နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတတိယအကြိမ်ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့သို့လာရောက်လေ့လာသည့်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း(နေပြည်တော်)မှဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၉-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိပုဂ္ဂိုလ် Mr.Ross Farmery အား လက်ခံတွေ့ဆုံ
MY EN

(ဂ)-ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)

2026-10-09
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ခင်နီနီအောင် (ကော့ကရိတ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကော့ကရိတ်မြို့၊ ဥယျာဉ်ခြံမြေ ၃၈၅ ဧကအား မြို့ကွက်သစ်ဧရိယာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး အကျယ်အဝန်းမှာ ၆၈၈.၆၈၄ စတုရန်းမိုင် ကျယ်ဝန်းပါကြောင်း၊ အရှေ့မှအနောက်သို့ ၃၈ မိုင်ရှိပြီး တောင်မှမြောက်သို့ ၄၅ မိုင်ရှည်လျားပါကြောင်း၊ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ တို့ရှိပါကြောင်း၊ ကော့ကရိတ် မြို့သည် ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး ပေါ်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ကော့ကရိတ်မြို့ဧရိယာသည် ၅.၃၅ စတုရန်းမိုင်ရှိပြီး ကော့ကရိတ်မြို့ပေါ်တွင် ရပ်ကွက်(၇) ရပ်ကွက် ရှိပြီး အိမ်ခြေ ၆,၂၈၆ အိမ်၊ အိမ်ထောင်စု ၆,၄၂၄ စု၊ လူဦးရေ ၄၁, ၃၀၇ ဦး မှီတင်းနေထိုင်ကြပါကြောင်း၊ ထူးခြားချက်မှာ ကော့ကရိတ်မြို့တွင် နေထိုင်ကြသော ပြည်သူများ၏ ‌နေအိမ်မြေပိုင်ဆိုင်မှုမှာ ဥယျာဉ်ခြံမြေများဖြစ်နေသည်ကို သိရှိခဲ့ရပါကြောင်း၊ အဆိုပါနေအိမ်ဆောက်လုပ်နေထိုင်သူများမှာ လည်း နှစ်ပေါင်း ၁၀၀ ကျော်ကို ဘိုးဘွားလက်ထက်မှ လက်ဆင့်ကမ်းပြီး မှီတင်းနေထိုင်ကြသူများ လည်း ဖြစ်ပါကြောင်း။ 

ကော့ကရိတ်မြို့နယ်သည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များပြားလှသည့် နယ်မြေတစ်ခု လည်းဖြစ်ပါကြောင်း၊ ကော့ကရိတ်မြို့ကို အကြမ်းဖက်သောင်းကျန်းသူများက ၁.၁၂.၂၀၂၃ ရက်‌နေ့ တွင် မြို့အဝင်ကြာပန်းအဝိုင်းမှစပြီး အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် မြို့နေ ပြည်သူများ ယာယီနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါကြောင်း၊ ၂၇.၄.၂၀၂၄ ရက်နေ့တွင် ကော့ကရိတ် မြို့အား တပ်မတော်မှ နယ်မြေထိန်းသိမ်းနိုင်ခဲ့ပြီး ယာယီနေရပ် စွန့်ခွာပြည်သူများအား ကော့ကရိတ် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် အကြောင်းကြား ခဲ့ပါကြောင်း၊ တပ်မတော်နှင့် ဒေသ တာဝန်ရှိ သူများ၏ အကြောင်းကြားမှုကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြပါကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ ခြောက်လကြာ ကော့ကရိတ်မြို့တွင် ရက်စက်စွာအကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့တွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်မှ အိမ်ခြေ ၁,၅၅၄ လုံး မီးလောင်ဆုံးရှုံးပျက်စီးခဲ့ရပါကြောင်း၊၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာ သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စီမံချက်အတိုင်း မြေပြင်တွင် ကွင်းဆင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကော့ကရိတ်မြို့ရှိ မြို့ကွက်ဧရိယာမှာ ၄၅၅ ဧက ခန့်သာရှိပြီး ကျန် ၃၈၅ ဧကခန့်မှာ ဥယျာဉ်ခြံမြေအဖြစ်သာ တည်ရှိနေဆဲဖြစ်ပါကြောင်း၊ မီးလောင် ဆုံးရှုံးခဲ့ရသောနေအိမ်များ နေအိမ်ပြန်လည်ဆောက်လုပ်ခွင့်ပြုချိန်တွင် မြေပိုင်ဆိုင်မှုအထောက်အထား များကို စိစစ်ရာမှ မြို့နေပြည်သူအများစု၏ မြေပိုင်ဆိုင်မှုမှာ ဥယျာဉ်ခြံမြေများဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရပါကြောင်း။ 

