရုံဖြစ်သည့် မြွေတလိုင်း တိုက်နယ်ဆေးရုံ၊ သဖန်းဒေါင့်တိုက်နယ်ဆေးရုံ၊ ဥမင်တိုက်နယ်ဆေးရုံ၊ ဆည်တော်ကြီးတိုက်နယ် ဆေးရုံနှင့် တောင်ယာကြီးတိုက်နယ်ဆေးရုံများဖြင့် မြို့နယ်အတွင်းရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ခဲ့ပါကြောင်း၊ အကြမ်းဖက်ကာလတွင် တိုက်နယ်ဆေးရုံ ၅ ရုံကို ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ပိတ်ထားခဲ့ရသည့်အတွက် မြို့နယ်ဆေးရုံကြီး ၁ ရုံသာ အမြဲမပြတ် ဖွင့်လှစ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့အထိ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်နှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက စိတ်ရောကိုယ်ပါပြုစုစောင့်ရှောက်ပေးခဲ့၍ ကြီးမားသောအခက်အခဲဟူ၍ ဖြစ်မလာခဲ့ပါကြောင်း၊ သို့သော် ခရီးတာဝေးကွာသည့် မြို့နယ်အရှေ့ ဘက်၊ မြောက်ဘက်၊ အနောက်ဘက်တွင်ရှိသည့် တိုက်နယ်ဆေးရုံများ ပိတ်ထားခဲ့ရသည့်အတွက် လူနာများအား အချိန်မီ ဆေးကုသခံယူမှု အားနည်းခြင်း၊ ခရီးလမ်းပန်းခက်ခဲပြီး မြို့နယ်နှင့် ခရီးတာ ၈ မိုင်ကျော်မှ မိုင် ၂၀ ကျော်အတွင်းရှိ တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ကုသနိုင်မှုမရှိခဲ့၍ ပြည်သူလူထု အတွက် ကျန်းမာရေးအခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေရပါကြောင်း၊ မြို့နယ်၏ကျယ်ဝန်းမှုနှင့် လူဦးရေထူထပ်မှု၊ အကြမ်းဖက်မှုများ၏ ဖျက်ဆီးနှောင့်ယှက်သတ်ဖြတ်မှုတို့ကြောင့် ပြည်သူလူထု သည် ကျန်းမာရေးအတွက် အားထားစရာကျန်းမာရေးဌာန ကျေးလက်ဆေးပေးခန်းများလည်း ထိုအချိန်က သက်ဝင်လှုပ်ရှားနိုင်မှု မရှိခဲ့ပါကြောင်း။

မြို့နယ်ဆေးရုံ ၁ ရုံသာအားပြုနေရ၍ မြို့နယ်ဆရာဝန်ကြီးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများသည် နားချိန်ဟူ၍ မရှိကြဘဲ ပြည်သူလူထုအတွက် အမြဲအဆင်သင့် ဆောင်ရွက်ကုသပေးနေသည်ကိုလည်း များစွာကျေးဇူးတင်ပါကြောင်း၊ တိုက်နယ်ဆေးရုံ ၅ ရုံအား ပြန်လည်ဖွင့်လှစ်ကုသပေးနိုင်ပါက ပြည်သူလူထုသည် ကျန်းမာသန်စွမ်းပြီး လယ်ယာကိုင်းကျွန်း များကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်မည့်အပြင် စားနပ်ရိက္ခာပြည့်စုံဖူလုံမှု၊ ကုန်ဈေးနှုန်းကျဆင်း မှု၊ တည်ငြိမ်အေးချမ်းမှု၊ ပျော်ရွှင်ချမ်းမြေ့မှုများ တွဲလျက်ကောင်းကျိုးချမ်းသာ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ မတ္တရာမြို့နယ် အတွင်းရှိ တိုက်နယ်ဆေးရုံ ၅ ရုံအား ဆောလျင်စွာ ဖွင့်လှစ်ပေးနိုင်ရေးနှင့် လိုအပ်သောကျန်းမာရေး ဝန်ထမ်းများ၊ ဆေးဝါးများ၊ အသုံးအဆောင်များကို ဖြည့်တင်းပေးနိုင်ရေးအတွက် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က

၂ဝ၂၁ ခုနှစ်၊ မေလကနေစ၍ ပိတ်ထားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အတွင်းရှိ တိုက်နယ်ဆေးရုံ ၅ ရုံဖြစ်သော မြွေတလိုင်းတိုက်နယ်ဆေးရုံ၊ သဖန်းဒေါင့်တိုက်နယ် ဆေးရုံ၊ ဥမင်တိုက်နယ်ဆေးရုံ၊ ဆည်တော်ကြီးတိုက်နယ်ဆေးရုံနှင့် တောင်ယာကြီးတိုက်နယ်ဆေးရုံ တို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် လိုအပ်သော ပစ္စည်း ကိရိယာနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကုသရေးဦးစီး ဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မတ္တရာမြို့နယ်၊ ကုသရေးဦးစီးဌာနမှူး၏ အစီအစဉ်ဖြင့် မတ္တရာမြို့နယ်၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ၅ ဦးကို ဖော်ပြပါ တိုက်နယ်ဆေးရုံ ၅ ရုံသို့ အလှည့်ကျတာဝန်ချထားပေးလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေအရ နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ အုပ်ချုပ်သူများလိုက်ပါကူညီ စောင့်ရှောက်မှု ဖြင့် ကွင်းဆင်းဆေးကုသ မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မတ္တရာမြို့နယ်အတွင်းရှိ ဆေးရုံများ၏ ပျက်စီးဆုံးရှုံးမှုများကို ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ပုံငွေခွင့်ပြုပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ပါ၍ မတ္တရာမြို့နယ်အတွင်း တိုက်နယ် ဆေးရုံများ ဆောလျင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးမှ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီများဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။