လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် အမည်ပြောင်းရာတွင် အခွန်လျှော့ချရေး၊ စိုက်ပျိုးစရိတ်ချေးငွေ အတွက် အထူးစီမံချက်များချမှတ်ရေးနှင့် အခွန်အခြေခံကျယ်ပြန့်လာစေရေး အစီအစဉ် ရှိ မရှိ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင် မှီခို နေပါကြောင်း၊ တောင်သူများ၏ လယ်ယာမြေကို တရားဝင်လုပ်ကိုင်ခွင့်ရရှိရန်နှင့် လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေများ လွယ်ကူစွာ ရရှိနိုင်ရေးသည်လည်း အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ လက်ရှိတွင် စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုး စရိတ်ချေးငွေထုတ်ပေးရာတွင် အာမခံပစ္စည်းအဖြစ် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ကို အသုံးပြုလျက်ရှိပါကြောင်း။
သို့ရာတွင် အောက်ပါအကြောင်းအရာများကြောင့် ပုံစံ(၇)အမည်ပေါက်နှင့် အမှန်တကယ် လုပ်ကိုင်သူ သို့မဟုတ် ဘဏ်ချေးငွေရယူလိုသူတို့ကြား ကွဲလွဲမှုများ ဖြစ်ပေါ်နေပါကြောင်း၊ မိဘထံမှ သားသမီးသို့ အမွေဆက်ခံခြင်း၊ မိသားစုအတွင်းပေးကမ်းခြင်း၊ အရပ်ကတိဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်း၊ မိသားစုဝင်များအကြား လယ်ယာမြေလုပ်ကိုင်ခွင့်လွှဲပြောင်းခြင်း အဆိုပါ အချက် အလက် များကြောင့် ပုံစံ(၇)အမည်ပေါက်နှင့် ဘဏ်ချေးငွေရယူလိုသူတို့ကြား ကွဲလွဲမှု များ ရှိနေ သည်ကို တွေ့ရပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဥပဒေနှင့်အညီ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းတို့ ပြုလုပ်နိုင်ပါ ကြောင်း၊ ယင်းသို့ လုပ်ပိုင်ခွင့်ပြောင်းလဲသူများကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက် ရန်ကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် အမွေဆက်ခံခြင်းနှင့် ပေးကမ်း ခြင်းတို့ကို အရောင်းအဝယ်သဘောမဟုတ်ဘဲ လယ်မြေကို မိသားစုအတွင်း ဆက်လက်လုပ်ကိုင်နိုင်ရေး အတွက် လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းများကို လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများတွင် တရားဝင် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးက ဦးဟံသာဝင်း၏ မေးခွန်းအပေါ်တွင် ထည့်၍ ရှင်းလင်းသွားသည်ကို တွေ့ပါကြောင်း၊ ဦးပိုင်တစ်ကွက်အတွက် မှတ်ပုံတင်ခြင်း ၅၀၀ ကျပ်၊ မြေတန်ဖိုးအပေါ်တွင် အခွန်တံဆိပ်ခေါင်း လေးရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း တစ်ကြိမ်၊ နောက်တစ်ခါ ထပ်တိုးနှစ်ရာခိုင်နှုန်းတစ်ကြိမ်ဆိုလျှင် လေးရာခိုင်နှုန်း။ ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းတွင် ထိုသို့ဖြစ်နေကြပါကြောင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ခ သည် မြေတန်ဖိုး၏ ၀.၅ ရာခိုင်နှုန်း ရှင်းသွားသည်ကို တွေ့ပါကြောင်း၊ လက်တွေ့မြေပြင်တွင်ထိုသို့မဟုတ်ပါကြောင်း၊ လယ်ယာမြေများသည် အိမ်ခြံမြေ ကဲ့သို့ ဆင့်ပွားရောင်းနေခြင်းမဟုတ်ကြောင်း၊ အမြတ်ပေါ်တွင် ၁၀ ရာခိုင်နှုန်းဆို သည့်နေရာတွင် အမြတ်မပေါ်ပါကြောင်း၊ မြေပြင်တွင် သိန်း ၁၀၀ အောက် ၇ ရာခိုင်နှုန်း အခွန်ကောက်ပါကြောင်း၊ သိန်း ၁၀၀ အထက်ဆိုလျှင် ၁၀ ရာခိုင်နှုန်း ထပ်ပေါင်း၍ ၁၇ ရာခိုင်နှုန်းကောက်ပါကြောင်း၊ မြေပြင်တွင် ထိုသို့ လည်ပတ်နေပါကြောင်း၊ ထိုသို့ အခွန်အခများ သည့်အတွက်ကြောင့် မိမိတို့တောင်သူ များ သည် ပုံစံ(၇)အမည်ပြောင်း ခြင်းကို မလုပ်နိုင်ကြ သည်မှာ အများအပြားဖြစ်နေပါကြောင်း၊ မြို့နယ်အသီးသီးတွင် အဆိုပါပုံစံ(၇)နှင့် ဘဏ်ထုတ်သူ နာမည် ကွဲလွဲမှုကြောင့် မရှိသည့်တောင်သူအရေအတွက်သည် အနည်းဆုံး ၂၀ ရာခိုင်နှုန်း ရှိပါကြောင်း၊ ယခုအခြေအနေများတွင် မှတ်ပုံတင်ခကို ဌာနကသတ်မှတ်ထားသည့်နှုန်းကိုလည်း အများပြည်သူသိရှိ စေရန် ထပ်၍ ကြေညာစေလိုပါကြောင်း၊ တကယ့်မြေပြင် တွင် ကောက်နေသည့် နှုန်းသည် သိန်း ၁၀၀ အောက် ၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ သိန်း ၁၀၀ အထက် ၁၇ ရာခိုင်နှုန်း ဖြစ်ပြီး လက်ရှိ မြေပြင်တွင် ထိုသို့ လည်ပတ်နေခြင်းဖြစ်ပါကြောင်း၊ အခွန်အခများ ဈေးကြီးမှုကြောင့် တောင်သူများက ပုံစံ(၇)နာမည်ပြောင်းရန် မလုပ်နိုင်ကြသည်ကို အများအပြားတွေ့ရပါကြောင်း၊ လယ်ယာမြေ၏ ခေတ်ကာလ တန်ဖိုးနှင့်အညီဆိုသည်မှာလည်း ဆည်ရေသောက်ဆိုလျှင် S1၊ 2၊ 3၊ 4 လေးမျိုးရှိကြောင်း၊ မိုးခေါင်သောက်ဆိုလျှင် M1၊ 2၊ 3 ရှိကြောင်း၊ ယာဆိုလျှင် Y1၊ 2၊ 3 ရှိကြောင်း၊ မည်သည့် မြေဖြစ်ဖြစ် ပုံစံ(၇)ထွက်ပြီးသားမြေဆိုလျှင် တစ်ဧကကို အနည်းဆုံး သိန်း ၄၀ သတ်မှတ်ထားကြောင်း၊ တခြားမြို့နယ်များတွင် ၎င်းအတိုင်း သာ ဖြစ်ပါကြောင်း၊ သိန်း ၄၀ ၏ ၄ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်းဆိုသည့် ပမာဏများသည် မိမိတို့တောင်သူများ နာမည် ပြောင်း လျှောက်ထားရန် အတားအဆီးဖြစ်နေသည့် အဓိကအကြောင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးချင်သည့်မေးခွန်းမှာ -
(၁) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ မိသားစု အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ရန် တရားဝင်လွှဲပြောင်းခြင်း များသည် အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် သဘောသဘာဝမတူသည့်အတွက် ယင်း အမည်ပြောင်းလဲ မှတ်ပုံတင်ခြင်းများကို တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကြေးနှင့် အခြား သက်ဆိုင်ရာအခွန်အခများ၊ အရောင်းအဝယ်လွှဲပြောင်းမှုများနှင့် သီးခြားသက်သာ သောနှုန်းထားများကောက်ခံပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုပါ ကြောင်း၊
(၂) ပုံစံ(၇)အမည်ပေါက်နှင့် အမှန်တကယ်လုပ်ကိုင်သူ မကိုက်ညီမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူရန်အတွက် အမည်ပြောင်းလဲမှတ်ပုံတင်ခြင်း မပြီးစီးမီကာလအတွင်း သက်ဆိုင်ရာစာရွက်စာတမ်းနှင့် အမွေဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းလုပ်ကိုင်ခွင့် အထောက်အထားများနှင့် လယ်ယာမြေလုပ်ကိုင်မှုကိုအခြေခံ၍ သင့်လျော်သော အာမခံ စနစ်အသုံးပြုပြီး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ရေး အစီအစဉ် ရှိ မရှိ သိလိုပါကြောင်း၊ ဒုတိယဝန်ကြီးပြောသွားသည့်နေရာတွင် ပုံစံ(၉)တင်ထားပြီး အဆိုပါ ပုံစံ(၉)ကို တစ်နှစ် အတွင်း ပုံစံ(၇)အမည်ပြောင်းလျှောက်ထားရမည်ဟု ပြောပါကြောင်း၊ ပုံစံ(၉)တင်ရန် အခွန် ၇ ရာခိုင်နှုန်း တန်း၍ ကောက်ပါကြောင်း၊ ယခုအခြေအနေသည် မြေပြင်တွင်လည်း ထိုအတိုင်း အမှန်တကယ်လည်ပတ်နေတာ ဖြစ်ပါကြောင်း။
(၃) လယ်ယာမြေလုပ်ပိုင်ခွင့်အမည်ပြောင်း မှတ်ပုံတင်မှုနည်းပါးခြင်းသည် တောင်သူများ ၏ တရားဝင်လုပ်ကိုင်ခွင့်၊ စိုက်ပျိုးရေးအရင်းအနှီးရရှိနိုင်ခွင့်၊ နိုင်ငံတော် ၏မြေယာ မှတ်တမ်း များ ပြည့်စုံမှန်ကန်ရေးတို့ကို ထိခိုက်စေနိုင်သကဲ့သို့ နိုင်ငံတော် အနေဖြင့်ရ ရှိနိုင်သည့် အခွန်အခြေခံကိုလည်း ကျဉ်းမြောင်းသွားစေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်အခွန်နှုန်းထားများကို သင့်လျော်သည့်နှုန်းတစ်ခုသို့ လျှော့ချ၍ ဆောင်ရွက် ခြင်းအားဖြင့် ပုံစံ(၇) အမည်ပြောင်းလျှောက်ထားသူ အရေအတွက်ပိုများလာပြီး နိုင်ငံတော်၏ဘဏ္ဍာငွေလည်း ပိုမိုတိုးတက်ရရှိလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။
