MY EN

(က)- ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်)

2026-10-13
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင်ထွန်းလွင် (ကလေးဝ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကလေးဝမြို့၊ ၂၅ ခုတင်ဆံ့ဆေးရုံနှင့် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်များခန့်ထားပေးရန်နှင့် ဆေးဝါးများပံ့ပိုးပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာ ပေါင်း ၁၂၅ ရွာ၊ အိမ်ခြေ ၁၁,၉၂၁ အိမ်၊ အိမ်ထောင်စု ၁၂,၉၀၉ စုနှင့် လူဦးရေ စုစုပေါင်း ၆၅,၈၄၈ ဦးမှီတင်းနေထိုင်ခဲ့ကြသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်သည် တောတောင်ထူထပ်ပြီး ချောင်းမြောင်းပေါများကာ သွားလာရခက်ခဲသော မြို့လေးတစ်မြို့ဖြစ်ပါ ကြောင်း၊ တန်ဖိုးရှိသည့်သစ်တောများလည်းတည်ရှိပြီး အရည်အသွေးပြည့်မီသည့် ကျောက်မီးသွေးများကို လည်း သစ်ခြောက်ဒေသမှ ထွက်ရှိပါကြောင်း၊ အရှေ့ဘက်တွင် ချင်းတွင်းမြစ်၊ အနောက်ဘက်တွင် မြစ်သာ မြစ်သည် တောင်ဘက်သို့ စီးဆင်းနေပြီး အရှေ့ဘက်ရှိ ချင်းတွင်းမြစ်ထဲသို့ စီးဝင်ကာ ချင်းတွင်း-မြစ်သာ မြစ်နှစ်သွယ်ပေါင်းစုံစီးရာ မြို့လေးတစ်မြို့လည်း ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်သည် ယခင် တည်ငြိမ်အေးချမ်းစဉ်က ကျန်းမာရေးစောင့်ရှောက်မှု အစီအမံများကို တင်ပြရလျှင် ကလေးဝ မြို့နယ်၊ ကုသရေးဦးစီးဌာန၏ ၂၅ ခုတင်ဆံ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းအင်အားဖွဲ့စည်းပုံ အရ မြို့နယ်ဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန်လေးဦး၊ သွားဆရာဝန်တစ်ဦးနှင့် သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ကျန်းမာရေးကုသရေးဆိုင်ရာဝန်ထမ်း ၅၁ ဦး စုစုပေါင်း ဝန်ထမ်းအင်အား ၅၇ ဦးဖြင့်လည်းကောင်း၊ ကလေးဝမြို့နယ်၊ ၁၆ ခုတင်ဆံ့ မစိန်တိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန် တစ်ဦး၊ သူနာပြုများနှင့် ကျန်းမာရေးကုသရေးဆိုင်ရာဝန်ထမ်း ၁၈ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၁၉ ဦးဖြင့်လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ပြီး ပြည်သူလူထုအား ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်း များ၊ ကုသရေးဆိုင်ရာလုပ်ငန်းများစသည်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ကလေးဝမြို့နယ်၊ ပြည်သူ့ဆေးရုံသည် ကလေးဝတစ်မြို့နယ်လုံးရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာပြည်သူလူထု၏ ကျန်းမာရေး၊ ကုသရေးဆိုင်ရာ အားထားလျက်ရှိသည့်အပြင် ကလေးဝ မြို့နယ်နှင့်အလွန်နီးစပ်လျက်ရှိသော မင်းကင်းမြို့နယ်၊ တောင်နိမ့်ဒေသရှိကျေးရွာများနှင့် ချင်းတွင်း မြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူလူထုများမှာလည်း မှီခိုအားထားရသော ဆေးရုံတစ်ရုံဖြစ်ပါ သဖြင့် အထက်ပါပြည်သူအများစုတို့သည် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ငှက်ဖျား၊ တီဘီ၊ တုပ်ကွေးအစရှိသည့် ပြည်သူလူထုကျန်းမာရေးလုပ်ငန်းများ၊ ကလေးမွေးဖွားခြင်းလုပ်ငန်းများ၊ ရောဂါဝေဒနာခံစားနေရ သူများ၊ လူနာကုသရေးလုပ်ငန်းများ၊ ခွဲစိတ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် ဤကလေးဝမြို့၊ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကိုသာ အားကိုးအားထားပြုကြ၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြရပါ ကြောင်း၊ ကလေးဝတစ်မြို့နယ်လုံးရှိ ပြည်သူများနှင့် မင်းကင်းမြို့နယ်အစိတ်အပိုင်းရှိ  ကျေးရွာများ မှပြည်သူများသည် အခြေအနေအမျိုးမျိုးကြောင့် ကလေးဝမြို့၊ ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံမှ ခုတင် ၃၀၀ ဆံ့ ကလေးခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက် ကုသမှုခံယူမည်ဆိုပါက လမ်းခရီးစရိတ် ကုန်ကျ မှုများ ပိုမိုကုန်ကျနေရသဖြင့် ပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်စဉ်များကြောင့် ယခုအခါ ကလေးဝမြို့၊ ၂၅ ခုတင်ဆံ့ပြည်သူ့ ဆေးရုံတွင် ဆရာဝန်တစ်ဦး၊ သူနာပြုများနှင့် ကျန်းမာရေးကုသရေးဆိုင်ရာဝန်ထမ်းအင်အား ၁၅ ဦး သာခန့်ထားသဖြင့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံအရလက်ထောက်ဆရာဝန်လေးဦး၊ သွားဆရာဝန် တစ်ဦးနှင့် ဝန်ထမ်း ၃၆ ဦး စုစုပေါင်း ၄၁ ဦးတို့ လစ်လပ်လျက်ရှိပါကြောင်း၊ ကလေးဝမြို့နယ်၊ ၁၆ ခုတင်ဆံ့  မစိန်တိုက်နယ်ဆေးရုံတွင် ဆေးဘက်ကျွမ်းကျင်(၄) ဆေးစပ်တစ်ဦး၊ ဆေးဘက်ကျွမ်းကျင် (၄) ဓာတ်မှန်တစ်ဦး၊ နှစ်ဦးသာခန့်ထားပြီး ဆရာဝန်တစ်ဦးနှင့် သူနာပြုများ၊ ဆေးရုံဝန်ထမ်းများ၊ အထွေထွေဝန်ထမ်း ၁၆ ဦး စုစုပေါင်း ၁၇ ဦး လစ်လပ်လျက်ရှိပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၇ တွင် နိုင်ငံသားတိုင်း နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်ဟု ဆိုထား သော်လည်း မိမိတို့ဒေသရှိ ပြည်သူများကို စောင့်ရှောက်ပေးမည့် ကျန်းမာရေးဝန်ထမ်း ပညာရှင်များ ရောက်ရှိမှသာ ၎င်းအခွင့်အရေးကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေးဝတစ်မြို့နယ်လုံးရှိ ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ဝန်ထမ်း ၁၅ ဦးသာ ခန့်ထားသဖြင့် ကလေးဝ မြို့နယ်ရှိပြည်သူများနှင့် မင်းကင်းမြို့နယ် ကျေးရွာတချို့ရှိ ရောဂါဝေဒနာဖြစ်ပေါ်လာသော လူနာ များသည် ကုသရေးလုပ်ငန်းများအတွက်လည်းကောင်း၊ ခွဲစိတ်ကုသရေးလုပ်ငန်းများအတွက်လည်းကောင်း အခက်အခဲများစွာကြုံတွေ့နေကြရပါသဖြင့် သတ်မှတ်ဝန်ထမ်းအင်အားအတိုင်း ခန့်ထားခြင်း မပြုနိုင် သေးမီ ကလေးဝမြို့၊ ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံတွင် လက်ထောက် ဆရာဝန်တစ်ဦး၊ သွားဆရာဝန် တစ်ဦး၊ ၁၆ ခုတင်ဆံ့ မစိန်တိုက်နယ်ဆေးရုံတွင် တိုက်နယ်‌ဆရာဝန်တစ်ဦး စုစုပေါင်းသုံးဦး ခန့်ထား ပေးရန်နှင့် ဆေးရုံများအတွက်လိုအပ်သော ဆေးဝါးများ ပေးပို့ပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိပါ က မည်သည့်အချိန်၊ မည်သည့်ကာလတွင် ခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ ပြည်သူ့ဆေးရုံတွင် ကုသမှုအတွေ့အကြုံကြွယ်ဝသော မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်နှင့်အတူ သူနာပြု ၅ ဦး၊ အကူသူနာပြုနှစ်ဦးနှင့် အခြားဝန်ထမ်း ၁၀ ဦးတို့ဖြင့် ဆေးရုံလုပ်ငန်းများကို နိုင်နင်းစွာဆောင်ရွက်လျက်ရှိပြီး သွားဆရာဝန် နှင့်စပ်လျဉ်းပြီးတော့လည်း ခန့်ထားနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောာင်း၊ ကလေးဝမြို့နယ် အတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကုသရေးဦးစီးဌာန(ရုံးချုပ်) တင်ဒါဖြင့်ဝယ်ယူထားသော ဆေးဝါးများ၊ တိုင်းဒေသကြီး ပြည်နယ်တင်ဒါဖြင့် ဝယ်ယူထားသောဆေးဝါးများကို လမ်းကြောင်းအတိုင်း ကလေးဝမြို့၊ တမူးမြို့များသို့ ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ ပံ့ပိုးကူညီမှုတွေနှင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ မြို့နယ်များအရောက် ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဖြူးပို့ဆောင်လျက်ရှိရာ ကလေးဝမြို့နယ်အတွက် ဆေးအမယ်ပေါင်း ၁၇၄ မျိုး၊ တန်ချိန်ပေါင်း ၁.၉၅ တန်အား ပို့ဆောင်ထားပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့်လည်း ကလေးဝမြို့နယ်၊ ၁၆ ခုတင်ဆံ့ မစိန်တိုက်နယ်ဆေးရုံသို့ စစ်ကိုင်းမြို့ ပြည်သူ့ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးအား ယာယီတာဝန်ချထားပေးပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။