သို့ဖြစ်ပါ၍ ဆုံးရှုံးနစ်နာရသောပြည်သူများနှင့် နှစ်ပေါင်းများစွာ အခက်အခဲကြားမှ နေထိုင် လာကြသော မြို့နေပြည်သူများ၏ မြို့ဧရိယာ ၄၅၅ ဧကခန့်မှ ဥယျာဉ်ခြံမြေ အဖြစ် ၃၈၅ ဧကမှာ မြို့ပေါ်ရပ်ကွက်အတွင်း တည်ရှိနေပါသဖြင့် ၎င်းဥယျာဉ်ခြံမြေ ၃၈၅ ဧကကို မြို့မြေဧရိယာအဖြစ် တိုင်းတာသတ်မှတ်ပေးပါရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

ကော့ကရိတ်မြို့နယ်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းမှာ တည်ရှိပြီး ကော့ကရိတ်မြို့ နှင့် ကျုံဒိုးမြို့ဟူ၍ မြို့နှစ်မြို့ပါဝင်ပြီး ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စုနှင့် ကျေးရွာ ၂၆၀ ရွာဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်(၇) ရပ်ကွက်တွင် မူလအိမ်ခြေ ၆,၂၈၆ အိမ်၊ အိမ်ထောင်စု ၆,၄၂၄ စု၊ လူဦးရေ ၄၁,၃၀၅ ဦး နေထိုင်လျက်ရှိပြီး မြို့တွင်းတိုက်ပွဲဖြစ်စဉ်များကြောင့် အများပြည်သူနေအိမ် ၁,၅၅၄ လုံးမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ ယခုအခါပြန်လည်ဝင်ရောက်နေထိုင်သည့် အိမ်ခြေစုစုပေါင်းမှာ  ၂,၉၂၁ စုနှင့် လူဦးရေ ၉,၃၉၁ ဦးသာရှိသည်ကို စိစစ်တွေ့ရှိရပါကြေင်း။ 

          ကော့ကရိတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်(၇) ရပ်ကွက်သည် ဧရိယာအကျယ်အဝန်း ၈၄၀ ဧက ကျယ်ဝန်းပြီး မြို့မြေဧရိယာ ၄၅၃ ဧကနှင့် ဥယျာဉ်ခြံမြေဧရိယာ ၃၈၅ ဧကရှိပြီး ဥယျာဉ်ခြံ မြေဧရိယာ ၃၈၅ ဧကတွင် နေအိမ်များ ဆောက်လုပ်နေထိုင်လျက်ရှိပြီး ရပ်ကွက်အလိုက် ဆောက်လုပ်နေထိုင်မှုအခြေအနေမှာ အမှတ်(၁)ရပ်ကွက်တွင် ၅၈ ဧက၊ အမှတ်(၂)ရပ်ကွက်တွင် ၃၁ ဧက၊ အမှတ်(၃) ရပ်ကွက်တွင် ၁၅ ဧက၊ အမှတ်(၄)ရပ်ကွက်တွင် ၃၁ ဧက၊ အမှတ်(၅)ရပ်ကွက် တွင် ၈၈ ဧက၊ အမှတ်(၆)ရပ်ကွက်တွင် ၅၃ ဧကနှင့် အမှတ်(၇)ရပ်ကွက်တွင် ၁၀၉ ဧကဖြစ်သည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ အဆိုပါဥယျာဉ်ခြံမြေ ၃၈၅ ဧကအား ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၀(ခ) အရ လယ်မြေမှတပါး လယ်ယာမြေကို တခြားနည်းအသုံးပြုနိုင်ရေးအတွက် ၎င်းရပ်ကွက်များ တွင်နေထိုင်သော ပြည်သူများကလည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လည်းကောင်း လျှောက်ထားလာပါက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်ပေးသွား ရမည် ဖြစ်ပါ ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ခွင့်ပြုသည့် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(ဂ)နှင့် (ဃ)ပါ ပြဋ္ဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) များနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများခန့်အပ်ပြီး မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဖြစ်သည့် ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး  မြို့မြေပိုင်ဆိုင်မှု စာရင်း ကောက်ယူပြီး မြို့ကွက်မြေပုံအဖြစ် အသုံးပြုခွင့်ရရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။ 

          သို့ဖြစ်ပါ၍ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် မီးလောင်ဆုံးရှုံးခဲ့ရသော ဒေသခံပြည်သူများ နေအိမ်များဆောက်လုပ်ရန်၊ မူလပိုင်ဆိုင်သော မြေအမျိုးအစားများမှာ ဥယျာဉ်ခြံ မြေများဖြစ်သည့်  ဧရိယာ ၃၈၅ ဧကအား မြို့ကွက်သစ်ဧရိယာအဖြစ် တိုင်းတာသတ်မှတ်ပေးနိုင်ရန် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ(ခ)အရ ကရင်ပြည်နယ်အစိုးရအဖွဲ့က လယ်ယာမြေ ကို တခြားနည်းအသုံးပြုနိုင်ရေး၊ ခွင့်ပြုမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါ ကြောင်း၊ လယ်ယာမြေ တခြားနည်းအသုံးပြုခွင့်ရရှိမည်ဆိုလျှင် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာ ပိုင်းခြား သတ်မှတ်ရေးဥပဒေနှင့်အညီ မြို့မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှာ လျာထားပြီး ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။