ထို့ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အဆိုပါမေးခွန်း(၃)ခုကို မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊
ဒေါက်တာရဲတင့်ထွန်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ဖြေကြားချက် များနှင့်အတူ ရှင်းလင်းဖြေကြား သွားမည် ဖြစ်ပါကြောင်း။
လယ်ယာမြေဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ)အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ ဆောင်ရွက်သည့်အခါတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကသတ်မှတ်သည့်တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်ထား သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာချုပ်စာတမ်း မှတ်ပုံတင်ခကိုပေး ဆောင်ပြီး သက်ဆိုင်ရာမြို့နယ် ဦးစီးရုံးခန်းတွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ယခင် ကတင်ပြခဲ့သည့် အတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို အမွေဆက်ခံခြင်း နည်းလမ်းနှင့် အမည် ပြောင်းလဲလျှောက်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တရားရုံးတွင် အမွေ ဆက်ခံ ခွင့်လက်မှတ်ရရှိပါက အမွေဆက်ခံခွင့်ပြုသူကို အမည်ပြောင်းလဲပေးရန်လျှောက်ထားပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ ခွင့်ပြုချက်ရမည်ဆိုလျှင် လယ်ယာ မြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ကြေးငွေ ကျပ် ၅၀၀ သာပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ) ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း များဖြစ်သည့် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ် ခြင်း၊ ပေးကမ်းခြင်း စသည့် လွှဲပြောင်း သည့်နည်းလမ်းအပေါ်တွင် ချုပ်ဆိုထားသောစာချုပ်စာတမ်း အမျိုးအစားအလိုက် ပေးဆောင် ရမည့် တံဆိပ်ခေါင်းခွန်တန်ဖိုးကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၊ ဇယား(၁)ပါအရ တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းနှင့် ပုဒ်မ ၃၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)အရ အပို ထမ်းဆောင်ရမည့်တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ထမ်းဆောင် သွားရန် ပြဋ္ဌာန်းထားရှိပါကြောင်း။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃တွင် ပြဋ္ဌာန်းထားရှိသည်မှာ ဤဥပဒေတွင် ပြဋ္ဌာန်း ထားရှိသည့် ပြဋ္ဌာန်းချက်များနှင့် နောက်ဆက်တွဲဇယား(၁)၌ပါဝင်သည့် ကင်းလွတ်ခွင့် များကို အထောက်အထားပြု ၍ စာချုပ်စာတမ်းများသည် ဇယားတွင်ဖော်ပြပါရှိသည့် စာချုပ် စာတမ်းအမျိုးအစားအလိုက် ထိုက်သင့်သည်နှုန်းထားများအတိုင်း တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရ မည် ဟု ပြဋ္ဌာန်းထားရှိခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၁ တွင် ပြဋ္ဌာန်းထားရှိသည်ကို နေပြည်တော်စည်ပင်သာယာရေးဥပဒေမှအပ အခြားဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပါရှိစေကာမူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်း မည်သည့် နေရာ၌မဆို