နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတတိယအကြိမ်ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့သို့လာရောက်လေ့လာသည့်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း(နေပြည်တော်)မှဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၉-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိပုဂ္ဂိုလ် Mr.Ross Farmery အား လက်ခံတွေ့ဆုံ
MY EN

(စ)-ဦးတင့်လွင်(လောင်းလုံးမဲဆန္ဒနယ်)

2026-10-09
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မေးခွန်း
ဦးတင့်လွင် (လောင်းလုံး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ထားဝယ်မြို့နယ်၊ ဒေသဆိုင်ရာရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း ခန့်ထား ပေးရန်နှင့် ဓာတ်ခွဲခန်းဝန်ထမ်းအင်အား သီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်၊ ဥစားကြက်၊ အသားစားကြက်၊ ဒေသကြက် စုစုပေါင်း ၉၁၈,၀၀၀ ကျော် မွေးမြူမည်ဖြစ်ပြီး နွားအနေဖြင့် ဒေသနွား၊ နို့စားနွား ၃၉,၀၀၀ ကျော် နှင့် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ဘဲ၊ ကြက်ဆင်၊ ဘဲငန်းတို့ကိုလည်း မွေးမြူရန်လျာထား ပါကြောင်း၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွဲ၊ နွား လည်ချောင်း ကွဲ၊ ကျွဲ၊ နွား ပေါင်ပုတ်၊ လက်ပုတ်၊ ကြက်လည်လိမ်၊ ကြက်ဝမ်းကျ၊ဝက်ဝမ်းကျ ရောဂါများ ကိုလည်း ကာကွယ်ဆေးထိုးရန်အတွက် လျာထားပြီး ကျွဲ၊ နွား ခွဲစိတ်ခြင်း၊ ကျွဲ၊ နွားရိုးရိုး၊ ဝက်ခွဲ စိတ်ခြင်း၊ ဝက်ရိုးရိုးနှင့် ကြက်နှင့်အခြားတိရစ္ဆာန်များကို ဆေးဝါးကုသရန် လျာထားပါကြောင်း၊ ထို့အပြင် မွေးမြူရေးတောင်သူများနှင့် မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများကို မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်း၊ တိရစ္ဆာန် ကူးစက်ရောဂါတားဆီးကာကွယ်ရေးသင်တန်း၊ တိရစ္ဆာန် အစာစပ်ပြုရေးသင်တန်း၊ တိရစ္ဆာန်အာဟာရ ဗေဒသင်တန်းများကိုလည်း ဖွင့်လှစ်ရန် လျာထားပါ ကြောင်း၊ ထားဝယ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရှိ ဒေသဆိုင်ရာရောဂါရှာဖွေရေး စမ်းသပ်ခန်း (Mini Lab) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဓာတ်ခွဲခန်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်ခွဲခန်းအကျယ် မှ (၃၀ x ၃၀ x ၁၁) ပေရှိပြီး သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်းအမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါဓာတ်ခွဲခန်းတွင် တိရစ္ဆာန်များကို ဆီး၊ ဝမ်း စစ်ဆေးပေးသည့် ဘတ်တီးရီးယားရောဂါပိုးကို ရှာဖွေပေးခြင်းနှင့် သန်ကောင်စစ်ဆေးခြင်း လုပ်ငန်း များ ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထားဝယ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  အဆိုပါဓာတ်ခွဲခန်းကို ကြီးကြပ်ပြီး ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းတစ်ဦးက တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် ထားဝယ် ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းသင်တန်းဆင်း အောင်လက်မှတ် ရမှသာ တာဝန်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ တိရစ္ဆာန်များ ဖြစ်ပွား သောရောဂါများကို အချိန်မီ ပိုမိုကြိုတင်စစ်ဆေးနိုင်ရန်နှင့် အဆိုပါဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းများ လိုအပ်လျက် ရှိပါကြောင်း ထို့ကြောင့် ထားဝယ်ဒေသဆိုင်ရာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (Mini Lab) တွင် ဓာတ်ခွဲ ကျွမ်းကျင်ဝန်ထမ်း ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ /မရှိ နှင့် ၎င်းဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းဝန်ထမ်းအင်အား သီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်း ရှိ /မရှိ တို့ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲထွန်းဝင်း က

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဦးစီးအရာရှိ (တိရစ္ဆာန်ဆေးကုဆရာဝန်)၊ ဒုတိယဦးစီးမှူး (မွေးမြူရေးပညာရှင်)၊ ဒုတိယ လက်ထောက်ကြီးကြပ်ရေးမှူး (မွေးမြူရေးဒီပလိုမာ) ရာထူးဝင်ပေါက်များဖြင့် ခန့်အပ်ခြင်း၊ အရာထမ်းအမှုထမ်းအဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်းများဆောင်ရွက်ရာတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ် လစ်လပ်ရာထူးနေရာများတွင် ခန့်ထားတာဝန်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း။

တနင်္သာရီတိုင်းဒေသကြီးတွင် ဝန်ထမ်းခန့်ထားမှုအခြေအနေမှာ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရေးအတွက် စစ်ဆေးရှာဖွေနိုင်ရန်အတွက် နေပြည်တော်၊ ကရင်ပြည်နယ် ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်များတွင် ရည်ညွှန်းဓာတ်ခွဲခန်း ၂ ခု၊ မီနီဓာတ်ခွဲခန်း ၅ ခု၊ ဒေသဆိုင်ရာဓာတ်ခွဲခန်း ၂ ခု၊ တိရစ္ဆာန်ရောဂါ ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေးဓာတ်ခွဲခန်း ၇ခု၊ခွာနာလျှာနာရောဂါရှာဖွေရေးခွဲခန်း ဇီဝလုံခြုံမှု အဆင့် ၂ ဓာတ်ခွဲခန်း ၁ ခု၊ တိရစ္ဆာန်အစာ အစားအစာနှင့် ဆေးဝါးအရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်း (Assay Lab) ၁ ခု တို့ကိုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းတွင် ဝန်ထမ်းများကို စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ် သင်ကြားပေးပြီး ကျွမ်းကျင်ဝန်ထမ်းများအဖြစ် မွေးထုတ်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ရှိ ဓာတ်ခွဲခန်းငယ် (Mini Laboratory) အဆင့်တွင် အသေကောင်ခွဲစိတ်ခြင်း၊ နမူနာအစာများကို အရောင်ဆိုးစစ်ဆေးခြင်း၊ ကပ်ပါးရောဂါစစ်ဆေးခြင်း၊ သွေးနှင့် ဇီဝဓာတုဗေဒစစ်ဆေးခြင်း၊ ဘက်တီးရီးယားပိုးများစစ်ဆေးခြင်း၊ နမူနာပစ္စည်းရယူပေးခြင်းနှင့် သွေးရည်ကြည် စစ်ဆေးခြင်း လုပ်ငန်းများကို ဓာတ်ခွဲခန်းအဆင့် သတ်မှတ်ခြင်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထားဝယ်ဓာတ်ခွဲခန်း အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များရှိ ဓာတ်ခွဲခန်းများတွင် ပြည်ထောင်စု ၏ ဖွဲ့စည်းပုံနှင့် ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်လျက် ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဓာတ်ခွဲခန်းတွင် ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး နှင့် အဆင့်တူ ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်း (၁) ဦး ခန့်ထားပြီးဖြစ်ပြီး လက်ရှိတွင်လုံလောက်မှုရှိသည့် အတွက် ဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားပေးရန်နှင့် သီးခြားဖွဲ့စည်းပုံပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားခဲ့ပါ သည်။