တည်ရှိသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းများလွှဲပြောင်းသည့် စာချုပ် စာတမ်းများ၊ ပစ္စည်းလွှဲပြောင်း စာချုပ်၊ မေတ္တာဖြင့်ပေးကမ်းသည့်စာချုပ်စာတမ်း၊ အပေါင်စာချုပ် ချုပ်ဆိုသည့်နေရာတွင် ဤအက်ဥပဒေ ဇယား(၁)တွင်ပါရှိသော အမှတ်စဉ် ၂၃၊ ၃၃ နှင့် ၄၀(က)တို့အရ ထမ်းဆောင်ရသော တံဆိပ်ခေါင်းခွန် သည် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်း ခွန်တန်ဖိုးအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းအား အဆိုပါ ပစ္စည်းတည်ရှိရာ နေရာဒေသတွင် ရှိသည့် ဈေးကွက်ပေါက်ဈေးနှင့်အညီ ထမ်းဆောင်စေရမည်ဟု ဖော်ပြ ပါရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပြင်ဆင်ပြဋ္ဌာန်း သည့်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း သတ်မှတ် ထား ရှိခဲ့ပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃ နောက်ဆက်တွဲဇယား(၁)တွင် ပါရှိသည့် အမှတ်စဉ် ၂၃ တွင် သတ်မှတ်ထားသည့် ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း အမျိုးအစား နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲငယ် ၁၀ အရ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် အလွှဲအပြောင်း မဟုတ်သည့်ပစ္စည်း လွှဲပြောင်းခြင်းစာချုပ်စာတမ်းဟု ဖော်ပြထားပြီးဖြစ်ကြောင်း၊ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်ဆိုသည့် စကားရပ်တွင် ရောင်းချသည့်အခါ လွှဲပြောင်း ပေးရသည့် လွှဲပြောင်းပစ္စည်းစာချုပ်စာတမ်းနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့ပြောင်း နိုင်သောပစ္စည်းတစ်ခုကို သက်ရှိထင်ရှားရှိစဉ် လွှဲပြောင်း ပေးသောစာချုပ်စာတမ်းနှင့် ဇယား(၁)တွင် အခြားနည်းတိကျစွာဖော်ပြထားခြင်းမရှိသည့် စာချုပ် စာတမ်းတို့ပါဝင်သည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားခြင်းဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၃၊ နောက်ဆက်တွဲ ဇယား(၁)၊ အမှတ်စဉ် ၂၃ ပါ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း အမျိုးအစားဖြစ်ပါက ထိုက်သင့် သည့် တံဆိပ်ခေါင်းခွန်တွင် ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ ရာခိုင်နှုန်းဟု သတ်မှတ် ပြဋ္ဌာန်း ထားရှိခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း အတွက် ချုပ်ဆိုကြသည့် စာချုပ်စာတမ်းအမျိုးအစားများအလိုက် ပေးဆောင်ရမည့်တံဆိပ်ခေါင်းခွန် တန်ဖိုး ကို စိစစ်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ စာချုပ်မှတ်ပုံတင်ပေးရာမှာ ကောက်ခံရသည့် စာချုပ်စာတမ်း မှတ်ပုံတင်ခများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါကြောင်း-
(က) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့နှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းအမျိုးအစားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေအရ ပြဋ္ဌာန်းထားသည့် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပိုတံဆိပ် ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှာလည်း လယ်ယာမြေတန်ဖိုးအပေါ် တံဆိပ် ခေါင်းခွန် ၄ ရာခိုင်နှုန်း ထမ်းဆောင်ရန်ဖြစ်ပြီး မှတ်ပုံတင်ခမှာ လယ်ယာမြေတန်ဖိုး၏ ၀.၅ ရာခိုင်နှုန်းသာ ဖြစ်ပါကြောင်း၊
(ခ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပူးတွဲပိုင်ဆိုင်သူတို့က စာချုပ်တွင်တန်ဖိုးမဖော်ပြဘဲ ပိုင်ဆိုင်ခွင့် စွန့်လွှတ်သည့် စာချုပ်စာတမ်းများနှင့်စပ်လျဉ်းသည့် တံဆိပ်ခေါင်းခွန်နှုန်း ထားမှာ ၂,၅၀၀ ကျပ်နှင့် မှတ်ပုံတင်ခမှာ ၃,၀၀၀ ကျပ်သာဖြစ်ပါကြောင်း၊
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းဝယ်ခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းတို့အတွက် ယခင်ကချုပ်ဆိုထားသည့် စာချုပ်စာတမ်း တစ်ခုခုကို ချုပ်ဆို သူများကိုယ်တိုင် သဘောတူဖျက်သိမ်းကြသည့် ဖျက်သိမ်း စာချုပ်များ နှင့်စပ်လျဉ်းပြီး တံဆိပ်ခေါင်းခွန်နှုန်းထားမှာ ၁၅၀ ကျပ်နှင့် မှတ်ပုံတင်ခမှာ ၃,၀၀၀ ကျပ်သာဖြစ်ပါကြောင်း၊
အမွေဆက်ခံခြင်း၊ အဖိုးစားနားမပါဘဲ မေတ္တာဖြင့်ပေးကမ်းခြင်း၊ မိသားစု အတွင်း လွှဲပြောင်းခြင်း စသည့်ကိစ္စရပ်များဆောင်ရွက်ရာတွင် ဝင်ငွေခွန်စည်း ကြပ်ကောက်ခံခြင်း မပြုဘဲ ပိုင်ဆိုင်မှုခိုင်မာစေရန် အတွက် ပြုလုပ်ချုပ်ဆိုကြမည့် စာချုပ်စာတမ်းများအပေါ်တွင်သာ ထိုက်သင့် သည့်တံဆိပ်ခေါင်းခွန် ပေးသွင်းတာဝန်ထမ်းဆောင်စေလျက်ရှိပါကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ထ)မှာ အခြေပစ္စည်းဆိုသည့်စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏အခန်းများ၊ ယာဉ်နှင့် လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းများနှင့် ယင်း စကားရပ်တွင် အစုရှယ်ယာနှင့် ကတိဝန်ခံ ချက်တို့ အပြင် ငွေချေးသက်သေခံလက်မှတ်များ၊ ယင်းတို့ ကဲ့သို့ အလားတူစာချုပ်စာတမ်း များလည်း ပါဝင်ကြောင်း ပြဋ္ဌာန်းထားရှိတာဖြစ်သည့်အတွက်ကြောင့် လယ်ယာမြေဆိုသည့်စကားရပ်သည် ဝင်ငွေခွန်ဥပဒေပါ မရွှေ့မပြောင်းနိုင်သော အခြေပစ္စည်း မြေဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အကျုံးဝင်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၆၊ ပုဒ်မခွဲ(က)တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်အပေါ် ၃၀ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံများပြန်လည်တိုးတက်မှုရှိစေရန်၊ အားပေးမြှင့်တင်ရန် အလို့ငှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်း အသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေ ရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေကိုနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့်ဝင်ငွေအပေါ်တွင် လည်းကောင်း သတ်မှတ်အလွှာလိုက် အခွန်နှုန်းထား များအတိုင်း ဝင်ငွေစည်းကြပ်ရမည် ဖြစ်ပါကြောင်း၊ ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေ ခွန်ထမ်းဆောင်ရန်မလို။ ဤဥပဒေအရ အခွန်စည်း ကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ အရ အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရလို့ ပြဋ္ဌာန်းထားရှိသည်ကို တွေ့ရပါကြောင်း။
ဝယ်ယူသူအနေဖြင့် အဆိုပါလယ်ယာမြေကို လွှဲပြောင်းရယူသည့်စာချုပ်စာတမ်း စာချုပ် ချုပ်ဆိုသည့်အချိန်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ နောက်ဆက်တွဲဇယား(၁) အမှတ်စဉ်(၂၃) ပါ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းအတွက် ယင်းပစ္စည်းအပေါ်မှာ ၂ ရာခိုင်နှုန်း၊ အပို တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်းသာ ထမ်းဆောင်ရခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေရောင်းချသူများအနေဖြင့် ဘဏ္ဍာရေးနှစ် တစ်နှစ် အတွင်းတွင် အခြေပစ္စည်း၏တန်ဖိုး စုစုပေါင်း သည် ကျပ်သိန်း ၁၀၀ အောက်ဖြစ်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုဘဲ၊ ကျပ်သိန်း ၁ဝဝ အထက် ပိုမိုသည့်အပြင် မြတ်စွန်းငွေပေါ်ပေါက်ပါက ယင်းမြတ်စွန်းငွေအပေါ် ၁ဝ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာ မြေအား အရောင်းအဝယ်ပြုလုပ်ခြင်းမဟုတ်ဘဲ အမွေဆက်ခံခြင်း၊ အဖိုးစားနားမပါဘဲ မေတ္တာဖြင့် ပေးကမ်းခြင်း၊ မိသားစုအတွင်း လွှဲပြောင်းခြင်း စသည့်ကိစ္စရပ်များမှာ ဝင်ငွေခွန်ပေးဆောင် ရန်မလိုအပ်ပါကြောင်းနှင့် ပိုင်ဆိုင်မှုခိုင်မာစေရန်အတွက် ပြုလုပ်ချုပ်ဆိုကြမည့် မေတ္တာဖြင့် ပေးကမ်းသည့် စာချုပ်စာတမ်းများအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ ဖော်ပြချက် အတိုင်း ပစ္စည်း၏ ၂ ရာခိုင်နှုန်း၊ အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ၄ ရာခိုင်နှုန်းသာ ထမ်းဆောင် ရမှာဖြစ်ပါကြောင်း။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာတရားရုံး၏ အမွေဆက်ခံခွင့် လက်မှတ် ရရှိပါက လယ်ယာမြေမှတ်ပုံတင်ကြေး ၅၀၀ ကျပ်သာ ပေးဆောင်ရမည်ဖြစ်ပြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေးကမ်းခြင်းနည်းလမ်းဖြင့် လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဖြစ်ပေါ်ပါက မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေအရ ထမ်းဆောင်ရမှာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၆-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၄၆/၂၀၁၉)ဖြင့် ပြဋ္ဌာန်း သတ်မှတ်ထားသည့် စာချုပ် စာတမ်းမှတ်ပုံတင်ခနှုန်းထားများအတိုင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊လက်ရှိအခွန် နှုန်းထားမြင့်မားမှုကြောင့် မှတ်ပုံတင်သူနည်းပြီး နိုင်ငံတော်ဝင်ငွေ လျော့နည်းနေသည့်အခြေအနေကို သုံးသပ်ကာ အခွန်နှုန်းထားများကို အနည်းငယ်လျှော့ချခြင်းဖြင့် မှတ်ပုံတင်သူများပြားလာစေကာ အခွန်အခြေခံကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီး ရေရှည်တွင် နိုင်ငံတော်၏ဘဏ္ဍာငွေ ပိုမိုရရှိနိုင်သည့် မူဝါဒကို ပြန်လည်သုံးသပ်ပေးရန်နှင့်စပ်လျဉ်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းခြင်းဆောင်ရွက်ရာတွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အမှတ်(၂/၂ဝ၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉)ပါ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအရ ဆောင်ရွက်လျက်ရှိ သည့်အခါတွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းခြင်းကိစ္စရပ်များ ဆောင်ရွက်ရာမှာ သတ်မှတ် ထားသည့် တံဆိပ်ခေါင်းခွန်တန်ဖိုးနှင့် သတ်မှတ်ထားသည့် မှတ်ပုံတင်ခများကို နိုင်ငံတော် ဘဏ္ဍာ ငွေရရှိရေးအတွက် ကောက်ခံပေးသွင်းလျက်ရှိတာဖြစ်ပါကြောင်း။
လယ်ယာမြေဥပဒေအရ လယ်ယာမြေရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း စာချုပ်စာတမ်းမှတ်ပုံတင်ပေးခြင်းနှင့် တံဆိပ်ခေါင်းတန်ဖိုးရငွေများကိုလည်း နှစ် အလိုက် တင်ပြပါအတိုင်း ဖော်ပြထားရှိပါကြောင်း၊ စိုက်ပျိုးစရိတ်ရရှိရေးအတွက် အထူးစီမံချက် ချမှတ် ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် အတွင်းတွင် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများ တိုးမြှင့်ခဲ့သည့်အခါမှာ အကြောင်း အမျိုးမျိုး ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) အမည်ကွဲလွဲနေသည့် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ပုံစံ(၇) အမည်ပြောင်း လျှောက်ထား ဆဲဖြစ်ပါက ပုံစံ(၇) အမည်ပြောင်းလျှောက်လွှာ ပုံစံ(၉)ဖြင့်လည်းကောင်း၊ ပုံစံ(၇)အမည်ပေါက် ပြောင်းလဲဆောင်ရွက်နိုင်မှု မရှိပါက တစ်နှစ်အတွင်း ပုံစံ(၇) အမည်ပေါက် ပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းကတိဝန်ခံချက်လက်မှတ်ရေးထိုး၍လည်းကောင်း၊ချေးငွေ အဆင်ပြေစွာ ရရှိရေး ဖြေလျှော့ထားပြီးသား ဖြစ်ပါကြောင်း၊ အဆိုပါပုံစံ(၇)အမည်ပြောင်းရရှိရေးကိုလည်း မိမိတို့အနေဖြင့် တစ်ဖက်က ဆောင်ရွက်ပေး မည် ဖြစ်သကဲ့သို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်နှင့် ညှိနှိုင်း၍ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကိုလည်း ဆက်လက် ဖြေလျှော့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်၍ ပြန်လည်တင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာ ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်ခွဲပေါင်း ၁၅၆ ခုမှ ၂ဝ၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ် ထုတ်ချေးရာတွင် ၁၆-၇-၂ဝ၂၆ ရက်တွင် တောင်သူပေါင်း ၃၃၃,၁ဝ၁ ဦး၏ စိုက်ဧက ၂,၁၂၃,၄ဝဝ အတွက် ချေးငွေကျပ် ၆၂၅.၆၂၈ ဘီလီယံ ထုတ်ချေးခဲ့သည့်အထဲမှာ ပုံစံ(၇) အမည်ကွဲလွဲခဲ့သည့် တောင်သူ ၁၀,၀၀၀ ကျော်ပါဝင်ပြီး ချေးငွေ ၁၆.၈၈ ဘီလီယံ ထုတ်ချေးထားရှိ ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ် လုပ်ငန်း ဝန်ဆောင်မှုများပေါင်းစည်းပြီး လက်ရှိဘဏ်လုပ်ငန်းစနစ်များဆောင်ရွက်သည့် ဘဏ်အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရန် မြန်မာ့စီးပွားရေးဘဏ်က ငွေပင်ငွေရင်း ဘဏ်အဖြစ် လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေကြေးကိုယ်စားလှယ် ဘဏ်အဖြစ် လည်းကောင်း ဆောင်ရွက်လျက် ရှိသည်ကို သိရပါကြောင်း။
သို့ဖြစ်ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းနှင့်စပ်လျဉ်းပြီး တည်ဆဲ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပြီး လုပ်ပိုင်ခွင့်အမည်ပြောင်းလဲခြင်းကိစ္စနှင့်စပ်လျဉ်းသည့် တံဆိပ်ခေါင်းခွန် နှုန်းထား များ၊ စာချုပ်စာတမ်း နှုန်းထားများကို တင်ပြပါအတိုင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း နှင့် မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၄၆/၂၀၁၉) ဖြင့် ပြဋ္ဌာန်းချက် များအရ သတ်မှတ်ထားသည့် စာချုပ်စာတမ်း မှတ်ပုံတင်နှုန်း ထားများအတိုင်း ကောက်ခံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လယ်ယာမြေချေးငွေ နှင့်စပ်လျဉ်းပြီး အမွေဆက်ခံခြင်း၊ အဖိုးစားနားမပါဘဲ မေတ္တာဖြင့်ပေးကမ်းခြင်း၊ မိသားစုအတွင်းလွှဲပြောင်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဝင်ငွေခွန် စည်းကြပ်ကောက်ခံခြင်းမပြုဘဲ၊ ပိုမိုခိုင်မာစွာ ချုပ်ဆိုကြမည့် စာချုပ်စာတမ်းများအပေါ်တွင် တံဆိပ်ခေါင်းခွန် များကို ပေးသွင်းထမ်း ဆောင်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဒေါက်တာကျော်ဆွေ(တောင်တွင်းကြီးမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
အမွေဆက်ခံသည့်ကိစ္စတွင် အမွေဆက်ခံခွင့်လက်မှတ်ရရှိရေးဆိုသည့် ကန့်သတ်ချက်က မိမိ တို့တောင်သူများတွင် တော်တော်မလွယ်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ အမွေဆက်ခံခွင့်လက်မှတ်ကို ထုတ်ပေးနိုင်သည်မှာ ခရိုင်တရားရုံး သာ ဖြစ်ပါကြောင်း၊ မြို့နယ် တရားရုံးများက မထုတ်ပေး ပါကြောင်း၊ ခရိုင်တရားရုံးကိုသွားရန်အတွက် မြို့နယ်မှလူ၊ ရွာမှလူက မသွားတော့ဘဲ ရုံးရောက်သည်နှင့် ၎င်းတို့အတွက် အမှုတွဲဖွင့်ရမည်ဆိုသည့် စကားလုံးကို ပြည်သူက ကြောက်ကြ ကြောင်း၊ အမွေခွဲခြင်းတွင် မိဘ၊ မွေးချင်း၊ မောင်နှမအကုန်၊ ရပ်မိရပ်ဖမှ လူကြီးများ၊ ရွာဦးကျောင်း ဘုန်းကြီးများရှေ့တွင်ချုပ်သည့်စာချုပ်ဖြင့်အမွေခွဲဝေသည့်စာချုပ်ဖြင့်အမည်ပြောင်း လျှောက်ထား သည့် နေရာတွင် သုံးခွင့်ရမရ သိချင်ပါကြောင်း၊ နောက် အမွေဆက်ခံခွင့်တွင် မိမိတို့တောင်သူများ နာမည်ပြောင်းလျှောက်သည့်နေရာတွင် တံဆိပ်ခေါင်းခွန်၄ ရာခိုင်နှုန်းသည်လည်း အမှန်တကယ် များပါကြောင်း၊ မြေတန်ဖိုး၏ ၄ ရာခိုင်နှုန်းလို့တွက်လျှင် တော်တော် များသည့် ပမာဏ ဖြစ်ပါ ကြောင်း၊ အဆိုပါကိစ္စကိုလည်း ဖြေလျှော့ပေးနိုင်ရန် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း ဆိုလျှင် အပိုဆောင်း ၂ ရာခိုင်နှုန်းဆိုသည်မှာ ထပ်ထပ်တိုးသွားခြင်းဖြစ်ပါကြောင်း၊ ဒါကိုလည်းဖြေလျှော့ ပေးနိုင် မည်ဆိုလျှင် နာမည်ပြောင်းလျှောက်ထားသည့်သူများ ပိုများလာသကဲ့သို့ မြန်မာပြည်၏ မြေယာ မှတ်ပုံတင်စာရင်းတွေလည်း ပိုမိုတိကျပြည့်စုံလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဒါတွေကို ဖြည့်ဆည်းပေးနိုင်မှု ရှိ မရှိ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း
အမွေဆက်ခံခွင့်လက်မှတ်ရရှိရေးအခက်အခဲဆိုသည့် အခြေအနေကိုလည်း ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိတာဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသည့်အနေအထားသည် အမွေဆက်ခံ ခွင့်ရှိသည် ဆိုသည့်နေရာတွင် တချို့သောကိစ္စရပ်များသည် ရိုးရှင်းသည်ဟု ဖော်ပြထားပေးကြောင်း၊ နောက်ပိုင်းမှ မရိုးရှင်းမှု များဖြစ်ပေါ်လာသည့် ပြဿနာများလည်း တွေ့ကြုံရ သည့်အတွက်ကြောင့် ဥပဒေတွင် ပြဋ္ဌာန်းခဲ့သည့် လုပ်ငန်းများအတိုင်းသာ လက်ရှိဆောင်ရွက်နေရကြောင်း၊ ထို့အတွက် ကြောင့် အမွေဆက်ခံခွင့်တွင် ရိုးရှင်းသည့်လုပ်ငန်းတွေဆောင်ရွက်နိုင်ရန်၊ သက်ဆိုင်ရာ မောင်နှမ သား ချင်းများက သဘောတူညီချက်နှင့် ရပ်ကွက်မှာရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ ကိုယ်စားလှယ်များက စိစစ်ထောက်ခံပေးမည်ဆိုလျှင် အမွေဆက်ခံခွင့်နှင့်စပ်လျဉ်းပြီး ဆောင်ရွက် နိုင်ရန်လည်း စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေမှာပြဋ္ဌာန်းထားရှိ တာဖြစ်သည့် အတွက် ကြောင့် ဥပဒေပြင်ဆင်သည့်လုပ်ငန်းကနေတစ်ဆင့် ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များ ဖြစ်နေပါ ကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေများ ကို ကျော်လွှားနိုင်ရန်အတွက်လည်း အမိန့်၊ ညွှန်ကြားချက်များနှင့် ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေရေးရာလုံလောက်မှု ရှိ မရှိကို လည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဆက်စပ်၍ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးထံ ပြန်လည်ပြီး အကြောင်းကြားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊နောက်တစ်ခုက တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရသည့် ၂ ရာခိုင်နှုန်း၊ အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း ဆိုသည်မှာ တံဆိပ်ခေါင်းခွန်အက် ဥပဒေအရ ပြဋ္ဌာန်းချက်များအပေါ်တွင် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ် များဖြစ်သည့်အတွက် ကြောင့် ယခုဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်။